Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ခွင့်လွှတ်တယ်ဆိုတာ

Posted by thawzin Tuesday, September 28, 2010 1 comments




သည်းခံခြင်းဟာ မြတ်သောမင်္ဂလာတစ်ပါး ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားတော် မူခဲ့ပါတယ်။
ခန္တီ သည်းခံခြင်းဆိုတာ လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့သတ္တိကိုခေါ်တာပါ။ မြတ်စွာဘုရားဟာ ခန္တီပါရမီ ကိုဖြည့်ကျင့်ရာမှာ သူ့အပေါ် ညှင်းပန်းနှိပ်စက်လာတဲ့ မည်သူ့ကိုမဆို သည်းခံရုံသည်းခံခဲ့တာ မဟုတ်ပါဘူး။ သတ္တ၀ါတွေအပေါ် မေတ္တာလွှမ်းခြုံပြီး ဘာအာဃာတ မှ မထားပဲ ခွင့်လွှတ်တော်မူခဲ့တာပါ။ ခွင့်လွှတ်တယ်ဆိုတာ သဘောထားသေးသိမ်တဲ့ လူသာမန်တွေ မလုပ်နိုင်တဲ့အလုပ်တစ်ခုပါ။ သဘောထားကြီးတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေ သူတော်ကောင်းစိတ်ရှိသူတို့သာ ပြုလုပ်နိုင်တဲ့ အလုပ်ပါ။ လူတော်တော်များများဟာ တစ်ချို့ကိစ္စတွေမှာ သည်းခံမှုတော့ ကောင်းကြပါတယ်။ ဒါပေမယ့် သည်းခံခြင်းရဲ့နောက်ကွယ်က ခွင့်လွှတ်ခြင်းကိုတော့ လွယ်လွယ်နဲ့ မလုပ် ဆောင်နိုင်ကြပါဘူး။အဲဒါကလဲ ခွင့်လွှတ်ခြင်းဆိုတာကို သေချာနားလည် သဘောပေါက်မှု မရှိကြလို့ပါ။

လူ တော်တော်များများမှာ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်မှု၊ စိတ်အခဲမကြေမှုတွေ ကိုယ်ဆီ ရှိခဲ့ကြမှာပါ။ရှိနေကြမှာပါ။ အဲလို စိတ်ဒုက္ခရောက်မှု တော်တော်များများက ဘယ်သူတွေဆီက ရလာတာလဲဆိုတော့ ကိုယ်နဲ့ရင်းနှီး ပတ်သက်ချစ်ခင် တဲ့သူတွေ ဆီက အများဆုံးရခဲ့ကြတာ ဆိုတာမလွဲပါဘူး။ ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေဆီက စိတ်ဆင်းရဲမှု ရတယ်ဆိုတာ နည်းပါတယ်။ ကိုယ်နဲ့ပိုရင်းနှီးလေ ပိုပတ်သက်လေ ကိုယ့်ကို စိတ်ဒုက္ခပိုပေးနိုင်လေပါ။ အဲဒီလို စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ မကျေနပ်တာလေးတွေရှိနေခဲ့လို့ပါ။ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ကိုယ့်ဘက်ရော သူ့ဘက်ပါ မှားတာရှိရပါမယ်။ အဲဒါကိုအမှန်တိုင်း သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မှန်တယ်လို့ပဲထင်နေရင် သူများပဲမှားနေတယ်လို့ တွေးမိနေမှာပါ၊ ကိုယ်ပဲမှားနေတယ်လို့ ထင်နေပြန်ရင်လဲ မဟုတ်သေးပါဘူး။ နှစ်ခုလုံးဟာမကောင်းပါဘူး။ တကယ်လေးနက်တဲ့ အသိအမြင်ကို မပေးနိုင်ပါဘူး။ ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို ခွင့်လွှတ်ရုံနဲ့လဲ မရသေးပါဘူး၊ မပြည့်စုံသေးပါဘူး။ မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံပါတယ်။ အဲဒါကိုအလေးနက် သတိပြုမိဖို့လိုပါတယ်။

အရင်ဆုံး ကိုယ်မကျေနပ်ခဲ့တဲ့သူတွေ၊ ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့တဲ့သူတွေကို ပြန်စဉ်းစားကြည့်ရင် ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်တဲ့ မိဘ၊ညီအစ်ကို၊မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဇနီး၊ခင်ပွန်း၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ တွေကို သတိရမိကြမှာပါ။ ဘာလို့သူတို့နဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲ မှုတွေ ဖြစ်ရသလဲဆိုတော့ ကိုယ်ကသူတို့အပေါ် မျှော်လင့်ထားတာကတစ်မျိုး၊ သူတို့ကလဲ ကိုယ့်အပေါ် မျှော်လင့်ထား တာတစ်မျိုး ဖြစ်နေကြတော့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြ စိတ်ဆိုးမိတတ်ကြလို့ပါပဲ။ ပြီးတော့ သူတို့ကကိုယ်နဲ့ရင်းနှီး ပတ်သက်ကြတဲ့ သူတွေဆိုတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို အများအားဖြင့်သိကြတယ်။ အဲဒါကြောင့်လဲ သူတို့က ကိုယ့်ကိုပြင်းပြင်းထန်ထန် အပြစ်တင်ရင်၊ နာအောင်ပြောရင် ပိုပြီးခံစားရပါတယ်။ စိတ်ထိခိုက်ရပါတယ်။ ချစ်တဲ့ သူကနာအောင်ပြောရင် ပိုနာတတ်ကြပါတယ်။ ဒီထက်ပိုတာက သူတို့က ကိုယ့်ကိုနာအောင် ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ မမျှော်လင့်တာဖြစ်လာတော့ ပိုပြီး ယူကျုံးမရ စိတ်နာသွားတာတွေ ဖြစ်ရတာပါ။နောက်ဆုံး ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကလဲ ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

ကိုယ့်ကို စိတ်ဆင်းရဲ၊ စိတ်ထိခိုက်အောင် ဖြစ်စေတဲ့အချက်တွေကို စဉ်းစားကြည့်မိရင် ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့၊ သူ့ဘက်က ကတိမတည်လို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကို နေရာမပေး အသိအမှတ်မပြု မဆက်ဆံတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမှာ မဖိတ်ပဲ မေ့ထားခြင်းခံရတာတွေ၊ ချစ်ခင်သူက စွန့်ပစ်ခြင်းခံရတာ၊ လှောင်တာ၊ ပြောင်တာ၊ သရော်တာ ခံရခြင်းတွေ၊ မိမိဂုဏ်သိက္ခာ ကျသွားအောင်ပြောခြင်းခံရတာ၊ အထင်သေးအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ၊ သစ္စာဖောက်ခြင်းခံရတာ၊ လှည့်စားခံရတာ၊ ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ ခံရတာတွေ၊ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ နှိမ့်ချပြောဆိုခြင်း ခံရတာတွေဟာ ကိုယ့်ကို စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ နဲ့ စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေလို့ အကြမ်းဖျဉ်း စဉ်းစားကြည့်လို့ ရပါတယ်။

ခွင့်လွှတ်ခြင်း ဆိုတာဘာလဲသိဖို့ ခွင့်လွှတ်ခြင်းမဟုတ်တာတွေ အရင်သိဖို့လိုမယ်ထင်ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ မေ့လိုက်တာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ ခံခဲ့ရတာတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ တာတွေကို မေ့လိုက်တာ မဟုတ်ပါဘူး။ အဲဒီလို တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေ အားလုံးဟာ ကိုယ့်အတွက် သင်ခန်းစာ ယူစရာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို မေ့လိုက်ဖို့မသင့်ပါဘူး။ အဲဒါတွေကို နားလည်ဖို့ ကြိုးစားရပါမယ်။ အဲဒါမှလဲ နောင်အခါ အဲလိုမျိုး ထပ်ပြီးတော့ မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရပါမယ်။ ကိုယ့်ကို သူများက အဲဒီလိုလုပ်ခဲ့တုန်းက ကိုယ်ဘယ်လောက်ခံစားရတယ်ဆိုတာ သိပြီးတော့ ကိုယ်ချင်းစာပြီး “ငါ သူများကို အဲဒီလို မလုပ်ဘူး” ဆိုတဲ့ စိတ်ထားကို မွေးရပါမယ်။ ကိုယ်ခံရသလို သူများကို ပြန်လုပ်မိတာတွေ ရှိတတ်ပါတယ်။ ပြန် ဂလဲ့စားခြေတာပေါ့။ အဲဒါ အင်မတန် မှားပါတယ်။ ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊ သူများကို တစ်နည်းနည်းနဲ့ နိုင်ရတာကို အရသာတွေ့တတ်ကြတယ်။ ဥာဏ်ပညာ ကြီးတဲ့သူ၊ သဘောထား ကြီးတဲ့သူဟာ အနိုင်၊အရှုံးမရှိ တာကိုပဲ နှစ်သက်တတ်ပါတယ်။

ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့ တွက်လိုက်တာမဟုတ်ပါဘူး။ မမှားပါဘူး ကောင်းပါတယ်လို့ ပြောတာမဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့ တွက်တာမဟုတ်ပါဘူး။ ကိုယ်က သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ကိုယ်ဆင်းရဲအောင် လုပ်မိတဲ့အခါမှာ ငါက အလကားစ တာပါကွာ။ ငါက တကယ်ရည်ရွယ်တာ မဟုတ်ပါဘူးဆိုပြီးတော့ တစ်ချို့က လျှောချတတ်ပါတယ်။ တစ်ခါတလေမှာလဲ တစ်ချို့က စေတနာကောင်းလေးနဲ့ လုပ်တာ မှန်ပေမယ့် လုပ်နည်းမကျတော့ သူတစ်ပါးမှာ ထိခိုက်နစ်နာရတာတွေ ရှိပါတယ်။ လုပ်တာမဟုတ်တာနဲ့ မဟုတ်တာလုပ်တာဟာ အပြစ်ချင်းတူတတ်ပါတယ် လို့ ဆရာတော်အရှင်ဆေကိန္ဒ က ဆုံးမထားတာ ကိုသတိရမိပါတယ်။ ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်း နေတာ၊ သူ့ကို ပြန်ပြီးဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က လွှတ်လိုက်တာ၊ လျှော့လိုက်တာပါ။ ဒါပေမယ့် ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်ပါတယ်။ စိတ်နေသဘောထား မြင့်မားလာနိုင်ပါတယ်။ ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့သူကို ချစ်နေရမယ်လို့လည်း မဆိုလိုပါဘူး။ ခွင့်လွှတ်လို့ရတယ်၊ ချစ်လို့မရတာတွေ ရှိပါတယ်။

ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ၊ ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု၊ ပူဆွေးမှု၊ သောက၊ ဒေါမနဿ၊ မခံချင်စိတ်၊ လက်စားချေချင်စိတ်တွေ ကိုသက်သာမှုရအောင် လုပ်လိုက်တာပါ။ ကိုယ့်စိတ်ကို အနှောင်အဖွဲ့က လွှတ်လိုက်တာပါ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ မကျေမနပ်ဖြစ်နေရတာ၊ လက်စားချေမယ်လို့ တွေးနေရတာတွေဟာ ကိုယ့်လုပ်သင့်တဲ့၊ ကိုယ့်အတွက် အကျိုးရှိ မယ့် ကိစ္စတွေမှာ တွေးချိန်၊လုပ်ချိန် မရစေပါဘူး။ အဲဒါကြောင့် ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှု ပေးလိုက်တာပါ၊ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပါပဲ။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် အားလုံးကို ခွင့်လွှတ်သင့်ပါတယ်။ သူတို့ကိုခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရမှာပါ။ ခွင့်လွှတ်လိုက်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီး မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာ မဟုတ်ပါဘူး။ သူက လူဆိုး၊ သူက မတရားတာကို လုပ်တာ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပါတယ်ဆိုပြီးတော့ မာနစိတ်နဲ့ ခွင့်လွှတ်လို့ မရပါဘူး။ မာနကြီးသူဟာ ခွင့်မလွှတ်နိုင်ပါဘူး။ အပြစ်တင် ပြီးမှ ခွင့်လွှတ်တယ်ဆိုတာလည်း ခွင့်လွှတ်တာမဟုတ်သေးပါဘူး။ အနိုင်ယူတာပါပဲ။ ကိုယ်က ခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့အကုသိုလ်ကို ပျောက်အောင်လုပ်လိုက်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာ ကိုပဲ ပျောက်အောင်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ပါဘူး။

ခွင့်လွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းတစ်မျိုးလဲ မဟုတ်ပါဘူး။ တစ်ချို့က ခွင့်လွှတ်လိုက်ရတာကို အနစ်နာ ခံလိုက်ရတယ်လို့ အဓိပ္ပါယ်ကောက် မှားတတ်ကြပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူ မြင်ကောင်း၊ကြားကောင်း အောင် လုပ်တဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ တကယ်လွတ်လပ်မှု ရသွားအောင်၊ တကယ်ငြိမ်းချမ်းသွား အောင် လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ အတင်းအကျပ် ခွင့်လွှတ်ခိုင်းလို့မရပါဘူး။ ကိုယ်ခွင့်မလွှတ် နိုင်သေးရင် ကိုယ့်စိတ်ပင်ပန်းနေတယ် ဆိုတာ သိနေပါတယ်။ ပင်ပန်းတဲ့စိတ်နဲ့ ဘာကိုကြည့်ကြည့် အကောင်းမမြင်နိုင်တော့ပါဘူး။ ဒါကြောင့် ခွင့်မလွှတ်နိုင်တဲ့သူ တော်တော်များများဟာ အဆိုးမြင်ဝါဒီတွေ ဖြစ်တတ်ကြပါတယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကောင်းလေးတွေ တိုးပွားလာအောင် လုပ်ရတဲ့အလုပ်ပါ။ ခွင့်မလွှတ်နိုင်တဲ့သူဟာ စိတ်ဆိုးတွေမွေးထားမှတော့ ဘယ်တရားမှ အားထုတ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာကလဲ တရားအားထုတ်တာပါပဲ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာတော် အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နောက်ဆုံးက မကောင်းမှုရှောင်၊ကောင်းမှူဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတာက အဓိကပါပဲ။ ခွင့်လွှတ်တယ်ဆိုတာ မကောင်းတဲ့ ဒေါသ၊အာဃာတ၊မာန၊ အငြိုးအတေးတွေကို ပယ်စွန့်ပြီး၊ ကောင်းတဲ့ မေတ္တာတရား၊ခန္တီတရားတွေ တိုးပွားစေပြီး၊ ကောင်းမွန်သန့်ရှင်းဖြူစင်တဲ့ စိတ်ဓါတ်ကောင်းတွေဖြစ်စေ တာမို့ ခွင့်လွှတ်တယ်ဆိုတာ မြတ်စွာဘုရားအလိုရှိတဲ့ တရားအားထုတ်နည်း တစ်မျိုးပါလို့ ပြောရတာပါ။

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး၊ မကျေအေးနိုင်ဘူး ဖြစ်နေတယ်ဆိုရင် ခဏလောက် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်စိတ်မှာ သူ့ကိုခွင့်မလွှတ်နိုင်လို့ ဘာတွေဖြစ်နေလဲ၊ ဘာတွေရနေလဲဆိုတာ ကြည့်လိုက်ပါ။ အဲလို ဖြစ်နေ၊ ရနေတာတွေကို ကိုယ်ကိုယ်တိုင် ကျေနပ်စရာတွေ၊ ကိုယ်လိုချင်တဲ့ ဟာတွေ ဖြစ်နေရဲ့လား။ ခွင့်မလွှတ်နိုင်တာဟာ တော်တော်ကိုရှုံးပါတယ်။ ကိုယ်မလိုချင်၊ မကြိုက်တဲ့ ဟာတွေလဲ ရနေရတယ်။ ကိုယ်လဲ တင်းကျပ်ပင်ပန်းနေတယ်။ အဲလို ကိုယ်ဖြစ်နေတာတွေကို သူကလဲ သိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်မလွှတ်ပဲ နေတဲ့အတွက် ငါ ဘာရနေသလဲ ဆိုတာ တွေးဖို့မမေ့လိုက်ပါနဲ့။ ခွင့်လွှတ်ခြင်းဟာ စွမ်းအားတစ်မျိုးပါ။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်နဲ့ အသိဥာဏ်ကြီးမားသူတို့ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ် အင်အားနည်းသေးတဲ့ သူတို့ရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ဘ၀မှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာ၊ လိုချင်တာတွေ ရသင့်တာတွေ မရခဲ့တာကို အကြောင်းပြချက်အနေနဲ့ သူများကို အပြစ်တင်နေဖို့ မလိုတော့ဘူးလို့ သိလိုက်တာ၊နားလည် လိုက်တာပါပဲ။ ခွင့်လွှတ်လိုက်ရင် စိတ်ထဲမှာ ပေါ့သွားတယ်၊ ရှင်းသွားတယ်၊ ကြည်သွားတယ်၊ အေးချမ်း သွားတယ်၊ စိတ်ထားနူးညံ့သွားပါတယ်။ အဲလို စိတ်ချမ်းသာသွားတာဟာ မျက်နှာမှာပါ ပေါ်လာပါတယ်။ မျက်နှာ ကြည်လင် အေးချမ်းပြီး ကြည့်သူမြင်သူတိုင်းက နူးညံ့၊ ငြိမ်းချမ်းတဲ့ ချစ်ခင်စရာ မျက်နှာအဖြစ် မြင်လာကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့ အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက ကြည့်လို့ကောင်းနေတယ်။လှပသာယာနေပါတယ်။ အဓိပ္ပါယ်ရှိပြီး ပြည့်စုံနေပါတယ်။ ခွင့်မလွှတ်နိုင်သူမှာတော့ သူ့မျက်စိ ဖွင့်ထားပေမယ့် သူမမြင်နိုင်ပါဘူး။ သူ့နားထဲ အသံတွေ ၀င်ရောက် လာပေမယ့် သူအာရုံ မပြုနိုင်ပါဘူး။ တန်ဖိုးလဲ မထားနိုင်ပါဘူး။ သူတစ်ယောက်ထဲ နာကြည်းစိတ်တွေနဲ့ ထောင်ထဲ ကျခံနေသလို ဖြစ်နေပါတယ်။

တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဖူးတဲ့သူဟာ မရှိပါဘူး။ ဘုရားအလောင်းတော်တွေတောင်မှ အကြီးအကျယ်မှားခဲ့တာတွေ ရှိခဲ့ပါတယ်။ သူများကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ လူဆိုတာ မှားတတ်ပါတယ်။ မှားတတ်တဲ့ လူတွေထဲမှာ ကိုယ်လဲ အပါအ၀င်ပါပဲ။ အဲဒီလိုပဲ လူတိုင်းမှာ မြင့်မြတ်တဲ့စိတ် အနည်းနဲ့အများ ရှိကြပါတယ်။ လူတိုင်းမှာ ခွင့်လွှတ်နိုင်တဲ့စိတ် ရှိကြပါတယ်။ တစ်ချို့လဲ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဘ၀မှာ ကိုယ်က လူကောင်းသူကောင်း ဖြစ်နေပေမယ့် အရင့်အရင် မကောင်းခဲ့တာတွေ ရှိခဲ့မှာပါပဲ။ နောက်နောင်ဘ၀တွေမှာလဲ အမြဲ တမ်း ကောင်းနေနိုင်ပါတယ်လို့ မပြောနိုင်သေးပါဘူး။ အဲဒါကြောင့် မာနကြီး လို့မဖြစ်ပါဘူး။ ငါပဲမှန်တယ်၊ သူမှားတယ်လို့ အမြဲ သဘောထားလို့ မဖြစ်နိုင်ပါဘူး။ သူမှားသလို ကိုယ်လဲမှားနိုင်ပါသေးတယ်။ အဲဒီလို ငါမှငါ ဆိုတဲ့ မာန်ကိုချပြီး ခွင့်လွှတ်နိုင်ရင် ကိုယ်စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ ဒဏ်ရာဟာ ကျက်လွယ်နိုင်ပါတယ်။ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အင်မတန် နက်နဲပါတယ်။

