Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ကျွန်တော်တို့ ဘာသာရေး ဆွေးနွေးပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျွန်တော်တို့ကျောင်းမှာ ပြုလုပ်ကြပါတယ်။ကျန်တဲ့ ရက်များမှာတော့ ညပိုင်း ၁၁နာရီမှစ၍ စုပေါင်း ဘုရား ၀တ်ပြုပြီးတော့ တရား တစ်ပုဒ်နာယူကြပါတယ်။ တရားဟောပြောပွဲလိုပြောလိုက်ရင် တော်တော်ကြီးကျယ်နိုင်လွန်းပါတယ်။ ကျွန်တော်တို့ဆိုတာက ပုထုဇဉ်လူသားတွေဖြစ်တာရယ်၊ လူဝတ်ကြောင်တွေဖြစ်တာရယ်၊ ပြီးတော့ စာပေကျမ်းဂန်တွေကိုလဲ ဆည်းပူးခဲ့တာမဟုတ်တော့ ဟောပြောခြင်းဆိုတာထက် ဆွေးနွေးခြင်း နှီးနှောဖလှယ်ခြင်း လိုပြောမှ သင့်တော်မှာပါ။
အခုလို ခေတ်မှီတိုးတတ်နေသော ကာလရေစီးကြောင်းအရ လူငယ်တွေ ဘာသာရေးနဲ့ ပိုပိုဝေးသွားတယ်လို့ ကျွန်တော်ယူဆမိတယ်ဗျာ။ ဒါဟာ တကယ်မကောင်းခြင်း လက္ခဏာအကြီးစားပဲ၊ လူတစ်ယောက်မှာ ဘာသာရေး အသိစိတ်လေး မရှိတော့ရင် လုပ်ချင်တာလုပ်ဖို့အတွက် ငါးဆယ်ရာခိုင်နှုန်းက ပါနေပြီး၊ ဘာတွေလုပ်ချင်လဲဆိုရင် မကောင်းမှုတွေပဲ လုပ်ချင်ကြပါတယ်။ ကျွန်တော် ဘ၀ကို ပြန်စဉ်းစားကြည့်တယ်၊ “ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာများလဲ” ဆိုပြီးတော့ပေါ့။

ဘာလိုအဲလိုစဉ်းစားလဲဆိုရင် စိတ်တစ်ခုမှာ (ကုသိုလ်နဲ့ အကုသိုလ်) အဲဒီနှစ်ခုပဲ ပြောင်းလဲဖြစ်ပေါ်နေတယ်လို့ မှတ်သားဖူးပါတယ်။ အဲလိုလဲသိလိုက်ရော အကုသိုလ်က သက်တမ်းနဲ့ဆိုရင် ၂၃နှစ်နဲ့ ၁၁-လ၊၂၉-ရက်၊၂၃-နာရီ နီးပါးလောက် ရှိနေပြီး၊ ကုသိုလ်ဆိုတာက နာရီပိုင်းမျှလောက်ပဲရှိဖူးမယ်ထင်ပါတယ်။ ရိုးရိုးငါးစိမ်းသည်မလို ချိန်ခွင်ပေါ်တင်ကြည့်လိုက်စမ်းပါ၊ “ဘယ်ဟာသာမလဲပေါ့” ၊ အဲဒီရလက်ဒ်နဲ့အတူ မိမိရဲ့ ဘ၀ကံကြမ္မာဆိုတာကြီးက ဖြစ်လာမှာဆိုတော့၊ တော်တော်လေး စိတ်ညစ်မိတယ်။

စနေနေ့တိုင်း ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ အထင်ကရပုဂ္ဂိုလ်တစ်ယောက်မှ မပါပါဘူး။ ဒါပေမယ့် ဆွေးနွေးတဲ့သူက တစ်ယောက်တည်းလိုပဲဖြစ်နေတတ်တယ်။ ကျွန်တော်ကတော့ ဆွေးနွေးနိုင်တဲ့ အဆင့်မရှိပါဘူး။ စီနိယာ အစ်ကိုတွေပဲ အများစု ဆွေးနွေးကြတယ်။ သူတို့ကျတော့ တစ်နေ့တစ်နေ့ ဘာလုပ်လဲဆိုရင် ကျောင်းစာနဲ့ စာအုပ်ဖတ်တဲ့အလုပ်ပဲ လုပ်တယ်။ ပြီးရင် application (photoshop,Flash, website,...) တွေလုပ်နေတာ။ ၀ပ်ဆိုက်ကတော့ စီးပွားရေး ဆိုက်တွေဆို မလုပ်ပေးပါဘူး။ သာသာရေးဆိုက်တွေ၊ ဆရာတော်ကြီးများအတွက် ၀ပ်ဆိုက်တွေကို Joomla နဲပဲ လုပ်တာပါ။ ကိုယ်တိုင်တော့ ဖန်တီးနိုင်လောက်တဲ့ အဆင့်တော့ တတ်ကြဘူး။

ဒါပဲလုပ်နေတော့ သူတို့မှာ ကျွန်တော်တို့အထက် ဘာသာရေး ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် သူတို့ဆွေးနွေးကြတဲ့ ဘာသာရေးဆိုင်ရာလေးတွေ မှတ်သား နာယူနေမြဲပါပဲ။ အဲလို နာယူမှတ်သားခဲ့တဲ့ အထဲက အခု ကျွန်တော် နှစ်သက်တာလေးတွေ ချရေးချင်တာ၊ မျှဝေပေးချင်တာပါဗျာ။

