Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

စွယ်စုံဘ၀ အမှတ်တရများ

Posted by thawzin Wednesday, January 6, 2010 5 comments

ကိုယမကာလုလင်(ရှမ်းလေး)က ထူးထူးခြားခြား ကျွန်တော်မျိုးကို တဂ်ပါတယ်။ တဂ်ရလောက်အောင် ခင်မင်မှုကို ကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကနေ ဒီအချိန်ထိ အမှတ်ရစရာတွေရေး ပေးဖို့ပါတဲ့။
ဖြတ်သန်းလာခဲ့တဲ့ ကာလကလဲ ရှည်ကြာလာတာနဲ့ အမျှ သတိတရ အမှတ်ရစရာတွေက ဒုနဲ့ ဒေးပါပဲနော်။ အဓိက အမှတ်ရစရာလေးတွေကို ကျွန်တော် ချရေးပါအုံးမယ်။ ကိုယ့်အကြောင်းဆိုတော့ စိတ်ဝင်စားမှာ မဟုတ်သလို စိတ်ဝင်စားစရာလဲ ကောင်းမယ်မထင်ပါဘူး။

အိမ်ကို မီးရှို့ခြင်း
ကျွန်တော် သုံးတန်းနှစ်၊ ကျွန်တော့် အထက်ကကောင် ခြောက်တန်းနှစ်ပေါ့။ အဲဒီတစ်ခုသော ညနေ နေ၀င်ချိန်လေးမှာပေါ့၊ တောရွာဆိုတော့ ဖယောင်းတိုင်၊ ဆီမီးခွက်နဲ့ အလင်းယူကြတာပေါ့၊ အထက်ကကောင်က ကျောင်းမှာ ဆုတွေရတော့ စာကျက်ရတာ တော်တော် ၀ါသနာကြီးတယ်။ စာကျက်မယ်ဆိုပြီးတော့ ညီအစ်ကို နှစ်ယောက်သား အိမ်ထဲဝင်လာလိုက်တာ။ ကျွန်တော်ကလဲ ညနေက ကိုယ်တိုင်လုပ်ထားတဲ့ ဖယောင်းတိုင်လေးကို မီးညှိရင်းနဲ့ပေါ့။ သူက ဘက်ထရီအိုးကို ထွန်းဖို့ ညှပ်နေခိုက်၊ ကျွန်တော်ကလဲ ကိုယ်တိုင်လုပ်ထားတဲ့ ဖယောင်တိုင်လေးနဲ့ ကြွားဝါချင်စိတ်လေးနဲ့ စာပွဲပေါ်မှာ လိပ်ပြီးသာ ၀ါ(ဗိုင်းငှင်ရန် ပြုလုပ်ထားသော ၀ါလိပ်) အပြည့်ခင်းထားတာ မြင်တယ်။

အဲဒီအခိုက်မှာ စိတ်ထဲ တမျိုးအတွေးရောက်သွားတယ်။ ၀ါလိပ်လေးကို ဖယောင်းမီးနဲ့ တို့လိုက်ရင် ဘယ်လိုနေမယ် မသိဘူး၊ ဆိုပြီး အတွေးနဲ့ သွားတို့လိုက်တာ၊ “၀ုက်” ခနဲ့ပဲ စားပွဲပေါ်က ၀ါခင်းက မီးပြင်ကြီးဖြစ်သွားတယ်။ ကျွန်တော်သိလိုက်တာ ဒါမီးလောင်မှုပဲ။ အိမ်အပြင်ပြေးထွက်ပြီး၊ အမေကို အလန်းတကြား ကြောက်စိတ်နဲ့ ပြေးပြောလိုက်မိတယ်၊ “ အမေ မီးလောင်နေပြီးဗျ”၊ ဒီစကားလေး အော်ပြီးတော့ ကျွန်တော် ဘာမှ မကြားမိတော့ပါဘူး။ အမေကလဲ အံဩတကြီး “ဟေ” ဆိုပြီး အိမ်ထဲက ရေအိုးကို မပြီးတော့ မီးပြင်ကို လှမ်းပေါက်ထည့်လိုက်တယ်။ ခက်နေတာက ကျွန်တော့် အစ်ကို၊ သူက မီးကို တုတ်နဲ့ သွားရိုက်လိုက်တာ၊ ၀ါဆိုတဲ့အမျိုးက အငြိအစွန်း သိပ်သန်တာ။ သူ့တုတ်နဲ့ အတူ မီးလောင်နေတဲ့ ၀ါတွေက ပိုပြန့်ကျဲပြီးတော့ ခုတင်ပေါ်မှာ ခင်းထားတဲ့ ၀ါလိပ်တွေပေါ်ထပ်ပြီး ကျ၊ အဲဒီကနေ ဇာခြင်ထောင်ကို ဆက်လောင်၊ ပြီးတော့ အိမ်ခေါင်မိုးကို ထပ်လောင်ပါလေရောဗျာ။ အမှတ်တရ အိမ်ကို မီးရှို့ခြင်း တစ်ခုပေါ့၊ အခုထိ မမေ့နိုင်သေးပါဘူး။