လူ တော်တော်များများရဲ့ စိတ်ဆင်းရဲမှုတွေဟာ တကယ်ခွင့်မလွှတ်နိုင်လို့ ဖြစ်ရတာပါ။ ခွင့်လွှတ်နိုင်ရင် ကိုယ့်စိတ်မှာ အေးချမ်းသွားမယ်ဆိုတာ သိရဲ့နဲ့ ခွင့်မလွှတ်ချင်တဲ့ စိတ်ကြောင့် မကျေနပ်မှုဆိုတဲ့ မီးတောက်ကို ပိုကြီးအောင် လောင်စာထည့်ပြီး လေမှုတ်ပေးနေသလို ဖြစ်နေတတ်ပါတယ်။ ခွင့်မလွှတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ ဒုက္ခကို လိုချင်လည်းရတယ်၊ မလိုချင်လည်း ရပါတယ်။ ကိုယ့်အပေါ်မှာ ပဲမူတည်ပါတယ်။ စိတ်ဓါတ်နဲ့ အသိဥာဏ် ရင့်ကျက်တဲ့သူတွေ အဖို့တော့ မလိုချင်ရင် လက်လွှတ် လိုက်ရုံပါပဲ။ မီးခဲကိုင်မိလို့ ပူမှန်းသိရင် မပူချင်ရင် လွှတ်ချလိုက်ပါ။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုး၊ အဖြစ်ပျက်တိုင်းမှာ အကြောင်း၊ အကျိုးရှိပုံ၊ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘောသဘာဝတွေ စသဖြင့် ဓမ္မသဘောတရား တွေကို နက်နက်နဲနဲ သိသွားပြီဆိုရင်လည်း ဘယ်သူ့ကိုမှ အပြစ်မယူချင်တော့ပါဘူး။ အပြစ်မတင်ချင်တော့ပါဘူး။ ခွင့်လွှတ်တယ် ဆိုတာ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာပါ။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ပါဘူး။ ခွင့်လွှတ်စရာ မလိုတော့တဲ့စိတ်မျိုး ပိုင်ဆိုင်နိုင်ရင် ဘယ်လောက်ထိ အေးချမ်းလွတ်လပ် မလဲဆိုတာ ခံစားကြည့် သိနိုင်ပါတယ်။ ကြိုးစားပြီး ခွင့်လွှတ်နေရတာ သိပ်တော့ မလွယ်လှပါဘူး။ အတင်းအကျပ်လဲ လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ ခွင့်မလွှတ်နိုင်သေးရင်လည်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ အဆိုး တွေ ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းတာကိုပဲ ဆက်လုပ်ရပါတယ်။ ကိုယ့်ဘ၀မှာ အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်၊ အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ ထောင်ကျမနေဖို့ လိုပါတယ်။

ခွင့်လွှတ်ခြင်းဟာ ပျော့ညံ့တဲ့လက္ခဏာ မဟုတ်ပါဘူး။ စိတ်ဓါတ်အင်အား၊ အသိဥာဏ်အင်အားကြီးလို့၊ သတ္တိရှိလို့၊ သဘောထားကြီးလို့ ခွင့်လွှတ်နိုင်တာပါ။ သူများကြောင့် ကိုယ့်မှာဒုက္ခဖြစ်ခဲ့ရလို့ ခွင့်လွှတ်ရတာ လွယ်ပါသေးတယ်။ ကိုယ်ကြောင့်လဲ သူများမှာ ဒုက္ခဖြစ်ခဲ့တာတွေ ရှိခဲ့မှာပါ။ ရည်ရွယ်လို့ဖြစ်စေ၊ မရည်ရွယ်လို့ဖြစ်စေ၊ စေတနာကောင်းပြီး လုပ်ရပ် မမှန်လို့ဖြစ်စေ ကိုယ့်ကြောင့် တစ်နည်းနည်းနဲ့ သူ့မှာ နစ်နာသွားရတာ၊ စိတ်ဒုက္ခဖြစ်ခဲ့ရတာတွေ ရှိမှာပါပဲ။ အဲဒီလို ကိုယ့်ကြောင့် သူများထိခိုက် နစ်နာသွားရပြီးမှ ကိုယ့်ကိုခွင့်လွှတ်ပါလို့ သူ့ကို ပြောရမှာ တော်တော်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မာန ခံနေလို့ပါပဲ။ မာနဆိုတာကလဲ အနာဂါမ် ဖြစ်တဲ့ထိတောင် ဒုက္ခပေးတုန်းဆိုတော့ သူ့ကိုပယ်ဖို့ တော်တော်ခက်ပါတယ်။ အရင်ဆုံး ပယ်ဖို့ထက် သိနေဖို့က ပိုအရေးကြီးပါတယ်။အပြီးပြတ်မပယ်နိုင်သေးပေမယ့် နိုင်သလောက်တော့ သူ့ကို ချထားမှ သင့်တော်မှာပါ။ အဲဒါကြောင့် မာနကိုရသလောက် ချထားပြီး ကိုယ့်ကို ခွင့်လွှတ်ဖို့ ပြောနိုင်အောင်၊ သူများကို တောင်းပန် နိုင်အောင် ကြိုးစားစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကြောင့် သူများနစ်နာသွားနိုင်မယ့်၊ ထိခိုက်သွားနိုင်မယ့် အပြုအမူ၊အပြောအဆို တွေ ရှောင်ကြဉ် သတိထားသွားဖို့ပါပဲ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားအမှန်ကို တို့လူသားတွေ သေချာသိရှိပြီး၊ လိုက်နာကျင့်သုံးနိုင်ကြရင် လူ့လောက လူ့ပတ်ကျင် မှာ ဆွေမျိုးအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ လူသားအချင်းချင်း၊ သတ္တ၀ါအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ဘာအငြိုးတေး အာဃာတ မှ မထားကြပဲ ခွင့်လွှတ်သည်းခံ ချစ်ခင်လာနိုင်ကြမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကြီး တစ်ခုလုံးသာမက လောကတစ်ခွင်လုံးမှာပါ သာယာအေးချမ်းမှုတွေ ပြည့်စုံပြီး၊ ငြိမ်းချမ်းရေး အရသာတွေ ခံစားနေရမှာ မလွဲပါဘူး ခင်ဗျာ။

(ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)၏ ခွင့်လွှတ်ပါတယ် တရားတော်ကို မှီငြမ်းကိုးကားပါသည်။)

စစ်မာန်


ဤဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ကြုံရပါသည် ထိုသဘော

Posted by thawzin Tuesday, September 21, 2010 2 comments



ဤနေ့သည် ထူးထူးခြားခြားမရှိသော နေ့ဖြစ်နေသည်။ သာမန် သူလို ကိုယ်လိုပဲ အသက်ရှုခွင့်ရနေသေးသည်။ အိပ်ယာကထ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ၀င်လိုက်သည်နှင့် တနေ့တာအလုပ်များရဲ့ အဦးဆုံ အလုပ်တစ်ခု ထလုပ်နေမိသည်။ နံနက်စာ စားအုံးမည်။ ပြီးလျှင် မိမိရဲ့ စာဝတ်နေရေး အတွက် အဆင်ပြေအောင် အလုပ်ရှိရာသို့ သွားရပေအုံးမည်။ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်အတွက် မိမိနေတဲ့အခန်းမှာ အဆင်မပြေရာဟူ၍ မရှိသလောက်ဖြစ်နေသည်။

အလုပ်ရုံရဲ့ စက်ယန္တရားလည်ပတ်နေသော ဆူညံသံများက သူ့ထက်ငါ ဦးစွာကြိုဆိုနေသည့်အလား။ ရုံးက ကောင်လေးတစ်ယောက် လက်စွဲအိပ် လာသယ်လို့ ပေးလိုက်ရင်း တစ်ညတာ ခွဲခွါလာခဲ့တဲ့ စက်ရုံကြီး ပြောင်းလဲမှုကို ကျီးကန်းတောင်းမှောက် လိုက်ရှာမိပြန်သည်။ စက်ရဲ့ ဆူညံသံနှင့်အတူ မိန်းကလေးတချို့၏ ဆူညံပွက်လောရိုက်စွာ ဟေးလားဝါးလား ပြောဆိုနေသံက ဒုတိအကြိမ် ဆီးကြိုနေပြန်သည်။ နေ့တိုင်းလိုလို ကြားနေရသည့် ဤအသံများကိုလဲ ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင် မိမိရုံးခန်းကိုပဲ တိုက်ရိုက်ဝင်နေလိုက်မိသည်။

အချိန်တွေ ဘယ်လိုကုန်သွားသည် မသိ။ နေ့လည်ထမင်းစားဖို့ အချက်ပြသံတွေကြားပြီးနောက် မိန်ကလေး သုံးယောက် ရုံးခန်းထဲဝင်လာသည်။ သူတို့လက်ထဲတွင် နေ့လည် ထမင်းစားနိုင်ရန် ဟင်းခွက်ကိုယ်စီဖြင့် ဟန်ဆောင်နေသော အပြုံး၊ အားကိုးတကြီး မျှော်လင့်ချက်ကြီးစွာသော သိမ်ငယ်မှုအောက်က ဟန်ဆောင်အပြုံး၊ လိုချင်သောအရာတစ်ခုအတွက် ရင်းနှီးသော အပြုံး၊ ထိုထိုသော အပြုံးကိုယ်စီကို လျှပ်တပျက် မှတ်တမဲ့ သုံးသပ်ချက်ချလိုက်မိသည်။ သေချာတာကတော့ သူတို့အပြုံးတွေထဲမှာ စေတနာနဲ့ ပြုံးသော အပြုံးမမြင်ရခြင်းပင်။

၁၅မိနစ်လောက်သာမျှ စားသောက်ပြီးသွားတဲ့အခါ ကိုယ်စီဒုက္ခတွေ တင်ပြ၊ လိုအပ်ချက်တွေကူညီတောင်း၊ အသီးသီးပြန်လည် ထွက်ခွါသွားကြသည်။ ရုံးချုပ် မိမိစက်ရုံ၏ လက်ခွဲရုံးတွေရဲ့ တနေ့တာအဆင်မပြေမှုအတွက် ပြစ်တင်ကဲရဲ့အသံ၊ ထို့နောက် လက်ခွဲရုံး၏ အသနားခံသူကခံ၊ စသည့် ပြဿနာပေါင်းများစွာကို ပြုပြီးသည့်နောက်၊ သူတို့၏ မျက်နှာများတွင် မကျေနပ်သော အကြည့်၊ ကျေနပ်လေးစားသော အပြုံး၊ ခင်မင်ရိုသေသော အပြုအမှုတို့ကိုလဲ သုံးသပ်မိလိုက်သည်။

