Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ခန္တီသည်းခံခြင်း

Posted by thawzin Thursday, July 22, 2010 4 comments

ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။

ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။

ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။
သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ ။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။

တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။

အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။

အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။ လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။

သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။

အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည်လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်းတစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။

ထိုဇတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်။ ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိစေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင်ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။ မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။

နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုးကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်းဆက်ဆံရ၏။ တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။

မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ ခန္တီပါရမီအပိုင်းမှ ထုတ်နုတ် ကူးယူဖော်ပြချင်းသာ။
ခန္တီမင်္ဂလာ
နှိပ်စက်စော်ကား၊ အမှုများ၊ ခန့်ထား ခန္တီပါ။
ချမ်းပူစသား၊ ဘေးဒဏ်များ၊ ခန့်ထားခန္တီပါ။
ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။
ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်။
ခန္တီရှိသူ၊ ကုသိုလ်ဟူ၊ လွယ်ကူပြည့်စုံသည်။
ခန္တီကင်းငြား၊ ကုသိုမှား၊ ပျက်ပြားလေတော့သည်။
ခန္တီအာစာ၊ ရှိသူမှာ ပညာပြည့်စုံသည်။
ခန္တီရှိ၏၊ သမာဓိ၊ အတိပြည့်စုံသည်။
ခန္တီကင်းဘိ၊ သမာဓိ၊ မရှိပျက်တော့သည်။
ခန္တီရှိမှ၊ မြတ်သီလ၊ ကျနပြည့်စုံသည်။
ခန္တီကင်းငြား၊ သီလများ၊ ပျက်ပြားလေတော့သည်။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