ရွာကို မီးရှို့ခြင်း
ဒါကလဲ နွေရာသီလေးမှာပါ၊ ဘယ်အသက်အရွယ်လဲတော့ မမှတ်မိတော့ဘူး။ သူငယ်ချင်း အောင်အောင်နဲ့ အတူပေါ့၊ ရွာပြင်မှာ ပြောင်းရိုး ပုံကြီး ဟီးနေတာပဲ။ ရွာနဲ့ကပ်ရပ် လယ်ကွင်းမှာ ပုံထားတာ။ ကျွန်တော် မီးရှို့ချင်တဲ့ စိတ်ပေါက်နေတာ ကြာပြီး၊ အောင်အောင်နဲ့ ဆွေးနွေးပြီး ညနေမီးသွားရှို့ရအောင်လို့ ပြောပြီး၊ အိမ်က အဖေ့ မီးခြစ်ကို ခိုးလာလိုက်တာ၊ အဖေက အဲဒီမီးခြစ်ကို မသုံးတာ ကြာပြီးဆိုတော့ ကျွန်တော် ခိုးသွားလဲ ပျောက်သွားပြီးလို့ ထင်မှာပဲ ဆိုတဲ့အတွေးနဲ့ ရွာအပြင် နှစ်ယောက်သား ထွက်လာလိုက်တာ။
“ဟကောင် အောင်အောင် ဒီပြောင်းရိုးပုံကြီး မီးလောင်လို့ကတော့ တော်တော် ကြည့်လှမှာနော်”
“အေး၊ ဟုတ်တယ်၊ ငါလဲ ကြည့်ချင်တယ်ဟ၊ ဟိုတလောက လယ်ထဲက ပြောင်းရိုးငုတ်တွေ မီးရှို့ခိုင်းတုန်းက သေးသေးလေးတွေ ပုံထားတော့ မီးပုံက သေးသေးလေးပေါ်နေတာ သိပ်အားမရဘူးကွ”
အောင်အောင်ဆိုတာက ကျွန်တော် ဘာလုပ်လုပ် အမြဲထောက်ခံနေတက်တဲ့ ငယ်ချစ်သူငယ်ချင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ နှစ်ယောက်သား ပြောင်းရိုးပုံ ခြေရင်းမှာ မီးစရှို့ကြတာပေါ့၊ ကံကောင်းတာလား၊ ကံဆိုးတာလားမသိဘူး၊ မီးခြစ်က ဓါတ်ဆီကုန်နေတယ်၊ အထဲမှာပါတဲ့ ဓါတ်ဆီဂွမ်းက ခြောက်သွေ့လို့၊ ဒီလိုနဲ့ပဲ ရွာကို မီးတင်ရှို့မယ်အစီအစဉ် ပျက်သွားခဲ့ရတယ်ဗျာ။