-“ဖြစ်သလိုပြောတက်တဲ့ ပါးစပ်နဲ့ ဖြစ်သလို မစားတက်တဲ့ ပါးစပ်” အဲဒီ ပါးစပ်(၂)ခုကို တည့်အောင် သုံးပြုတတ်မယ်ဆိုရင် တရားရနိုင်တယ်။“ ဖြစ်သလိုမပြောဘဲနဲ့ ဖြစ်သလိုစားတက်မယ်ဆိုရင်
-“ကိုယ့်အကျိုး မထိခိုက်တဲ့ သူတစ်ပါး အကျိုးသယ်ပိုးရမယ်” ဆိုတာ အကုသိုလ် အလုပ်တွေ မလုပ်မိဖို့။
-“သူတစ်ပါးအကျိုး မထိခိုက်တဲ့ ကိုယ့်အကျိုးသယ်ပိုးရမယ်” ဆိုတာက ကုသိုလ်အလုပ်တွေ လုပ်နေဖို့ပါ။
-“ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ်လိုပြည့်စုံနေမှာ ၀န်တိုတဲ့စိတ်တွေ လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်း ကောင်ပါပဲ”။
-“အကုသိုလ်တွေ လုပ်တိုင်းဖြစ်နေတာ ကံဆိုးနေတာပါ” (အရှင်ဇ၀န)၊ အကုသိုလ် အကျိုးပေး မသန်ပါစေနဲ့၊ ကုသိုလ် အကျိုးပေးပဲ သန်ပါစေ၊ အကုသိုလ်ရှိရာ အကုသိုလ်လာ( မစင်ရှိရာ ယင်ကောင်လာ)။
-“သူတစ်ပါး မှားတာကို သည်းမခံနိုင်ရင် မိမိအမှား ဖြစ်သွားတတ်တယ်၊ သည်းခံလိုက်ခြင်းဖြင့် တစ်ပါးသူရဲ့ အမှားကို ပြင်ဆင်နိုင်ပါတယ်
-“မသိသေးတာကို သိတာက ဉာဏ်၊ သိပြီးသားကို ထပ်သိပေးနေတာက သတိ၊ ဉာဏ်နဲ့ သတိ ဖြစ်အောင် လုပ်နေတာက ၀ီရိယ”။
-“အမြင့်ရောက်လို့ အမြင်ကျယ်တာထက်၊ အမြင်ကျယ်လို့ အမြင့်ရောက်အောင် လုပ်ပါ”(အရှင်ဆေကိန္ဒ)
-“အလိုမပြည့်တဲ့လောဘကို
အလိုပြည့်အောင် စွမ်းဆောင်နိုင်တာက
တင်းတိမ်ရောင့်ရဲခြင်းပါပဲ၊
ကိုယ်ရသင့်တာထက်ပိုလိုချင်တဲ့စိတ်မရှိဘဲ
ကိုယ်ရသင့်သလောက်ရတာနဲ့ပဲ ကျေနပ်ရင်
လောဘဟာ အလိုပြည့်သွားပါတယ်” (အရှင်ဆန္ဒာဓိက)
-ဒီလိုမျိုးလေးတွေ လုပ်နေတာမြင်တော့ တခြား အရပ်သားတွေက ပြောကြတယ်၊ “မင်းတို့ အသက်အရွယ်နဲ့ ဒါမျိုးတွေ လုပ်နေတာ မင်းတို့တွေ တော်ပါတယ်ကွာ”၊ ကျွန်တော်တို့တွေ တော်တယ်ဆိုတော့ တခြားလူတွေက မတော်ဘူးလို့ ဆိုလိုချင်တဲ့ သဘောလဲ ရောက်ပါတယ်။ တကယ်တော့ လူတိုင်းက မဆိုးကြပါဘူး။ လူတိုင်းက အကောင်းတွေပါ၊ ဒါပေမယ့် သူတို့မှာ အရွဲ့တိုက်ချင်တဲ့ အကျင့်လေးတော့ ရှိတယ်

မနေ့ညကတော့ အစ်ကိုတစ်ယောက်က မေးလိုက်တယ်၊ “ကုသိုလ်ဘာကြောင့်လုပ်တာလဲ၊ ပရဟိတတွေ ဘာကြောင့် လုပ်တာလဲ” ဆိုပြိးတော့ ဆွေးနွေးပွဲစလိုက်ပါတယ်။ ကျွန်တော်တို့တွေ ထပြီးဖြေကြတာပေါ့၊ ထင်ရာမြင်ရာတွေပဲပေါ့။
စာဖတ်သူရော ဘယ်လိုဖြေမလဲ သိချင်လိုက်တာနော်၊ ဒီအမေးလေးနဲ့ ဒီပို့စ်လေးကို ခဏနားပါရစေခင်ဗျာ၊
ကြားဖူးနားဝပဲဖြစ်ဖြစ်၊ ထင်ရာမြင်ရာပဲဖြစ်ဖြစ်၊ ဖြေပေးခဲ့ကြပါလို့ တောင်းဆိုရင်း၊ အားလုံးကို ကျေးဇူးတင်ပါတယ်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