အိပ်မက်လိုလိုနဲ့ လန့်နိုးခဲ့ရသော ညပေါင်းလဲများခဲ့ပါပြီး။ တိတ်ဆိတ်လှတဲ့ ညတွေလဲ ရှည်လျားသလိုဖြစ်ခဲ့ရပြီး။ အထိတ်တလန့် လန့်နိုးတတ်တဲ့ ညတွေမှာဆိုရင် ပြတင်းပေါက်ဝက ၀ါးပင်ရဲ့ လေယူရာ ယိမ်းနွဲ့နေပုံက ငါ့ကို ကြောက်မက်ဖွယ် လက်ယက်ခေါ်သလိုပဲ။ အဲလိုညတွေဆို မင်းဓါတ်ပုံလေးကို ခိုးခိုးနမ်းနေရင်းနဲ့ ရင်ထဲက ထိန်လန့်စိတ်ကို ပြေစေခဲ့တယ်။
နွမ်းလွန်းလှတဲ့ စာအိပ်ဟောင်းထဲမှာ မဟောင်းနွမ်းခဲ့တဲ့ သံယောဇဉ်တွေ ရှင်သန်နေဆဲပါ။ မိုင်ထောင်ချီပြေးနေရတဲ့ အပြေးသမားလို ကြိုဆိုတဲ့ ပန်းတိုင်းရှိရင် ကောင်းသားနော်။ အချိန်နဲ့မျှ သတိရမှုတွေက တိုတောင်းလွန်းတဲ့ မျှော်လင့်ချက်ကို မက်မက်မောမော တမ်းတနေတုန်း။ ကုစားသွားမယ့် အချိန်ကာလဆိုတာလဲ ကမ်းရောက်လာခဲ့တဲ့ လှိုင်းလုံးတွေကို မြုပ်ချီပျောက်ကွယ်သွားခဲ့တယ်ထင်တယ်။
ငါ့ဘ၀က ၀တ်ရည်မဲ့လွန်းတဲ့ပန်းတစ်ပွင့်ကို အငမ်းမရ စုပ်ယူနေမိတဲ့ ပျားပုတုန်းလေးလို အသက်မဲ့လုနီးပါပဲ။ မငိုပါနဲ့ မိန်းကလေးရယ်။ ဘ၀မခြားသေးသမျှတော့ ဆုံတွေ့မှုဆိုတာကို ပျောက်ကွယ်မသွားနိုင်ပါဘူး။ ငါရဲ့ယုံကြည်မှုတွေက ကောင်ကင်ပြာလို တည်ကြည်တယ်, မိုးတိမ်တွေလို သက်ဝင်နေမှာပဲ။ အရောင်တွေပြောင်းတတ်တဲ့ တိမ်တွေလို၊ ကွေ့ကောက်လွန်းလှတဲ့ ပေတရာ လမ်းမကြီးတွေလို့ သံသယဆိုတာတွေက ဘယ်တော့မှ ရှိနေမှာ မဟုတ်ပါဘူး။
မြူတွေရှင်းတဲ့ လပြည့်ညမှာ သာနေသောလမင်းလို မင်းအတွက်တော့ ကြည်လင်စိတ်ထား, ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်နေအုံးမှာ။ စီးဆင်းမြဲတောင်ကျ ချောင်းရေလေးဟာ အမြဲတမ်းပဲ အေးမြသန့်စင်နေသလိုပဲ၊ ကိုယ်တို့နှစ်ယောက်ရဲ့ ထားရှိကြတဲ့ ချစ်ခြင်းတွေကလဲ နားလည်မှုနဲ့အတူ ထာဝစဉ် ရှင်းသန့်နေအုံးမှာပါကွာ။
နှင်းစက်တို့ ကျတတ်တဲ့ မနက်ခင်းတိုင်း ကိုယ်စောစော အိပ်ယာထတတ်တယ်။ ဒီနှင်းစက်လေးတွေလို ကြည်လင်အေးချမ်းတဲ့ မင်းမျက်နှာကို မြင်ရောင်ရင်းနဲ့ပေါ့။ နေရောင်ခြည်တတ်လာတဲ့အခိုက် နှင်းစက်လေးတွေ ပျော်ဝင်သွားသလိုပဲ မင်းရဲ့ ကြင်နာသော နွေးထွေးတဲ့ စကားလုံးတွေကြားမှာ ကိုယ့်ရဲ့ နာကျင်မှု ဝေဒနာအလွမ်းတွေ ပျော်ဝင်ပျောက်ကွယ်သွားကြတာပါပဲကလေးရေ...။