တန်ဖိုးရှိပါစေ

Posted by thawzin Monday, July 19, 2010 1 comments

တန်ဖိုးသိမှ တန်ဖိုးရှိမည်

“ယုယပါ။ မြတ်နိုးပါ။ ဂရုစိုက်ပါ။ အလေးထားပါ။” ဆိုတာတွေသည် ကျွန်တော်တို့ လူသားများ အသုံးပြု နေလေ့ရှိသည်။ ထိုအရာကို တနည်းအားဖြင့် တန်ဖိုးထားခြင်း တန်ဖိုးလို့ခေါ်မည်ထင်။ “တန်ဖိုးသိမှ တန်ဖိုးရှိမယ်” တဲ့ ဆရာတော် ဦးသုမင်္ဂလ ဟောတဲ့ တရားတိုင်းလိုလိုမှာ အမြဲကြားနာဖူးသည်။ အရာအားလုံးသည် အသုံးဝင်လျှင် တန်ဖိုးဆိုတာ ရှိကြသည်ချည်းပင်။ သို့သော် အသုံးဝင်ရန်အတွက် အသုံးပြုနည်းသည် လိုအပ်သည်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဟု မြန်မာ စကားပုံ ရှိသည်။ အသုံးပြုတက်လျှင် မြက်ပင်ကလေးအစ အသုံးဝင်နေတက်သည်။
မြက်စားနေတဲ့ သိုးလေးတစ်ကောင်အနား ပတ္တာမြားတစ်လုံး ပစ်ချပေးလိုက်မည်။ ထိုသိုးကလေး ကောက်ယူမည် မဟုတ်။ ပတ္တမြားသည် သိုးကလေးအတွက် မြက်တစ်ပင်လောက်မှ အသုံးမကျသောကြောင့်ပင်။ ထိုအတူ ထိုပတ္တမြား၏ တန်ဖိုးကို မသိသောကြောင့် သိမ်းဆည်း၍တန်ဖိုးထားရကောင်းမှန်းလဲ သိမည်မဟုတ်။ တန်ဖိုးမသိသောကြောင့် တန်ဖိုးလဲ မရှိတော့ပေ။
စည်းကမ်းနဲ့တန်ဖိုး
ဒါအပြင် တန်ဖိုးကို လူတို့ စည်းကမ်းဖြင့် သတ်မှတ်ကြပြန်သည်။ “စည်းကမ်းသည် လူ၏တန်ဖိုး” တဲ့။ ဘယ်လိုဟာတွေက စည်းကမ်းမည်လဲ?။ ကျွန်တော်တို့ ကျောင်းတော်က ကြားဖူးတဲ့ စည်းကမ်းဆိုသည် တားမြစ်ချက်တွေကို ရှောင်ကျဉ်ပြီး ချမှတ်ထားတော့ အရာတွေကို လိုက်နာခြင်း, ဆောင်ထားခြင်းသည်ကို ခေါ်မည်ထင်။ စည်းကမ်းတွင် လောကီစည်းကမ်းနှင့် လောကုတ္တရာစည်းကမ်း နှစ်ခုလုံးပါဝင်သည်။ လောကီအတွက် လောကီလူ့ကျင့်ဝတ်တွေ ရှိပါသည်။ ထိုကျင့်ဝတ်တို့သည် လိုက်နာကျင့်သုံးသူအတွက် မိမိကိုယ့်ကိုယ် တန်ဖိုး မြှင့်တင်နေခြင်းတည်း။ လောကုတ္တတရားအတွက် ကျွန်တော်တို့ လောကသားတို့ ဦးခိုက်ရာ မြတ်စွာဘုရား ဟောကြားသော ဒေသနာတို့သည် ရှိသည်။ ကျင့်သုံးလဲ ကျင့်သုံးထိုက်၏။ ကျင့်သုံးသူလည်း ကျင့်သုံးသလောက် လက်ငင်း ကောင်းကျိုးခံစားရသည်။ အတ္တဟိ အတ္တနော နာထော တဲ့ မိမိသည်သာလျှင် ကိုးကွယ်ရာတည်း။ တန်ဖိုးရှိအောင်နေသော သူအတွက် တန်ဖိုးသည် ရှိနေမည်ပင်။ မိမိတန်ဖိုးမဲ့စွာ ပြုမှုနေထိုင်ပါက တန်ဖိုးမဲ့နေအုံးမည်။ He is only bright that shines by himself. သူ့ကိုသူ အရောင်တင်တဲ့သူသာလျှင် အရောင်လက်သည်။ ထိုကဲ့သို့ပင် ကိုယ့်အဆင့်အတန်း ကိုယ်ကိုတိုင်သာ မြှင့်တင် ကောင်းသည်။
စည်းကမ်းသည် လူတစ်ယောက်၏ အနားသတ်မျဉ်းကောင်း၊ ရှည်လျှားပြီး ကွေ့ကောက်များသော မြစ်တို့သည် ကမ်းဟူသည် ရှိ၏။ ကမ်းရှိသောကြောင့် အလွယ်တကူမတိမ်ကောနိုင်။ ကမ်မဲ့သော ရေတို့သည်သာ တိမ်ကော ပျောက်ကွယ်ကြသည်။ မိမိကိုယ့်ကို တန်ဖိုးမြှင့်တင်ချင်လျှင် မြစ်ကဲ့သို့လဲ ကျင့်ကောင်း၏။ ဒါအပြင် အနားသတ်ကောင်းသော ဖျာတို့ ခိုင်ခံ အသုံးဝင်၏။ အသုံးဝင်သောကြောင့် တန်ဖိုးသည် ရှိပြီးဖြစ်၏။
ကျန်းမာခြင်း တန်ဖိုး
ကျန်းမာခြင်းသည် လူတိုင်း၌ အလကားပိုင်ဆိုင် နေတက်သော အဖိုးမဖြတ်နိုင်သော တန်ဖိုးတည်း။ ဘာကြောင့် ကျန်းမာချင်ကြသလဲ။ “ကျန်းမာခြင်းတန်ဖိုးကို မကျန်းမာမှသိမည်” ဆိုတာ သိကြမည်ထင်။ မကျန်းမာလျှင် အစာမက်သော လူတို့သည် စားဖို့တောင် စားချင်စိတ်ပင် မရှိတော့။ လုပ်ချင်စိတ်ဆိုလျှင် လုံးဝရှိမည် မထင်။ ဒါကြောင့် “အာရောဂျ ပရမ လာဘ” ကျန်းမာခြင်းသည် အဖိုးမဖြတ်နိုင်သော တန်ဖိုးဟု ဆိုခြင်ပါသည်။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ဖော်ပြလို့ ဆုံးမည် မဟုတ်။