ထိုနောက် စက်ယန္တရားလည်သံများ၊ စကားများ ဆူမြိုက်စွာ ညံနေခြင်းဖြင့် စက်ရုံကြီး ဆက်လက်လည်ပြန်ပြီး။ အဲယားဂွန်းက ထွက်လာသည် လေမွှေးမွှေးနုနုလေးတွေနှင့် အခန်းသည် ကျက်သရေရှိလာသလို။ မိမိလဲ ဖွင့်လျှက် ကွန်ပျူတာပေါ်က သေးသေးကွေးကွေး အက္ခရာတွေ၊ ဖြောင့်တန်းစွာ ပိုင်းခြားထားသော ဇယားကွက်တွေ ဂဏန်း ၀(သုည)မှ ကိုး(၉)ထိ စုံလင်သော ဂဏန်းတို့အကြား spot(အပြောက်)၊ စသော သင်္ချာသင်္ကေတပေါင်း များစွာဖြင့် ဖွဲ့စည်းထားသည့် စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက် ကျော်ကြည့်လိုက် ခွကြည့်လိုက်၊ ပြန်လှန်ကြည့်လိုက်နှင့် ညနေရုံးက ဆင်းရပြန်ပြီး။

တိတ်တဆိပ်ခြောက်ကပ်ကပ် အခန်းထဲသို့ အမှောင်ကို ဖြိုခွင်းဖို့ ခလုပ်တချက်နှိပ်ကြည့်သည်။ နီကျင့်ကျင့် ၀ါတာတာ အရောင်တွေနဲ့ ညည်းငြူစရာ အလင်းကို မနှစ်သက်။ အဖြူဖျော့ဖျော့ အလင်းက ပျင်းရိစွာ ပေါ်ထွက်လာပြန်သည်။ ရေချိုးခန်းမီး၊ မီးဖိုခန်းမီး၊ စသည် အခန်းလိုက် မီးတွေ အကုန်လိုက်ဖွင့်ရင် ပူစပ်စပ် လေကို မုန်းတီးစွာ ရေချိုးခန်းက ရေပန်းကို အကုန်ဖွင့်ချလိုက်မိသည်။ ထိုနောက် ရေနွေးအိုး ခလုပ်ဖွင့်ရင်း မီးဖိုပလိပ်ပြားကို နံပါတ်ခြောက်ထိ အပူမြင့်တင်ဖွင့်ချလိုက်သည်။ ထိုနောက် ရေထည့်ထားသော စတီးခွက်ထဲ ကြက်ဥ သုံးလုံးထည့်ပြီး မိမိအခန်းထဲဝင်ရင်း ကွန်ပျူတာ ပါဝါကို ထိုးဖွင့်လိုက်ပြန်သည်။
“နေကောင်းလား”
“အဆင်ပြေခဲ့ရဲ့လား”
“ပင်ပန်းလာပြီးလားဟင်”
စသည့် မေးခွန်းသံများအစား အခန်းထဲက ကွန်ပျူတာ ၀င်းဒိုးတက်သံက နားထဲစောင့်ဝင်လာသည်။

ခါးသက်သက် ကော်ဖီဖျော်ရင် ကြက်ဥကို အခွံခွါစားနေမိသည်။ ထိုနောက် အင်တာနက်ချိတ်ပြီး ဟိုဝင်ဒီဝင်ဖြင့် ကမ္ဘာတပတ်လျောက်ပတ်ကြည့်မိသည်။ ပုံမှန် မထူးခြားသော လောကကြီးရဲ့ လည်ပတ်မှုကို အဆန်းတကြယယ်စိတ်ဝင်စားအောင် အမြင်ပေါင်းစုံနှင့် ရေးထားသော ဆောင်းပါးများ၊ သူ့ထက်ငါ ပိုသိပါတယ်ဆိုသာအောင် မြင်သာအောင် ရေးသားထားမှုများ၊ သူတစ်ပါးအား မှိုချိုးမြှစ်ချိုး သုံးသတ်ဝေဖန်ထားမှုများ၊ ဘယ်သူတွေသေကြလို့ ဘယ်သူတွေ အနိုင်ရသွားကြသည် ဆိုတဲ့ စသော သတင်းပေါင်းသောင်းခြောက်ထောင်ကို မထူးခြားပဲ လိုက်ဖက်နေမိသည့် ကျွန်တော်အဖြစ်ကို ရုတ်သိမ်းရင်း၊ မပြီးသတ်သေးသော ရုံးစာရင်းတွေ စားပွဲပေါ်တင်ချလိုက်မိသည်။

ထို့နောက် ဆရာတော် ဦးဆေကိန္ဒ၏ နားထောင်နေကြဖြစ်သော “နေတက်ရင် ကျေနပ်စရာပါ” ဆိုတဲ့ တရားလေးဖွင့်ထားရင်း။ တနေ့တာ အလုပ်များ ပြီးဆုံးသွားပြန်သည်။

ထိုဟာသည် လူတစ်ယောက် ကြုံဆုံနေသော လောကဓံဖြစ်သည်။ “လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒံ၊ ပသံသံ၊ သုခံ၊ ဒုက္ခံ” ထိုသို့သော လောကဓံ(၈)ပါးမှာ တစ်ပါးမကကြုံနေကြခြင်းသည် လောကတွင် လူတို့ လက်ပွန်းတတီးရှိနေသော သဘောကို လောကဓံ(လောကဓမ္မ) ခေါ်ရပါသည်။


ဓမ္မပဒ စာစုလေးများ

Posted by thawzin Thursday, September 16, 2010 2 comments

ဓမ္မပဒစာအုပ်မှာ မှတ်သားစရာတွေ အများကြီးပါ။ အင်္ဂလိပ်၊ မြန်မာ၊ ပါဋ္ဌိ ဘာသာသုံးမျိုးရေးထားတဲ့ စာအုပ်ကောင်းလေးပါ။ ထိုအထဲက တချို့ကို ပိုတို့ရှော့ဖန်တီး ကြည့်မိတာလေး ကြွားတာပါ။ လက်တက်စမ်းနေတာပါ။ မျက်လုံးက ကာလာဗလိုင်းဆိုတော့ အရောင်စပ်တာ ညံပါတယ်။ ဘာရောင်တွေလဲ ဆိုတာကို သေချာခွဲခြားမတက်ပါဘူး။ မျက်လုံးထဲ ပသာဒဖြစ်တယ်ထင်တာ လုပ်ချလိုက်တာပါ။ လိုအပ်ချက် များစွာ ရှိနေမှာပါ။ အမှားပေါင်းများစွာဖြင့် ဖြတ်ညှပ်ကပ်ထားတာတွေပါ။ ဖြတ်ညှပ်ကပ်လုပ်ရတာ ၀ါသနာပါပါတယ်။ ပေါက်ကရတွေတော့ လုံးဝ မလုပ်ပါဘူး။ ကျွန်တော့်ဘလော့ ဘန်နာလေးကို ဖလက်နဲ့ လုပ်ကြည့်ဖူးပါတယ်။ အခုတော့ ပိုတိုရှော့နဲ့ လုပ်ထားတာလေး ဖန်တီးထားပါ။ ကျွန်တော်တော့ ကြိုက်တယ်။ ကိုယ်ဟာမိုလို့လေ။ အခုလဲ သူငယ်ချင်းဘလော့လည်ရင်း အားတာနဲ့ ဒါပဲထိုင်လုပ်နေမိတယ်။ ဗဟုသုတလဲရတယ်။ မှတ်သားစရာလေးတွေလဲရတယ်။ ပိုတို့ရှော့လဲ နည်းနည်းပါးပါးသိအောင်ဆိုပြီး ဖန်တီးထားကြည့်တာပါ။ အင်္ဂလိပ်၊ ပါဋ္ဌိတွေ မှားနိုင်ပါတယ်။ ဒါပေမယ့် မြန်မာလိုရေးထားတာတွေ တော့ မြန်မာတွေနားလည်နိုင်အောင,် ဖတ်နိုင်အောင် ကြိုးစားထားပါတယ်။ မြန်မာတွေနားလည်ဖို့ အဓိကပါပဲ။ အမှုနည်းပြီး အပြစ်ကင်းအောင် နေနိုင်ကြပါစေ။ Download










ခန္တီသည်းခံခြင်း

Posted by thawzin Thursday, July 22, 2010 4 comments

ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။

ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။

ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။
သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ ။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။

တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။

အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။

အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။ လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။

သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။

အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည်လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်းတစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။

ထိုဇတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်။ ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိစေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင်ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။ မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။

နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုးကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်းဆက်ဆံရ၏။ တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။

မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ ခန္တီပါရမီအပိုင်းမှ ထုတ်နုတ် ကူးယူဖော်ပြချင်းသာ။
ခန္တီမင်္ဂလာ
နှိပ်စက်စော်ကား၊ အမှုများ၊ ခန့်ထား ခန္တီပါ။
ချမ်းပူစသား၊ ဘေးဒဏ်များ၊ ခန့်ထားခန္တီပါ။
ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။
ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။
ခန္တီရှိသူ၊ ကုသိုလ်ဟူ၊ လွယ်ကူပြည့်စုံသည်။
ခန္တီကင်းငြား၊ ကုသိုမှား၊ ပျက်ပြားလေတော့သည်။
ခန္တီအာစာ၊ ရှိသူမှာ ပညာပြည့်စုံသည်။
ခန္တီရှိ၏၊ သမာဓိ၊ အတိပြည့်စုံသည်။
ခန္တီကင်းဘိ၊ သမာဓိ၊ မရှိပျက်တော့သည်။
ခန္တီရှိမှ၊ မြတ်သီလ၊ ကျနပြည့်စုံသည်။
ခန္တီကင်းငြား၊ သီလများ၊ ပျက်ပြားလေတော့သည်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