မိုးတွေသည်းထန်စွာ ရွာသွန်းတတ်တဲ့ ရာသီဥတုမှာ ထီးတစ်လက်တည်း အတူဆောင်းခဲ့ရတဲ့ ကျောင်းဆင်းချိန်လေးကို သတိရမိတယ်။ အခန်းရဲ့ စားပွဲတစ်လုံးလေးပေါ်မှာ မင်းသုံးတတ်တဲ့ ရေမွှေးလေးက မင်းရဲ့ ကိုယ်သင်းရနံကို ဆောင်ကြဉ်းပေးနေတော့ တစ်ကိုယ်ခန်း အခန်းကျဉ်းမှာလဲ ကိုယ်တစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်ဘူး။
မိုးဖွဲလေးတွေ တခါတရံကျတတ်တဲ့ ဆောင်းက တခါတရံ အရောင်စုံတဲ့ သက်တံလေးတွေကို ၀ိုင်းစက်တဲ့ ၀န်းပိုင်းတစ်ခုကို ရေးဆွဲပေးတတ်တယ်။ အဲဒီလိုသက်တံလေးတွေ ကြည့်ပြီး အရောင်တွေခွဲရင်း အငြင်းပွားခဲ့တာလေးက အခုဆို ပြန်တွေးကြည့်ရင်း အပြုံးလေးတွေ ပေးတတ်အောင် သင်ပေးခဲ့တဲ့ ကိုယ်တို့ရဲ့ အတိတ်လေးကို ချစ်တယ်။ ကြာခဲ့ပါပြီးဆိုတဲ့ အတိတ်က ခြေရာတွေက ပြန်တွေးမိလိုက်တဲ့အခါတိုင်း အခေါက်ခေါက် လျောက်ခဲ့ရသလို အသစ်သစ်တွေ ထပ်နေတုန်းပဲကွာ။
့ပြီးတော့လေ... မင်းကိုလွမ်းရင် တရားတော်တွေကို နာယူနေတက်တယ်။ ထာဝဇဉ်မေ့ပျောက်ဖို့ ကြိုးစားနေတာ မဟုတ်တော့ နာယူနေတဲ့အခိုက်မှာ အရာရာအားလုံးက မြေပြန့်မှာ သည်းထန်စွာရွာတဲ့နေတဲ့မိုး စဲသွားပြီးရင် မြင့်ရာနိုမ့်ရာစီးလာတဲ့ မိုးရေလေးတွေကို ငြိမ်သက်စွာ စီးဆင်းရင်းနေရသလို ခံစားမိတယ်။ “အရာရာဟာ မင်းရှိနေရင် ပြည့်စုံနေမှာပဲနော်” လို့ တွေးမိတိုင်း ကြည်နူးမိတယ်ကွာ။
“ဟား...ဟား....... ဘာကြီးလဲ? ဘာတွေရေးထားတာလဲ” ဆိုပြီးတော့ နောက်နဲ့နော်။ တခါတရံမှာ ခံစားချက်လေးတွေလိုလို ဒဿနလိုလို တွေးမိတော့ စာစီမိတာပါ။ ဒီလိုရေးမိသွားရင် ပေါ့ပါးသလိုလို၊ ဟာသွားသလိုလိုရှိတယ် ဆိုတာ သိမှာပါ။
ဇတ်ကားလေး တစ်ကားကြည့်ရင် စာစီမိပါတယ်။ အခုတလော ပေါက်ကရတွေ ရေးဖြစ်နေတယ်ဗျာ။ လာလည်ကြတဲ့ စာဖတ်သူတွေကို ခင်မင်လေးစားပါတယ်။ လာလည်သူ နည်းပေမယ်၊ လာလည်ကြတဲ့ ကျွန်တော့် ဘလော့ သူငယ်ချင်းတွေကို ကျေးဇူးအထူးတင်မိပါတယ်။ ကျေးဇူးများစွာဖြင့်ပါ။