အချိန် တန်ဖိုး
ထိုအပြင် သတ္တ၀ါတိုင်း မိမိအသက်ကိုတော့ တန်ဖိုးထား ရှည်စေလိုကြသည်။ ထိုအသက်ကို တိုင်းတာသော အချိန် ကိုကား တန်ဖိုးထားရကောင်း မသိကြချေ။ ထိုအတူ အချိန်ဆိုသည့် အဖိုးမဖြတ်နိုင်သော တန်ဖိုးကိုလဲ လူတို့ အလွဲသုံးစားပြုတက်ကြသည်။ အချိန်သည် ဂရုပြုသူအား ဂရုပြုသကဲ့သို့ အကျိုးပြုသည်။အလေးမထားသူအတွက် အလေအလွင့်ထားတက်သည်။ အချိန်ကို အသုံးချသူနည်းပါသည်။ အချိန်သုံးပြုသူများတွင်လဲ နယ်ပယ်နှစ်ခုရှိသည်။ မကောင်းမှုအတွက် အသုံးပြုခြင်းနှင့် ကောင်းမှုအတွက် အသုံးပြုခြင်း တို့ဖြစ်သည်။ ထိုအထဲမှ မကောင်းမှုတွင်သာ အသုံးပြုတက်ကြသူသာ များသည်။ မကောင်းမှုအတွက် အသုံးပြုသူအတွက်လဲ အချိန်သည် မျက်နှာမလိုက်စွာ တစ်ကြိမ်တခါပဲ အသုံးပြုခွင့်ပေးပါသည်။ ထိုတစ်ကြိမ်သာ အခွင့်ပေးတက်သော အချိန်ကို လူတို့ မကောင်းမှုတွင် သုံးပြုသောကြောင့် ပိုပြီး မိုက်မဲရာ ရောက်ပါသည်။ ဤသည်ပင် တန်ဖိုး မထားရာရောက်၏။ တန်ဖိုးမထားလျှင် တန်ဖိုးမရှိသလို တန်ဖိုးလဲ သိမည်မဟုတ်။
အကျင့်စာရိတ္တ တန်ဖိုး
ကျန်းမာခြင်းနှင့် အသက်တို့ထက် တန်ဖိုးထားအပ်သော အရာသည် ရှိသည်။ ထိုအရာသည် “အကျင့်စာရိတ္တ” ဟုဆိုချင်ပါသည်။ အကျင့်စာရိတ္တ ဆုံးရှုံးမှု၊ တန်ဖိုးမထားမှုသည် အကြီးမားဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။ သို့သော် အခုခေတ်လူငယ်များ ထိုအရာကို အကောင်းဆုံး အရင်းအနှီးအဖြစ် မတော်မတရား လွဲမှားစွာ တန်ဖိုး ဖြတ်နေကြသည်။ စာရိတ္တပျက်စွာ ပြောဆိုကြ ပေါင်းသင်းကြ ရောနှောကြသည်။ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုသကဲ့သို့ တစ်နပ်စား အကြံနှင့် တဖက်သားအပေါ် လိမ်လည် လှည့်ဖျားနေကြသည်။ စည်းကမ်းမဲ့ကြသည်။ ထိုသည်ပင် မိမိ၏ အကျင့်စာရိတ္တအား တန်ဖိုးထားရကောင်း မသိမှုပင်။ လက်ရှိခေတ်လူငယ်များ၏ စာရိတ္တဖြင့် ၎င်းတို့၏ တန်ဖိုးကိုဖြတ်ရလျှင် ကမ္ဘာရဲ့ အဖောင်းအပွဆုံး ငွေကြေးထက် အဆပေါင်းများစွာ နိမ့်ကျမည်ထင်ပါသည်။
မျိုးဆက်သစ်ကလေးများကို ဆိုချင်ပါသည်။ အနာဂတ်သည် သူတို့၏လက်ပေါ်တွင် တည်နေသည်။ ထိုအနာဂတ်ပိုင်ရှင်လေးများ တန်ဖိုးရှိ စေချင်သည်။ စည်းကမ်းရှိစေချင်သည်။ အကျင့်စာရိတ္တ မြင့်မားစေချင်သည်။ အဘယ်ကြောင့်ဆိုသော် အကျင့်စာရိတ္တမြင့်မားပြီး စည်းကမ်းရှိသော လူငယ်လေးများသည် တန်ဖိုးသည် ရှိနေပြီးသောကြောင့်တည်း။ ထိုအနာဂတ်ကလေးများအား တန်ဖိုးရှိစေချင်လျှင် တန်ဖိုးရှိအောင် ထိန်းသိမ်းရမည်။ ထိုတာဝန်သည် ကျွန်တော်တို့ တာဝန်သာလျှင်ဖြစ်သည်။ထိုမျိုးဆက်သစ်ကလေးများကို မြတ်စွာဘုရား၏ ဆုံးမတရားများဖြင့် သွန်သင်ထိန်းသိမ်းမည်။ မြန်မာယဉ်ကျေးမှုတွေ မြတ်နိုးစေမည်။ မြန်မာ့အမွေအနှစ်တွေကို တန်ဖိုးထားစေမည်။ မြန်မာသည် ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓ ဘာသာနိုင်ငံမို့ ဗုဒ္ဓအဆုံးအမများကို တန်ဖိုးထားရမည်။ တန်ဖိုးထားတက်အောင် အသုံးပြုသင့်သည်။ အသုံးပြုသူအတွက် အကျိုးထူးသော လူတို့အဖို့ တန်ဖိုးထားရမည်။ တန်ဖိုးသိဖို့ အချိန်တန်ပါပြီး။ တန်ဖိုးသိပြီး တန်ဖိုးရှိနိုင်ပါစေ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