တန်ဖိုးရှိပါစေ

Posted by thawzin Monday, July 19, 2010 1 comments

တန်ဖိုးသိမှ တန်ဖိုးရှိမည်

“ယုယပါ။ မြတ်နိုးပါ။ ဂရုစိုက်ပါ။ အလေးထားပါ။” ဆိုတာတွေသည် ကျွန်တော်တို့ လူသားများ အသုံးပြု နေလေ့ရှိသည်။ ထိုအရာကို တနည်းအားဖြင့် တန်ဖိုးထားခြင်း တန်ဖိုးလို့ခေါ်မည်ထင်။ “တန်ဖိုးသိမှ တန်ဖိုးရှိမယ်” တဲ့ ဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ တရားတိုင်းလိုလိုမှာ အမြဲကြားနာဖူးသည်။ အရာအားလုံးသည် အသုံးဝင်လျှင် တန်ဖိုးဆိုတာ ရှိကြသည်ချည်းပင်။ သို့သော် အသုံးဝင်ရန်အတွက် အသုံးပြုနည်းသည် လိုအပ်သည်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဟု မြန်မာ စကားပုံ ရှိသည်။ အသုံးပြုတက်လျှင် မြက်ပင်ကလေးအစ အသုံးဝင်နေတက်သည်။
မြက်စားနေတဲ့ သိုးလေးတစ်ကောင်အနား ပတ္တာမြားတစ်လုံး ပစ်ချပေးလိုက်မည်။ ထိုသိုးကလေး ကောက်ယူမည် မဟုတ်။ ပတ္တမြားသည် သိုးကလေးအတွက် မြက်တစ်ပင်လောက်မှ အသုံးမကျသောကြောင့်ပင်။ ထိုအတူ ထိုပတ္တမြား၏ တန်ဖိုးကို မသိသောကြောင့် သိမ်းဆည်း၍တန်ဖိုးထားရကောင်းမှန်းလဲ သိမည်မဟုတ်။ တန်ဖိုးမသိသောကြောင့် တန်ဖိုးလဲ မရှိတော့ပေ။
စည်းကမ်းနဲ့တန်ဖိုး
ဒါအပြင် တန်ဖိုးကို လူတို့ စည်းကမ်းဖြင့် သတ်မှတ်ကြပြန်သည်။ “စည်းကမ်းသည် လူ၏တန်ဖိုး” တဲ့။ ဘယ်လိုဟာတွေက စည်းကမ်းမည်လဲ?။ ကျွန်တော်တို့ ကျောင်းတော်က ကြားဖူးတဲ့ စည်းကမ်းဆိုသည် တားမြစ်ချက်တွေကို ရှောင်ကျဉ်ပြီး ချမှတ်ထားတော့ အရာတွေကို လိုက်နာခြင်း, ဆောင်ထားခြင်းသည်ကို ခေါ်မည်ထင်။ စည်းကမ်းတွင် လောကီစည်းကမ်းနှင့် လောကုတ္တရာစည်းကမ်း နှစ်ခုလုံးပါဝင်သည်။ လောကီအတွက် လောကီလူ့ကျင့်ဝတ်တွေ ရှိပါသည်။ ထိုကျင့်ဝတ်တို့သည် လိုက်နာကျင့်သုံးသူအတွက် မိမိကိုယ့်ကိုယ် တန်ဖိုး မြှင့်တင်နေခြင်းတည်း။ လောကုတ္တတရားအတွက် ကျွန်တော်တို့ လောကသားတို့ ဦးခိုက်ရာ မြတ်စွာဘုရား ဟောကြားသော ဒေသနာတို့သည် ရှိသည်။ ကျင့်သုံးလဲ ကျင့်သုံးထိုက်၏။ ကျင့်သုံးသူလည်း ကျင့်သုံးသလောက် လက်ငင်း ကောင်းကျိုးခံစားရသည်။ အတ္တဟိ အတ္တနော နာထော တဲ့ မိမိသည်သာလျှင် ကိုးကွယ်ရာတည်း။ တန်ဖိုးရှိအောင်နေသော သူအတွက် တန်ဖိုးသည် ရှိနေမည်ပင်။ မိမိတန်ဖိုးမဲ့စွာ ပြုမှုနေထိုင်ပါက တန်ဖိုးမဲ့နေအုံးမည်။ He is only bright that shines by himself. သူ့ကိုသူ အရောင်တင်တဲ့သူသာလျှင် အရောင်လက်သည်။ ထိုကဲ့သို့ပင် ကိုယ့်အဆင့်အတန်း ကိုယ်ကိုတိုင်သာ မြှင့်တင် ကောင်းသည်။
စည်းကမ်းသည် လူတစ်ယောက်၏ အနားသတ်မျဉ်းကောင်း၊ ရှည်လျှားပြီး ကွေ့ကောက်များသော မြစ်တို့သည် ကမ်းဟူသည် ရှိ၏။ ကမ်းရှိသောကြောင့် အလွယ်တကူမတိမ်ကောနိုင်။ ကမ်မဲ့သော ရေတို့သည်သာ တိမ်ကော ပျောက်ကွယ်ကြသည်။ မိမိကိုယ့်ကို တန်ဖိုးမြှင့်တင်ချင်လျှင် မြစ်ကဲ့သို့လဲ ကျင့်ကောင်း၏။ ဒါအပြင် အနားသတ်ကောင်းသော ဖျာတို့ ခိုင်ခံ အသုံးဝင်၏။ အသုံးဝင်သောကြောင့် တန်ဖိုးသည် ရှိပြီးဖြစ်၏။
ကျန်းမာခြင်း တန်ဖိုး
ကျန်းမာခြင်းသည် လူတိုင်း၌ အလကားပိုင်ဆိုင် နေတက်သော အဖိုးမဖြတ်နိုင်သော တန်ဖိုးတည်း။ ဘာကြောင့် ကျန်းမာချင်ကြသလဲ။ “ကျန်းမာခြင်းတန်ဖိုးကို မကျန်းမာမှသိမည်” ဆိုတာ သိကြမည်ထင်။ မကျန်းမာလျှင် အစာမက်သော လူတို့သည် စားဖို့တောင် စားချင်စိတ်ပင် မရှိတော့။ လုပ်ချင်စိတ်ဆိုလျှင် လုံးဝရှိမည် မထင်။ ဒါကြောင့် “အာရောဂျ ပရမ လာဘ” ကျန်းမာခြင်းသည် အဖိုးမဖြတ်နိုင်သော တန်ဖိုးဟု ဆိုခြင်ပါသည်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ဖော်ပြလို့ ဆုံးမည် မဟုတ်။
အချိန် တန်ဖိုး
ထိုအပြင် သတ္တ၀ါတိုင်း မိမိအသက်ကိုတော့ တန်ဖိုးထား ရှည်စေလိုကြသည်။ ထိုအသက်ကို တိုင်းတာသော အချိန် ကိုကား တန်ဖိုးထားရကောင်း မသိကြချေ။ ထိုအတူ အချိန်ဆိုသည့် အဖိုးမဖြတ်နိုင်သော တန်ဖိုးကိုလဲ လူတို့ အလွဲသုံးစားပြုတက်ကြသည်။ အချိန်သည် ဂရုပြုသူအား ဂရုပြုသကဲ့သို့ အကျိုးပြုသည်။အလေးမထားသူအတွက် အလေအလွင့်ထားတက်သည်။ အချိန်ကို အသုံးချသူနည်းပါသည်။ အချိန်သုံးပြုသူများတွင်လဲ နယ်ပယ်နှစ်ခုရှိသည်။ မကောင်းမှုအတွက် အသုံးပြုခြင်းနှင့် ကောင်းမှုအတွက် အသုံးပြုခြင်း တို့ဖြစ်သည်။ ထိုအထဲမှ မကောင်းမှုတွင်သာ အသုံးပြုတက်ကြသူသာ များသည်။ မကောင်းမှုအတွက် အသုံးပြုသူအတွက်လဲ အချိန်သည် မျက်နှာမလိုက်စွာ တစ်ကြိမ်တခါပဲ အသုံးပြုခွင့်ပေးပါသည်။ ထိုတစ်ကြိမ်သာ အခွင့်ပေးတက်သော အချိန်ကို လူတို့ မကောင်းမှုတွင် သုံးပြုသောကြောင့် ပိုပြီး မိုက်မဲရာ ရောက်ပါသည်။ ဤသည်ပင် တန်ဖိုး မထားရာရောက်၏။ တန်ဖိုးမထားလျှင် တန်ဖိုးမရှိသလို တန်ဖိုးလဲ သိမည်မဟုတ်။
အကျင့်စာရိတ္တ တန်ဖိုး
ကျန်းမာခြင်းနှင့် အသက်တို့ထက် တန်ဖိုးထားအပ်သော အရာသည် ရှိသည်။ ထိုအရာသည် “အကျင့်စာရိတ္တ” ဟုဆိုချင်ပါသည်။ အကျင့်စာရိတ္တ ဆုံးရှုံးမှု၊ တန်ဖိုးမထားမှုသည် အကြီးမားဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။ သို့သော် အခုခေတ်လူငယ်များ ထိုအရာကို အကောင်းဆုံး အရင်းအနှီးအဖြစ် မတော်မတရား လွဲမှားစွာ တန်ဖိုး ဖြတ်နေကြသည်။ စာရိတ္တပျက်စွာ ပြောဆိုကြ ပေါင်းသင်းကြ ရောနှောကြသည်။ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုသကဲ့သို့ တစ်နပ်စား အကြံနှင့် တဖက်သားအပေါ် လိမ်လည် လှည့်ဖျားနေကြသည်။ စည်းကမ်းမဲ့ကြသည်။ ထိုသည်ပင် မိမိ၏ အကျင့်စာရိတ္တအား တန်ဖိုးထားရကောင်း မသိမှုပင်။ လက်ရှိခေတ်လူငယ်များ၏ စာရိတ္တဖြင့် ၎င်းတို့၏ တန်ဖိုးကိုဖြတ်ရလျှင် ကမ္ဘာရဲ့ အဖောင်းအပွဆုံး ငွေကြေးထက် အဆပေါင်းများစွာ နိမ့်ကျမည်ထင်ပါသည်။
မျိုးဆက်သစ်ကလေးများကို ဆိုချင်ပါသည်။ အနာဂတ်သည် သူတို့၏လက်ပေါ်တွင် တည်နေသည်။ ထိုအနာဂတ်ပိုင်ရှင်လေးများ တန်ဖိုးရှိ စေချင်သည်။ စည်းကမ်းရှိစေချင်သည်။ အကျင့်စာရိတ္တ မြင့်မားစေချင်သည်။ အဘယ်ကြောင့်ဆိုသော် အကျင့်စာရိတ္တမြင့်မားပြီး စည်းကမ်းရှိသော လူငယ်လေးများသည် တန်ဖိုးသည် ရှိနေပြီးသောကြောင့်တည်း။ ထိုအနာဂတ်ကလေးများအား တန်ဖိုးရှိစေချင်လျှင် တန်ဖိုးရှိအောင် ထိန်းသိမ်းရမည်။ ထိုတာဝန်သည် ကျွန်တော်တို့ တာဝန်သာလျှင်ဖြစ်သည်။ထိုမျိုးဆက်သစ်ကလေးများကို မြတ်စွာဘုရား၏ ဆုံးမတရားများဖြင့် သွန်သင်ထိန်းသိမ်းမည်။ မြန်မာယဉ်ကျေးမှုတွေ မြတ်နိုးစေမည်။ မြန်မာ့အမွေအနှစ်တွေကို တန်ဖိုးထားစေမည်။ မြန်မာသည် ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓ ဘာသာနိုင်ငံမို့ ဗုဒ္ဓအဆုံးအမများကို တန်ဖိုးထားရမည်။ တန်ဖိုးထားတက်အောင် အသုံးပြုသင့်သည်။ အသုံးပြုသူအတွက် အကျိုးထူးသော လူတို့အဖို့ တန်ဖိုးထားရမည်။ တန်ဖိုးသိဖို့ အချိန်တန်ပါပြီး။ တန်ဖိုးသိပြီး တန်ဖိုးရှိနိုင်ပါစေ။