ဆားမပါသောဟင်း
၉-တန်းမှ ၁၀-တန်းထိကို ကျွန်တော် မြစ်သားမြို့မှာ ကျောင်းဆက်တတ်ဖြေရတယ်လေ။ ဘကြီးဦးလေးတော်တဲ့ ပရဟိတကျောင်းထိုင် ဆရာတော် ဦးဉာဏဓဇ(ဦးဇင်းအေး)က ကျွန်တော့်ကို စာတော်မယ်ထင်လို့ ခေါ်ပြီး ကျောင်းထားပေးတာပါ။ စာကတော့ တော်ပါဘူး။ ရွာကိုပဲ ခဏခဏပြန်နေတော့ ဘုန်းဘုန်းက ကျွန်တော့်ကို မကျေနပ်ဘူးလေ။ မိဘမဲ့ကလေးပေါင်းက အယောက် (၁၀၀)ကျော်လောက်ရှိမယ်။ ၉-တန်းကျောင်းသားများကို ခေါင်းဆောင်ခန့်ပြီး နေ့အလိုက် ဟင်း၊ ထမင်းချက်ရတယ်။ ကျွန်တော်တို့ ချက်ရတဲ့ နေ့ရောက်ပါလေဗျာ။
ကျောင်းက တော်တော်လေး ကျယ်တယ်ပြောရမယ်။ ငှက်ပျောခြံလဲရှိတယ်။ ဟင်းသီးဟင်းရွက်ပင်တွေကလဲ အလေ့ကျပေါက်နေတာလဲ အများကြီးပါ။ အရင်နေ့တွေတုန်းက ဟင်းပေါင်း အကျန်နဲ့ ကျောင်းသားတွေကို ကျွေးပါတယ်။ ကျွန်တော့်နေ့မှာ ဟင်းပေါင်းလဲ မကျန်ဘူး။ ဘာဟင်းချက်ရမှန်းလဲ မသိဘူး။ ဘုန်းဘုန်းကိုလဲ သွားပြီး မလျောက်ရဲဘူး။ အဲဒါနဲ့ ကျောင်းဝန်းထဲက တွေ့ကရအပင်တွေကို အသီးတွေကို ခူးစွပ်ပြီးတော့ ဟင်းပေါင်းလုပ်တာပေါ့၊ အငယ်ကျောင်းသားလေးတွေက ကျွန်တော်ချက်တာကို ကြည့်ပြီး သဘောကျနေကြတာ၊ “ဒီနေ့တော့ ဟင်းကောင်းမယ်ထင်တယ်၊”၊ ကလေးတွေက သနားဖို့ အရမ်းကောင်းပါတယ်။ ပအို့၊ ပလောင်၊ ကရင်၊ ကချင်၊ ရှမ်း၊ အရွယ်စုံ လူမျိုးစုံတဲ့ မိဘမဲ့ကျောင်းလေးပါ။ သူတို့မှာ သူတို့အိမ်ပြန်ချင်ပေမယ့် မပြန်ရဲကြဘူး။ သူတို့ရဲ့ မိဘတွေလဲ လာမတွေ့ဖြစ်ကြဘူး။ သုံး လေး ငါး နှစ်လောက်ကြာမှ ပြန်ဖြစ်ကြတာ။ ဒါလဲ အကြီးတစ်ယောက်ပါမှ ပြန်လွှတ်တာ ဘုန်းဘုန်းက။

သူတို့ပြန်လာရင်တော့ သူတို့က သူဌေးပဲလေ။
သူတို့ အိမ်ကနေ ပေးလိုက်တာ သုံးလေးငါးနှစ်စာ ပိုက်ဆံပေါ့၊ တစ်ယောက်ကို လေးငါးသောင်းဆီလောက်ပါလာကြတယ်။ ဒါပမေယ့် တစ်နှစ်လောက်ပါပဲ၊ ကလေးတွေဆိုတော့ မုန့်ဝယ်စားချင်ကြတော့ ၀ယ်စားတယ်၊ ပွဲလမ်းသဘင်ကျတော့ ကစားစရာ ၀ယ်တာနဲ့ ကုန်တာပဲ။ သူတို့ မှီစားနေကြတာ၊ ကျွန်တော့်တို့ ချက်တဲ့ ထမင်းနဲ့ ဟင်းပေါ့၊ သူတို့မှာ ငပိကျော် မရှိဘူး၊ ဆီမရှိဘူး၊ ဆားမရှိဘူး၊ အ၀တ်အစားဆိုလဲ လုံလုံလောက်လောက် မရှိဘူး။ ကျွန်တော် ကိုယ်ချင်းစာတာပေါ့။ ကျွန်တော့်ကိုလဲ ရွာမပြန်လွှတ်တာ တစ်လနီးပါးလောက်ရှိတော့ ကျွန်တော်လဲ ဒီထမင်းဒီဟင်းပဲ စားရမှာလေ။ အဲဒါကြောင့် ဟင်းကို သေချာချက်ပါတယ်၊ တစ်ခါမှလဲ မချက်ဖူးပါဘူး။ ဟင်းချက်ပြီး ဟင်းကို မြည်းကြည့်တယ်။ ဘာလိုလဲ မသိဘူး၊ ပေါ့နေတာပဲ၊
“ဆား”
လိုမှန်းသိမှ ဆားအပြေးအလွှားရှာရတယ်။ ခက်တာက ဆားက ဂိုထောင်ထဲမှာ မရှိဘူး။ ဆီလဲ မပါပါဘူး။ ရေနဲ့ ဟင်းသီးဟင်းရွက်ပဲပါတယ်။ ဂိုထောင်က ဆန်တွေပဲရှိတယ်။ အဲလိုနဲ့ ကလေးတွေ ညနေစာ ကျွေးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အရသာမရှိပေမယ့် ဟင်းများလို့တဲ့။