(၁၉.၆.၂၀၁၀)အဖေများနေ့ အမှတ်တရ ရင်ထဲမှာရှိတာလေး ဖော်ပြချင်တာပါ။ သိသူများလဲသိစေပါ။ မသိသူများလဲ သိပါစေ။ သတ္တ၀ါတိုင်းတွင် မိဘနှစ်ပါးသည် ရှိ၏။ မိဘဟူသည် ပုံစံမကျသေးသော အရာတစ်ခုအား ပုံစံဝင်စေရန် ပုံသွင်းပေးကြသော ပန်းပုပုံသွင်းဆရာများ ဖြစ်ပါသည်။

မိဘ ဆိုသည် သားသမီးများအတွက် အမြင့်သို့ ရောက်စေတက်သော လှေကာားနှင့်တူ၏ ။ လှေကားတွင် အထစ်လေးများလဲပါ၏ ။ အမြင့်သို့တက်သည့်အခါ အားပြုတက်ဖို့ရန် လက်တန်းလှေကားလေး တစ်ဖက်တစ်ချက်တွင် ပါရှိ၏ ။ ထိုလက်တန်းလေးများကို အမေဖြင့် တင်စား ခေါ်စေချင်ပါသည်။ အဖေသည် အမြင့်သို့ ခြေနင်းတက်ရန် ကျောခင်းပေးတက်သော လှေကားထစ်ကလေးများဖြင့် တင်စား မြင်စေချင်ပါသည်။

အဖေသည် သားသမီးများ အတွက် အမြင့်တက်ဖို့ ခြေချစရာ နင်းတက်စရာ လှေကားထစ်လေး အဖြစ် မိမိဘ၀ကို ကျောခင်း၍ မြှင့်တင်ပေးတက်သည့် သဘောကို မြင်စေချင်ပါသည်။ သားသမီးများရဲ့ ခြေဖ၀ါး နုနုလေးတွေ ဆူးငြောင့်ကင်းအောင် နည်းအမျိုးမျိုးဆောင်၍ ဆောင်ကျဉ်း ပေးတက်စမြဲ။ တစ်ဆင့်နဲ့ တစ်ဆင့်မြင့်တက်ဖို့ ညွန့်ဝင်သွားမတက် ကျောပိုးပေးလိုက်သည် ဖခင်၏ မေတ္တာကို တွေးတောလို့ ဆုံးမည်မထင်။

ထို့အပြင် မိဘများအား အခုခေတ် ပေတစ်ရာ လမ်းမကြီးများနှင့်လည်း တူ၏ ။ ပေတစ်ရာလမ်း၏ တစ်ဖက် တစ်ချက်တွင် ညအချိန် အလင်းဆောင်နေသော မီးတိုင်ကြီးများကို အမေဖြင့် တင်စား ချင်ပါ၏ ။ မီးတိုင်များကဲ့သို့ လိုအပ်သော အလင်းရောင်အား မြင်သာအောင် ပေးဆောင်တက်၏။ အဖေသည် ပေတစ်ရာ လမ်းမကြီးအဖြစ် တင်စားနိုင်ပါ၏။ လိုရာလမ်းသို့ ဦးတည်ပြ၏ ။ ချိုင့်ကင်းသော လမ်းမကြီးအဖြစ် ခင်းကျင်းပေး၏။ အဖေသည်လဲ သားသမီးများအတွက် အေးချမ်းသာယာသော ဘ၀လမ်းကို ကျောခင်းပေး၏ ။

မိဘများ၏ ကြီးမားသော မေတ္တာ တရားအား ဘာသာပြန်၍ မပြည့်စုံနိုင်သော ကဗျာ တစ်ပုဒ်အဖြစ်နှင့်လည်း တူ၏ ။ မဖော်ပြနိုင်သော အနှစ်ရသ များစွာ ပါဝင်သော ကဗျာလင်္ကာလေးပေါင်း များစွာဖြင့် ဖွဲ့စည်းထား၏ ။ လွမ်းချင်း ရသလဲပါ၏ ။ လေးချိုးရသလဲပါ၏။ မော်လ်ဒန် ခံစားမှုမျိုးလဲ ရှိ၏ ။ တနည်းအားဖြင့် လူတန်းစား ပေါင်းစုံမှ ရသပေါင်းများစွာဖြင့် သူ့အလိုကို ဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်သည် ဟု ဆိုချင်ပါသည်။ ကမ္ဘာကြီးတွင် လူ့အလွှာအသီးသီး သာမက သတ္တ၀ါတိုင်းတွင်လည်း သူ့အလိုလိုပေါ်ပေါက်ဖြစ်တည်နေသော မိဘများနှင့် ၎င်းတို့၏ သားသမီးများ၏ ဆက်နွယ်မှုသည် ရှိမြဲ တည်မြဲ တည်ဆဲပင်။

သတ္တ၀ါတို့ အမှောင်ကို ကြောက်ကြ၏ ။ ထိုအမှောင်ကို ခွင်းပေးနိုင်သော အလင်းကို သတ္တ၀ါတို့ မြတ်နိုးကြ၏ ။ အားကိုးကြ၏ ။ အမိမဲ့သော သားအတွက် လမရှိသော ညကဲ့သို့ မှောင်မိုက်၏ ။ အဖမဲ့သော သားအတွက် အလင်းမဲ့သော နေ့ကဲ့သို့ အားကိုးရာမဲ့၏ ။ ကြောက်ရွံ့ဖွယ် ကောင်း၏ ။ ဤသို့သိပြီးလျှင် မိဘမဲ့ ကလေးများ၏ ဘ၀ကို စာနာမိသည်။ သူတို့သည် အလင်းမဲ့အမှောင်တိုက်၌ အားကိုးရာမဲ့စွာ ကြီးပျင်းလာကြသည်။

ကျွန်တော် မိဘမဲ့ဂေဟာမှာ နေဖူးပါသည်။ မိခင်က ကြိုးစား မွေးဖွားပါသော်လည်း ကြမ္မာဆိုးကြောင့် အဖေမဲ့ခဲ့၍်ခိုကိုးရာမဲ့ကြသည်။ စားဝတ်နေရေး ပူပင်ကြရသည်။ မိဘမေတ္တာငတ်မွတ်ကျသည်။ ထမင်းတစ်နပ်စားရဖို့ တွေးပူရသည်။ မနက်ဖြန် မနက်စာ မသေချာသော ဘ၀။ အိပ်ဖို့အတွက် အိပ်ယာမဲ့သည်။ ပုရွက်ဆိတ်နှင့် ကြမ်းပိုးကိုက်၍ အိပ်မရသော ဒဏ်ကိုလဲ ကောင်းကောင်းခံစားရသည်။

ကိုယ်ချင်းစာမိပါသည်။ “မေတ္တာရဲ့ အခြေံခံက ကိုယ်ချင်းစာတရားပါ” ဆိုတဲ့ စကားသည် အလွန်မှန်သည် ဆိုချင်ပါသည်။ မိဘမဲ့ကလေးများကို ကိုယ်ချင်းစာမိသည်နှင့် မိဘများရဲ့ ကြီးမားတဲ့ မေတ္တာကို ပိုပြီး မြင်မိသည်။ မေတ္တာကို ချစ်ခြင်းဖြင့် ဖော်ပြကြသည်။ ၎င်းချစ်ခြင်းကို ကော်စေးအဖြစ် ဖော်ပြသည်။ ကော်စေး ဆိုသည် အရာဝတ္ထုများ မပြိုကွဲ မပျက်စီးအောင် စုစည်းခြင်း၊ ဆက်သွယ်ပေးခြင်း အဓိပ္ပယ်ပင်ဖြစ်သည်။

ထိုကဲ့သို့ ချစ်တက်သော အမေနဲ့အဖေ။ ကျရောက်လာမည့် အန္တရယ်အား ကာကွယ်ပေးသည့် အဖေနဲ့အမေ။ လှေကားကဲ့သို့ အမြင့်သို့ ပံ့ပိုးပေးတက်သော အဖေနဲ့အမေ၊ ကြီးမားသော ရသ ပေါင်းများစွာဖြင့် ပြီးပြည့်စုံစွာ ဖော်ပြမရလောက်အောင် မေတ္တာကြီးမားသော အဖေနဲ့အမေ၊ လူလားမြောက်အောင် သွန်သင်ပြတက်သော အဖေနဲ့အမေ။ ဤကဲ့သိုသော ကျွန်တော်ရဲ့ အဖေနဲ့အမေအား ဤပို့စ်လေးနဲ့ ရှင်ခိုးကန်တော့ပါသည်။



ပင်လယ်လေကို ရှုရှိုက်လိုက်ရလိုထင်သည် တစ်ညလုံး ကားပေါ် အိပ်မပျော်တပျော်နှင့် ပင်ပန်းတဲ့ ဒဏ်လေး သက်သာလာသလိုပင်။ မုတ္တမပင်လယ်အကွေ့ကို ဖြတ်ဆောက်ထားတဲ့ တံတားက မြန်မာနိုင်ငံရဲ့ အရှည်ဆုံး တံတားတစ်စင်အပါအ၀င်ပါပဲ။ ပင်လယ်လေကို တ၀ကြီး ရှိုက်သွင်းလိုက်မိသည်။