သတိ
ကျွန်တော် ပြောမယ့် “သတိ”က အရပ်သား သတိမဟုတ်ပါဘူး။ စစ်သား သတိပါ။ “ သတိ၊ သက်သာ၊ ညာညှိ” ဆိုတာတွေပေါ့။ ကျွန်တော် ဗိုလ်လောင်း သုံးနှစ်လုံးမှာ အဲဒီလောက် မတ်လွန်းတဲ့ သတိမရှိခဲ့ဘူးထင်ပါတယ်။ ကျွန်တော်က အငယ်ဆုံး ပထမနှစ်ဆိုတော့ အောက်ခြေသိမ်း အကုန်လုပ်ရပါတယ်။ ထမင်းစားတဲ့အခါမှာလဲ စီနိယာတွေနဲ့ အတူ၊ ထမင်းခူးတာ၊ ရေခပ်တာက အစပေါ့။

တစ်ရက်တော့ ကျွန်တော်တို့ အဆောင်ပြောင်းရပါတယ်။ အဆောင်ပြောင်းတော့ တပ်ခွဲဆိုင်ရာ ပစ္စည်းတွေ သယ်ရွေ့ရပါတယ်။ ညနေ မှောင်တဲ့ အထိတောင် မပြီးနိုင်ပါဘူး။ ထမင်းလဲ မစားနိုင်သေးပါဘူး။ ပစ္စည်းတွေသည်ကြ၊ ပြောင်းကြတဲ့၊ တစ်ဖက်ကလဲ ကျွန်တော်တို့ ပြောင်းသွားတဲ့အဆောင်ကို တခြား တပ်ရင်း တပ်ခွဲက ဗိုလ်လောင်းတွေလဲ အဆောင်ကို ရောက်နေကြပါပြီး။ သူတို့လဲ သူတို့ ကိစ္စနဲ့ ရှုပ်နေကြပါတယ်။ ဒါပေမယ့်
“ First year”
“ ရပ်စမ်း၊ မင်းတို့က ဘာလဲကွ၊ ဒီအဆောင်မှာ မနေရတော့ဘူးဆိုပြီးတော့ ဖြစ်ကလတ်တက်ဆန်လုပ်သွားတာလား၊ ဒီမှာ ပလတ်ခုံတွေ ဓါးနဲ့ မွှန်းသွားတယ်”
“First year သတိကပ်နေအောင် ဆွဲထား စမ်းဟေ့ကောင်”
စကားနဲ့ အတူ လက်သီးတစ်လုံးက ကျောပြင်ဆီသို့ စောင့်ဝင်လာသည်။ ထမင်းဆာနေတဲ့ စိတ်လေးတောင် ဘယ်ပျောက်သွားမှန်းမသိဘူး။ ကျွန်တော်တို့ ဘာမှပြန်မပြောနိုင်ပါဘူး။ ဒုတိယနှစ်ဗိုလ်လောင်းများပဲဖြစ်ပါသည်။ သူတို့က ဖတ်ထိပ်ဝတ်စုံနဲ့ဆိုတော့ ဒါက ဒုတိယနှစ်ဗိုလ်လောင်းများပဲဖြစ်မယ်လို့ စိတ်ထဲက ယူဆလိုက်ရသည်။
“ရှေ့တည့်တည်ကြည့် First year၊ မျက်လုံးကစားရင် တစ်ချက်ပဲ၊ သတိကို ကပ်နေအောင် ဆွဲထား၊ လက်ထိုးလို့ပါရင် တစ်လုံးပဲ”
လက်ထိုးတယ်ဆိုတာ ကျွန်တော်တို့ ဒူးဆစ်နှစ်ခု ပူးကပ်နေရပါမယ်၊ အဲဒီကြားထဲကို လက်ကို စောင့်ထိုးထည့်တာပါ၊ လက်နှစ်ဘက်ကလဲ ခန္ဓာကိုယ်နဲ့ ကပ်ရပ်နေရပါတယ်၊ လက်သီကိုလဲ ကျစ်နေအောင် ဆုပ်ထားရပါတယ်။ ခန္ဓာကိုယ်နဲ့ လက်ကပ်နေတဲ့ကြားထဲကို လက်နဲ့ စောင့်ထိုးကြည့်တယ်။ ၂ကြိမ်၊ သုံးကြိမ် မရပါဘူး။ ကျွန်တော် ကပ်နေအောင် နေနေရပါတယ်။
သို့သော်လဲ အပြစ်ရှာရင်တော့ တွေ့မှာပဲလေ။ ကျွန်တော့်ကို စကားတွေတစ်ယောက် ပြော၊ တစ်ယောက်က ဘေးကနေ လက်နဲ့ လိုက်ထိုးနေတယ်။ စကားထဲ အာရုံရောက်သွားတဲ့အခိုက် လက်ထိုးထည့်တာ ၀င်သွားပါတယ်။ အဲဒီမှာ အရှိုက်တည့်တည့်ကို စောင့်ဝင်လာတာက လက်သီးတစ်လုံး၊ ဆက်တိုက် ၀င်လာပါတော့တယ်။ ဘယ်နှစ်ချက်အထိုး ခံလိုက်ရတယ်တော့ မသိဘူး။ ကျွန်တော် အသံတောင် မထွက်နိုင်တော့ဘူး။ ဘေးက သူငယ်ချင်းကလဲ တအီအီအော်နေရပါတယ်။
ကျွန်တော့် ဘ၀မှာ အမက်လွန်းသော သတိ၊ မှန်ကန်သပ်ရပ်လွန်းသော သတိအနေအထားလေးကို ယခုတိုင် မမေ့နိုင်သေးပါဘူးဗျာ။
ဒီလောက်ပါပဲဗျာ၊ သတိရစရာ အမှတ်ရစရာတွေက ပြောမဆုံးပေါင် တောသုံးထောင် ထက် များပါတယ်။ ကိုယမကာလုလင်ကြီးခင်ဗျာ။ အကိုရဲ့ တက်ဂ်မှုကို အချိန်အနောက်ကျစွာမှ ရေးပေးရတဲ့ အတွက် စိတ်မဆိုး၊ စိတ်မညစ်ပါနဲ့လို့ တောင်းပန်လိုက်ပါတယ်ခင်ဗျာ။ အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ၊ ကျေးဇူးတင်ပါတယ်

မြန်မာနှစ် ၁၃၇၁ ခုနှစ် ပြာသိုလပြည့်နေ့။ အမေများနေ့။

ကမ္ဘာ့နိုင်ငံအသီးသီးတိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စတာတွေနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ သတ်မှတ်ကြတာ ထုံးစံတစ်ခုပါပဲ။ သတ်မှတ်တဲ့နေ့ရောက်ပြီဆိုမှ အမှတ်တရပွဲတော်တွေလုပ်ကြ၊ ကကြခုန်ကြ၊ ၀မ်းနည်းကြ၊ ကြေကွဲကြ နဲ့ အလုပ်ကိုများနေကြတာပါပဲ။ ဘယ်လိုတွေပဲဖြစ်ပါစေ ထိုနေ့တွေ ထိုရက်တွေဟာ ပြတိုက်ထဲက နေ့ရက်တွေ မဖြစ်စေ ချင်ဘူး။ ပြတိုက်ဆိုတာ ရှေးဟောင်းပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေအတွက် အကောင်းဆုံးခိုနားရာဖြစ်ပေမယ့် လက်တွေ့ကမ္ဘာမှာတော့ သူတို့တွေအခန်းကဏ္ဍက နေ့စဉ်လှုပ်ရှားမှုတွေမှာ မပါဝင်ကြပါဘူး။ ပြတိုက်ဖွင့်ပြမှ အမှတ်တရတွေ့ခွင့် ရကြတာတွေပါပဲ။