ရန်ကုန်-ကျိုက္ခမီ အမြန်ကားကြီး မော်လမြိုင်သို့ ဆိုက်ရောက် လာပါပြီး။ အေးထွန်း တစ်ယောက် ရင်ခုန်စွာနဲ့ မော်လမြိုင်မြေသို ခြေချမိသည်။ ထိုထက် ရင်ခုန်စရာကောင်းတာက လာကြိုမယ်ဆိုတဲ့ ချစ်သူကို ပထမဆုံးမြင်လိုက်ရခြင်းပါ။
“ကိုကို ... ကိုကိုမဟုတ်လား”
“သဇင်လား?”
“အင်း”
အပြင်မှာ ဆုံတွေ့ဖူးတာ မရှိပေမယ့် ရင်ထဲအမြဲတမ်း မေ့မပျောက်နိုင်တဲ့ သဇင်ဟာ ကျွန်တော့်ရင်ထဲက အရိပ်တစ်ခု။
“ကိုကို အအေးဆိုင်ထဲ သွားရအောင်”
“အင်း”
ကျွန်တော်ပြန်ပြောရင် အအေးဆိုင်ထဲ့ တစ်ချက်ဝှေ့ကြည့်မိသည်။ လူရှင်းသည် ထင်ရသော်လည်း ဆိုင်လေးက သက်သက်ရပ်ရပ်မို့ အမြင်ပိုရှင်းသည်။ အမျိုးသားတစ်ယောက် ထိုင်နေသော ၀ိုင်းတွင် အေးထွန်း လိုက်ထိုင်လိုက်ရသည်။
“မောင်........ဒါ သဇင်ပြောပြောနေတဲ့ ကိုအေးထွန်း ဆိုတာလေ”
ကျွန်တော် မကြားလိုက်သလို နေလိုက်မိသည်။ ရင်ထဲမှာတော့ ပဟေဠိပေါင်းများစွာ ၀ိုင်းအမေးခံလိုက်ရသလို ထူပူသွားသည်။ နားကြားလွဲတာ ပါလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရသည်။
“ကိုအေးထွန်း ဒါ သဇင့်ချစ်သူ ထွဋ်ခေါင်ဦး တဲ့”
“သြော်... တွေ့ရတာ ၀မ်းသာပါတယ် ညီလေး”
“ဟုတ်ကဲ့ ကျွန်တော်လဲ ၀မ်းသာပါတယ် အစ်ကို”
ထွဋ်ခေါင်းဦး ပြန်ဖြေရင် အအေးဆက်သောက်နေသည်။ လူရှင်းတဲ့ ဒီအအေးဆိုင်လေး ချက်ခြင်းပဲ လူတွေ ထောင်ပေါင်းများစွာ ရောက်လာသလို ကျွန်တော်ရင်ထဲ ဆူပွက်သွားခဲ့သည်။ ဒါအိပ်မက် မဟုတ်မှန်း ကိုယ်ဘာသာသိသွားသည်။ ကျွန်တော် ချက်ခြင်းထရပ်မိမလို ဖြစ်သွားခဲ့တယ်။ ပြီးမှ အအေးထမှာရင် ဟန်ဆောင်ပြုံးပြရင် သဇင်အတွက် ပါလာတဲ့ ရေမွှေးပုလင်း ထုတ်ပေးလိုက်မိတယ်။

“သဇင် ဒါ ကို...
အဲ အစ်ကို ၀ယ်လာတဲ့ သဇင်ရဲ့ ၁၉နှစ်ပြည့် မွေးနေ့ ရေမွှေး၊ ဘာအအေး သောက်မလဲ မှာလိုက်ပါလား။ အစ်ကိုတို့ ဒီနေ့ လူချင်း ဆုံတွေ့မှု အမှတ်တရပေါ့ အစ်ကို ဒကာ ခံပါမယ်”
ကျွန်တော် မနားတမ်း စကားတမ်းတွေ ပြောရင် ရင်ထဲက ဝေဒနာကို လူမသိအောင် ဖုံးဖိလိုက်မိသည်။ ဆုံတွေ့မှုဟာ ဘာကြောင့် ဒီလောက် ပျော်ရွှင်မှုကင်းနေရတာလဲ။ စိတ်ကူးနဲ့ ဆုံတွေ့ဖူးတာတွေနဲ့ တော်တော် ခြားလွန်းလှသည်။
“ဟုတ် ကျေးဇူးအများကြီးတင် ကိုအေးထွန်း”
ကိုအေးထွန်းတဲ့ ခါးသက်လိုက်တဲ့ သဇင့် စကား။ ကျွန်တော် ဘယ်တုန်းကမှ စိတ်ကူးနဲ့တောင် နားမထောင်ခဲ့ဖူးတဲ့ အဲဒီခေါ်သံ။ ဘာကြောင့်များ ဒီလိုဇတ် ခင်းလိုက်ရတာ သဇင်ရယ်။ သဇင် ဒီလိုလုပ်လိုက်တာ ဘယ်ရှေးဘ၀ အငြိုးတွေလဲ။ ဘုရားသခင်ရယ် ရှိသမျှဝဋ်ကြွေး ဒီဘ၀နဲ့ ကျေပါရစေ။ စိတ်ထဲမှာ ဘယ်သူမှ ပြစ်တင်မရအဆုံး ဘုရားတပြီး ၀ဋ်ကျေဖို့ ဆုတောင်းမိလိုက်သည်။

အရင် အဝေးမှာ နေတုန်းက မဟုတ်သတင်းလို့ ထင်ခဲ့မိတယ်လေ။ “ဘာဖြစ်လို့ ကြားသတင်းလေးနဲ့ အမှားအတင်းတွေကို လက်ခံ ခဲ့ရတာလဲ ကိုကို” တဲ့ ။ ကိုကိုကြားခဲ့သမျှ သဇင့်သတင်းတွေကို အဲဒီ သဇင့်စကားလေးနဲ့ ကျေနပ်ရောင်ရဲခဲ့ရတာပါ။ အခုတော့ အမှားတင်းမဟုတ်ခဲ့ဘူး။ ထားခဲ့လိုက်ပါ သဇင်ရယ်။ ဖြစ်ခဲ့သမျှ အဖြစ်တွေအားလုံးဟာ လုပ်ခဲ့သမျှ အကို့အမှားတွေ လုပ်ခဲ့မိလို့ပဲ မှတ်ယူပါ့မယ်။ ဒီလိုအဖြစ်မျိုး သဇင် ထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါ့မယ်။

ကျွန်တော့် သူတို့နှစ်ယောက် ရှေ့မှာ ရှိနေခြင်းဟာ ပူလောင်လွန်းတဲ့ ကန္တရထဲမှာ ဆာလောင်စွာငတ်မွတ်ခြင်းနဲ့တူ သက်မဲ့ရုပ်တုအဖြစ် မင်ငေးနေမိသည်။ အမှန်ဆုံးနဲ့ အဆင်ပြေဆုံး ဆုံးဖြတ်ချက်ကို ယတိပျက် ချလိုက်ရင်း။

“အစ်ကို ခရီးဆက်သွားရအုံးမယ်။ အချိန်ရရင်ဖြစ်ဖြစ်၊ ကျိက္ခမီရောက်ခဲ့ရင် အစ်ကိုအိမ်ကို လာလည်ပါနော်၊ အစ်ကိုသွားတော့မယ်။”
ခရီင်္းဆက်ရန် ရှိသည်ဟု ပြောရင်း အမြန်ဆုံး လမ်းခွဲမိလိုက်သည်။ ကြာလာရင် ကျွန်တော် ယောက်ျားတန်မဲ့ မျက်ရည်များ ကျလာလိမ့်မည်ကို သိသည်။ အပြုံးလေးနဲ့ ကျွန်တော်ရဲ့ မျက်ရည်တွေကို ဖုံးဖိခဲ့မိသည်။ကားအပေါ်ရောက်မှ လူမသိအောင် မျက်ရည်များနဲ့ ပြုံးခဲ့မိတာလေးကို အဆုံးသတ်လိုက်ရသည်။

လောကကြီးမှာ ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ အပြုံးတရားနဲ့ ရင်ဆိုင်တတ်ခဲ့ပါပြီး။ အမြင်နဲ့အထင်တို့ လွဲသွားကြတဲ့အခါ ရင့်သီးလှ ကံကြမ္မာဆိုးကို ရင်ဆိုင်တက်လာပြီး။ မျှော်လင့်ချက်တို့ ပျက်သုဉ်းသွားတဲ့အခါ ခံစားချက်တို့ ချုပ်တည်းတက်ခဲ့ပြီး။

သဇင်တို့ ချစ်သူချင်း သာယာမယ်ဘ၀တစ်ခုလို့ မြင်မိရင် အပြုံးများနဲ့ အကိုရဲ့ မျက်ရည်တွေ ဖုံးဖိခဲ့ပါမယ်။ သွားတော့သဇင်ရယ်။

နားလည်သင့်တာပေါ့

Posted by thawzin Saturday, June 19, 2010 2 comments




-သံသယတဲ့
ဆန္ဒတွေနဲ့ တစ်ထပ်တည်းမကျတာကို
သံသယလို့ ပြောချင်တာလား?
-အနေခြင်းလဲဝေးတယ်
ဘ၀ခြင်းလဲဝေးပါတယ်
မတူညီတဲ့ မျဉ်းနှစ်ခုကို
တူညီတဲ့လယ်ဗယ်(LEVEL)ညှိနေသလိုပဲ
အဓိပ္ပါယ် မရှိလိုက်တာ။
-တူညီတယ်ဆိုတာက
“ချစ်ခဲ့ကြပါတယ်” ဆိုတဲ့
သုညစမျဉ်းလေးတစ်ခုတည်းပါ
ဘာဖြစ်လို့
မရောင်ရဲပဲ ရှောင်လွှဲတဲ့
အထင်စကားတွေပြောနေတော့မှာလဲ။
-ညီညာပြန့်ပျူးပါတယ်ဆိုတဲ့
အနောက်နိုင်ငံက လမ်းမကြီးတွေတောင်
အကွေ့အကောက်ထူပြောတာပဲလေ။
-နားလည်လိုက်ပါတယ်
ဘ၀မှာ အဖော်မွန်ကောင်းနဲ့
မပြီးပြည့်စုံနိုင်တာ။

ပါလိမ့်နော်

Posted by thawzin Tuesday, June 8, 2010 3 comments


သူအမည်က နှင်းဆီတဲ့
တကယ်ပဲ သူမှာ
အဆိပ်သင့်စေတဲ့
ဆူးတွေရှိတယ်။
ငါလေ.....
ဘာကြောင့်များ
သတိမဲ့စွာ ခူးချင်မိခဲ့ပါလိမ့်?

သူ့ဘ၀က
ရနံ့ထုံသင်းတဲ့
ပန်းရဂုံတွင်းက ပန်းလို
ဓနဂုဏ်သင်းတဲ့
အလှမြုံအတွင်းက သူပါ။
ငါလေ..........
ဘာကြောင့်များ
အသိမဲ့စွာ တမ်းတနေမိပါလိမ့်?

အင်း....
သတိမဲ့စွာ ခူးချင်မိတဲ့ငါ
အသိမဲ့စွာ တမ်းတဖူးတဲ့ငါ
ထပ်ပြီးတော့
ဘာကြောင့်များ
ရူးသွပ်စွာ ချစ်မိနေခဲ့ပါလိမ့်?




အသေ၀နာ စ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေ၀နာ
ပူဇာ စ ပူဇာနေယျာနံ

ဗာလာနံ ဆိုတဲ့လူမိုက်တိုကို ကိုယ်ပေါင်းစိတ်ခွာနေနိုင်ခြင်း၊ လုံးဝ အပေါင်းအသင်းမလုပ်ခြင်း ၊ ပညာရှိသူတို့ကို မှီဝဲဆည်းကပ် ယုံကြည် ကြည်ညိုခြင်း၊ ပူဇော်ထိုက်သောသူ၊ ချီးမြင့်မြှောက်စားထိုက်သူတို့ကို ပူဇော်ခြင်း၊ ချီးမြှင့်မြှောက်စားခြင်းသည် မင်္ဂလာမည်ပါပေသည်။

အနာထပိဏ်သူဋ္ဌေးဟာ သူ၏သားကို ငွေဖြင့်ပေါက်ပြီး ဓမ္မကိုခင်တွယ်လာအောင် သားကိုပြုစုပျိုးထောင်ပေးတယ်။ ဥပုသ် တစ်ရက်စောင့်လျှင် အသပြာ တစ်ရာပေးမယ်၊ တရားကို နှစ်ခြိုက်စွာ နာယူမယ်ဆိုရင် အသပြာ တစ်ထောင်ပေးတယ်။ ငွေမက်တဲ့ကလေးကို ငွေနဲ့ပဲ လမ်းပြကောင်းခဲ့တယ်။ တရားနဲ့ ယဉ်ပါးလာတာနဲ့အမျှ အသပြာထက် တရားကို မြတ်နိုးလာခဲ့တယ်။ ဒီလိုနဲ့ အနာထပိဏ်ဟာ သူ၏သားကို လူလားမြောက်စေခဲ့တယ်။

ဗိဗ္ဗိသာရမင်းကြီးကတော့ သားတော်လေးကို ချစ်လွန်းလို့ ဘုံမြင့်ပြဿ်တွေနဲ့ ရှု့မငြီးအောင် နေစေခဲ့တယ်။ သို့သော်လဲ လူမိုက်နဲ့ ပေါင်းသင်းမိတဲ့အတွက် မိမိကိုယ်တောင် ပြန်သတ်နိုင်အောင် ချစ်မီးတောက်ခဲ့တယ်။

အဖေချင်းတူပေမယ့် သားချင်းမတူကြတာ ဘာကြောင့်လဲ?
အနာထပိဏ်သူဌေးနဲ့ ဗိဗ္ဗိသာရမင်းကြီးတို့ သောတာပန်ချင်းလည်း တူကြပါတယ်။ သို့သော်လည်း ထိန်းကြောင်းမှုတွေ မတူကြဘူး။ မတူတာနဲ့အမျှ ရလာတဲ့ ရလဒ်တွေလဲ ကွဲလွဲကြကုန်ပါတယ်။

အနာဂတ်သာသနာသည် လက်ရှိကလေးငယ်လေးများပေါ်တွင် မူတည်နေပါသည်။ ထို့အတူ ထိုကလေးများကို ထိန်းကြောင်းသော ပုခတ်လွဲသောလက်ပိုင်ရှင် မိဘများရဲ့ လက်ဝယ်ပေါ်မှာ မူတည်နေပြန်ပါတယ်။ မိမိရင်ကဖြစ်သော သားအား မည်သို့မည်ပုံ ပြုစုပျိုးထောင်ကြမှာလဲ။ အနာထပိဏ်လိုလား? ဗိဗ္ဗိသာရမင်းကြီးလိုလား?

ထိုထိုသော မိဘတို့အတွက် ကျွန်တော်က ဤဓမ္မစာအုပ်လေးများဖြင့် ကူညီမျှဝေပေးချင်ပါသည်။ ဤစာအုပ်များဖတ်ပြီးပါက မိမိရဲ့သားသမီးများအား မည်သို့ထိန်းကြောင်း ပုံသွင်းကြမလဲဆိုတာ အကောင်းဆုံး တွေးတောဆင်ခြင်နိုင်ကြစေချင်သော အလိုငှာ ဤစာအုပ်များ မျှဝေပေးပါသည်။ ဤစာအုပ်များကိုလဲ ထပ်မံ မျှဝေပေးကြပါလို့လဲ တိုက်တွန်းအပ်တယ်ဗျာ။

စာအုပ်ပေါင်း သုံးဆယ်နှစ်(၃၂)အုပ် ဖော်ပြထားပါတယ်။ အားလုံးဟာ လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သော ဒီပနီကျမ်း၊ ရတု ရှိသလောက် တင်ပြထားပါတယ်ဗျာ။ ဒေါင်းလုပ်ချရာတွင် PDF file များဖြင့် ချက်ချင်းဖတ်ရှုလိုက ဖတ်နိုင်ပါတယ်။ သိမ်းထားချင်ရင် Save icon ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ်ချ သိမ်းထားနိုင်ပါတယ်ဆိုတဲ့အကြောင်းနဲ့ နည်းနည်းလေး Hosting လေးနေတာ ရှိပါတယ်။ ခဏလောက်စောင့်ပြီး ဖတ်ရှုနိုင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဗုဒ္ဓသသနံ စိရံ တိဋ္ဌတု













Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book

Download book

Download book

Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Download book
Dowload book


အပေါ်က ဒေါင်းလုပ်လင့်တွေ မသေချာမှာစိုးလို့ အောက်မှာ လင့်တွေကို သီးသန့် ထပ်ဖော်ပြလိုက်ပါတယ်။

  1. http://www.dhammathukha.com/books/LaediSayartawkyi/Moekammavaca.pdf
  2. http://www.dhammathukha.com/books/LaediSayartawkyi/32%20Sukumaramagga.pdf
  3. http://www.dhammathukha.com/books/LaediSayartawkyi/31%20Sasanasanpatti.pdf
  4. http://www.dhammathukha.com/books/LaediSayartawkyi/33%20Somanasupakha.pdf
  5. http://www.dhammathukha.com/books/LaediSayartawkyi/34%20Sammaddithi%20dipani.pdf
  6. http://www.dhammathukha.com/books/LaediSayartawkyi/36%20Mahokyeca.pdf
  7. http://www.dhammathukha.com/books/LaediSayartawkyi/28%20Sasanavi%201.pdf
  8. http://www.dhammathukha.com/books/LaediSayartawkyi/29%20Sasanavi%202.pdf
  9. http://www.dhammathukha.com/books/LaediSayartawkyi/30%20Sasanavi%203.pdf
  10. http://www.dhammathukha.com/books/LaediSayartawkyi/37%20AnattaDipani.pdf
  11. http://www.dhammathukha.com/books/LaediSayartawkyi/38%20Alin%20Kyan.pdf
  12. http://www.dhammathukha.com/books/LaediSayartawkyi/39%20Arnapana.pdf
  13. http://www.dhammathukha.com/books/LaediSayartawkyi/40%20Arharadipani.pdf
  14. http://www.dhammathukha.com/books/LaediSayartawkyi/41%20Europadipani.pdf
  15. http://www.dhammathukha.com/books/LaediSayartawkyi/42%20%281%29%20Vipassanadi.pdf
  16. http://www.dhammathukha.com/books/LaediSayartawkyi/42%20%284%29%20SatusaccaDipani.pdf
  17. http://www.dhammathukha.com/books/LaediSayartawkyi/43%20%283%29%20Letkhana.pdf
  18. http://www.dhammathukha.com/books/LaediSayartawkyi/43%20%287%29%20Sacatthadipani.pdf
  19. http://www.dhammathukha.com/books/LaediSayartawkyi/44%20%283%29%20Silavinniccaya.pdf
  20. http://www.dhammathukha.com/books/LaediSayartawkyi/44%20%286%29%20NibbannaDipani.pdf
  21. http://www.dhammathukha.com/books/LaediSayartawkyi/44%20%287%29%20Nibbanavisazzana.pdf
  22. http://www.dhammathukha.com/books/LaediSayartawkyi/45%20%282%29UttamapurisaDipani.pdf
  23. http://www.dhammathukha.com/books/LaediSayartawkyi/45%20%283%29%20Antta%28new%29.pdf
  24. http://www.dhammathukha.com/books/LaediSayartawkyi/45%20%284%29%20Punovawa.pdf
  25. http://www.dhammathukha.com/books/LaediSayartawkyi/45%20%286%29%20SasanadayzzaDipani.pdf
  26. http://www.dhammathukha.com/books/LaediSayartawkyi/45%20%287%29%20Padansutta.pdf
  27. http://www.dhammathukha.com/books/LaediSayartawkyi/46%20Ledi%20W.Y.pdf
  28. http://www.dhammathukha.com/books/LaediSayartawkyi/47%20Ladi%20%20Hawke.pdf
  29. http://www.dhammathukha.com/books/LaediSayartawkyi/48%20Bodipakkhiya.pdf
  30. http://www.dhammathukha.com/books/LaediSayartawkyi/Gonasuradi-Dipan.pdf
  31. http://www.dhammathukha.com/books/LaediSayartawkyi/Rogantaradipani.pdf
  32. http://www.dhammathukha.com/books/LaediSayartawkyi/Viniccaya(Group).pdf



Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