ဒီနေ့က အမေများနေ့တဲ့။ အမေ့အကြောင်း ပြတိုက်ကြီးဖွင့်ပြလို့ လူတွေအမှတ်တရ ဖြစ်ကြတာမျိုး မဖြစ်စေချင်တာ စာရေးသူရဲ့ဆန္ဒပါ။ ပြတိုက်ဖွင့်ပြမှ အမှတ်ရကြမယ်ဆိုရင် အမေ့အကြောင်း အမေ့ကဏ္ဍဟာ နေ့စဉ်ဘ၀တွေမှာ ပါဝင်ခွင့်မရတဲ့ ပြတိုက်ထဲက နေ့တစ်ရက်ဖြစ်သွားမှာ ကျွန်တော်စိုးရိမ်မိပါတယ်။ နေ့ရက်တိုင်းမှာ အမေ့ကဏ္ဍတွေ ပါဝင်စေချင်တယ်။ နာရီတိုင်းမှာ အမေ့အကြောင်းတွေ စဉ်းစားစေချင်တယ်။ မိနစ်တိုင်းမှာ အမေ့အရေးကို စိတ်ဝင်စားစေချင်တယ်။ ဘ၀မှာ အမေ့အတွက် အခန်းကဏ္ဍကို ကြီးကျယ်စေချင်တယ်။ အမေဟာ ဘ၀အတွက် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အမေဟာ အသက်ကိုပေးတယ်။ အမေဟာ ဘ၀ကိုပေးတယ်။ အမေဟာ သုခတွေကို ပေးတယ်။ ဘုရားသခင်က လူသား ကိုဖန်ဆင်းတာပါလို့ ပြောသူတွေက ပြောကြတယ်။ ကျွန်တော်မြင်တာကတော့ မိခင်တွေသာ ကျွန်တော်တို့ကို လူသားတစ်ဦးအဖြစ် လောကအလယ် ထုဆစ်ပုံဖော်ပေးခဲ့တာ မဟုတ်ပါလား။

သားသမီး မရှိတဲ့ သူပဲရှိတယ်။ မိဘမရှိတဲ့သူ မရှိဘူးတဲ့။ ကျွန်တော်ကတော့ မိဘကိုမချစ်တဲ့ သားသမီးပဲ ရှိတယ်။ သားသမီးကို မချစ်တဲ့ မိဘမရှိဘူးလို့ ကျွန်တော်က ထပ်ဖြည့်ချင်ပါတယ်။ ဒီလိုပြောရင် အချို့တော့လည်း ကျွန်တော့်အဆိုကို လက်ခံမယ် မထင်ဘူး။ မိဘရဲ့ စွန့်ပစ်မှုကို ခံရတဲ့သူကတော့ လက်ခံမယ်မထင်ပါဘူး။ ဒါက ကိစ္စမရှိဘူး။ လူနည်းစုပဲ ဖြစ် မှာပါ။ အများစုမှာတော့ သားသမီးတိုင်းကို မိဘတိုင်းက ချစ်ကြတယ်လို့ပဲ ကျွန်တော်မြင်မိတယ်။ ရင်နဲ့လွယ်ပြီး မွေးလာ တဲ့သားကို မဆိုထားနဲ့ ရင်ငွေ့ပေးပြီး မွေးရတဲ့ တိရိစ္ဆာန်တောင် သားသမီးကို ချစ်ကြသေးတာ မြင်ဖူးကြမှာပါ။ နောက်ဆုံး ချစ်တာမချစ်တာကို စာမဖွဲ့နဲ့ဦး။ လူအဖြစ်မွေးပေးလိုက်တာကိုပဲ ကျေးဇူးတင်ထိုက်ပါတယ်။ ဟုတ်တယ်။ ခုလို ကာလကြီး ထဲမှာ (မရိုသေစကားပြောရရင်) ကိုယ့်သားသမီးကို ဗိုက်ထဲမှာတင် သတ်ပစ်နေတဲ့ မိခင်တွေ ဒုနဲ့ဒေး ပါပဲ။ မဖြစ်သင့်တာ တွေလို့ ပြောရမှာပဲ။

အမေနေ့ဆိုတော့ အမေ့အကြောင်းတွေကို ထုတ်ဖော်ချီးမွန်းကြတာတွေ လုပ်ကြတယ်။ ကျွန်တော်ကတော့ မလုပ်ချင်ဘူး။ အမေ့လောက်ကို စိတ်ဓာတ်အရည်အချင်း မပြည့်ဝသေးလို့ပဲ။ ဘာမှမဟုတ်တဲ့ ကျွန်တော်က အမေ့ကို မချီးမွမ်းချင်ဘူး။ အမေ တော်တယ်လို့ ပြောချင်စိတ်မရှိဘူး။ သည့်အတွက်တော့ ခွင့်လွှတ်ပါအမေ။ အမေ့ပြတိုက်ဖွင့်ပြမှ တစ်ခါတစ်ရံ သတိရကြတဲ့သူမျိုး ကျွန်တော်မဖြစ်ချင်ဘူး။ ကျွန်တော့်အတွက်တော့ အမေနေ့ဆိုတာ နာရီတိုင်း၊ မိနစ်တိုင်း၊ နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း သက်ဆုံးတိုင်ပါပဲအမေ။ ဒါကြောင့်လည်း အမေ့စကားဆိုရင် အလေးအနက်ထားပြီး နားထောင်ခဲ့တာ အမေ အသိပါပဲ။ အမေက အရက်သောက်တာမကြိုက်ဘူး။ ဆေးလိပ်သောက်တာမကြိုက်ဘူး။ ကျွန်တော် တစ်ခုမှ မသောက်ဘူး အမေ။ အချိန်တိုင်းမှာ အမေ့စကားတွေ ကျွန်တော်နားထောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့စကား တွေ ပြတိုက် ထဲမရောက်စေချင်လို့ပါပဲအမေ။

ဒါပေမယ့်အမေရယ် လောကမှာ အမေ့သားတွေ အမေ့စကားကို ပြတိုက်ထဲမှာ ထားကြတာများပါတယ်။ အရက်သောက် ကြတယ်။ ဆေးလိပ်သောက်ကြတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပေါင်းသင်းကြတယ်။ ဒါတွေ ရှောင်ဖို့ အမေ အတန်တန် တားတာ သားကြားတာပေါ့အမေရယ်။ ငါ့သားတွေက မကောင်းတာမဖြစ်ဖို့ ဆုံးမတာကို ချုပ်ချယ်တယ်ထင်ပြီး ငါ့ကို ပြန်ပြောကြဆိုကြတယ်၊ ကြာလာရင် သူတို့အတွက် အကုသိုလ်တွေ တိုးလားလိမ့်မယ်ဆိုပြီး ခုဆို အမေလက်လျော့လိုက် ရတယ်မဟုတ်လားအမေ။ အားမငယ်ပါနဲ့ အမေရယ်။ တစ်နေ့ကျရင် သူတို့နားလည်လာမှာပါ။ အမေ့မေတ္တာ ဘယ်လောက် ဖြူစင်တယ်ဆိုတာကို တစ်နေ့ကျရင် သူတို့မြင်နိုင်မှာပါအမေ။ အချိန်လေးတော့ ပေးရမှာပေါ့။ သူတို့ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့တစ်နေ့ကျရင် အမေ့ခံစားချက်တွေ နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တာပါပဲအမေ။

အမေ သူတို့အရွယ်တုန်းက သူတို့လောက်မဆိုးဘူးလို့ ဖွားဖွားပြောတာ ကျွန်တော်ကြားဖူးထားတယ်။ အမေ့သမီးတွေက ခုဆို အတတ်ကောင်းတွေ တတ်နေလိုက်ကြတာအမေရေ။ ဟိုယခင်က လမ်းဘေး လ္ဘက်ရည်ဆိုင်တောင် မိန်းမပျိုလေးတွေ မထိုင်ကြဘူး။ ခုအချိန်မှာတော့ လမ်ဘေးဘီယာဆိုင်မှာပါ မိန်းမပျိုးလေးတွေ ထိုင်နေကြတာ မြင်တွေ့ ကြားသိနေရတာ စိတ်မကောင်းစရာပဲ အမေရယ်။ အမေ့သမီးတွေလေ …. တောမှာနေတုန်းကတော့ လုံမလေး လုံးမလေး နဲ့ ဘကြီးဘထွေးတွေကြားထဲမှာ ပြားပြားဝပ်နေလာတာ။ မြို့ပေါ်လည်းရောက်ရော မလုံ့တလုံမလေးတွေ ဖြစ်ကုန်ပြီ အမေရေ။ ပြောရတာတောင် ရှက်စရာပဲ။ သူတို့တွေကလည်း ပြောကြတယ်။ ဒီနေ့က အမေများနေ့။ အမေကို ချစ်ခင် ကြောင်း၊ ယုယကြောင်း၊ သတိရကြောင်း လွမ်းဆွတ်ကြောင်းတွေ တဖွဲ့တနွဲ့ အမေရှေ့မှာ လာချွဲကြဦးမယ်ထင်တယ်။ တကယ့်လက်တွေ့ဘ၀မှာတော့ အမေ့စကားတွေဟာ ပြတိုက်ထဲမှာပဲ သူတို့ထားကြတာပါ။ မြန်မာအမျိုးသမီးကောင်းဆိုတဲ့ အမေ့ခြေရာကို ထပ်ချပ်မကွာ နင်းမယ့်အစား ခေါက်သိမ်းထားလိုက်တာတွေ များနေတယ်အမေရေ။

ဒါတွေ အမေ မြင်ဦးမှာလား၊ ဒါတွေ အမေပြင်ဦးမှာလား အမေ။ ကျွန်တော်ကတော့ အမေ့လို အမေတွေ လောကမှာ ရှိစေ ချင်သေးတယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုယ့်ဇနီး၊ ကိုယ့်မယား၊ ကိုယ့်လင်၊ ကိုယ့်သားနဲ့ နွေးထွေးတဲ့ မိသားစုဘ၀လေး တွေ ရှိနေစေချင်သေးတယ်။ ငယ်စဉ်တည်းက မျိုးစေ့မကောင်းခဲ့တော့ အရွယ်ပြောင်းလို့ မိခင်လောင်းဖြစ်ရတဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်မမွေးချင်တဲ့ အမျိုးသမီးတွေ မပေါ်ထွန်းစေချင်ဘူး။ ငယ်စဉ်တည်းက အစဉ်အလာကောင်းပြီး အရွယ်ပြောင်းလို့ ဖခင်လောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်တိုင်မွေးလို့ မေတ္တာအပြည့်ပေးနိုင်တဲ့ ဖခင်ကောင်း တွေ ပေါ်ထွက်စေချင်တယ်။ အမေက ရှေ့ဆောင်လမ်းပြ လမ်းကောင်းလမ်းမှန် ချပေးတာ မှန်ပေမယ့် အမေ့သားတွေ၊ အမေသမီးတွေ အယူလွဲပြီး ခုဆို မူကွဲတဲ့မြန်မာတောင် ဖြစ်တော့မလားပဲ အမေရယ်

ဒါကြောင့် ကျွန်တော်က အမေ့အကြောင်း၊ အမေ့စကားဆိုရင် ပြတိုက်ထဲမှာ မထားချင်ဘူးလို့ ဆိုတာပါ။ အမေမြင်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ အမေဖြစ်လာမယ့် အမေလောင်းတွေ အမေအကြောင်း။ အမေအခန်းကဏ္ဍတွေ ကျယ်ကျယ် ပြန့်ပြန့်လိုက်နာကြရင် ဘယ်လောက်ကောင်းမလဲ အမေ။ လက်တွေ့နယ်ပယ်မှာ အမေ့အခန်းကဏ္ဍတွေ နေ့စဉ်ဘ၀မှာ ပါဝင်ခွင့်ရစေချင်ပါပြီ။ ပုခက်လွှဲသော လက်တို့ရဲ့ ဂန္ဓ၀င်ပုံရိပ်တွေ လောကအလယ် ထွက်ပေါ်လာစေဖို့အတွက် ကောင်းခဲ့ တဲ့အမေဟောင်းတို့ရဲ့အစဉ်အလာကို ပြောင်းလဲယူမယ့် အမေလောင်းတို့က လေးလေးနက်နက်လိုက်နာကြမှလည်း အမေ့ စကား၊ အမေ့ပုံရိပ်တွေ ပြတိုက်ထဲမှာ မထားဘူးဆိုတာ ပေါ်လွင်မှာပါ။ ဒါကြောင့် ၁၂ လမှ ၁ခါ သတိရကြတဲ့ ပြတိုက်ထဲက အမေများနေ့ ဘ၀မှ လက်တွေဘ၀မှာ နေ့စဉ်နဲ့အမျှ အမှတ်ရကြတဲ့ အမေများနေ့ အဖြစ် ဖော်ဆောင်နိုင်ကြပါစေ။

မှတ်ချက်။ ။ အထက်ပါ ကဗျာအား မဇ္ဈိမဂုဏ်ရည်ဆရာတော်ဦးကောဝိဒ ရေးသားသည့် အမွေခံထိုက်သူဖြစ်ပါစေစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

သုခရိပ်

အထက်ပါ ပို့စ်ကို ထေရ၀ါဒလူငယ်များ အသင်းဆိုက်မှ ပြန်လည်ကူးယူပါသည်။ ကျွန်တော် လေးစားရတဲ့ စာရေးသူ ကိုသုခရဲ့ အမေများနေ့မှာ ရေးသားခဲ့သော ပို့စ်လေး တစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။ ဒီပို့စ်ကို ဖတ်ပြီး ပြတိုက်ထဲက အမေမဟုတ်ဘဲ ရင်ထဲမှာ အမြဲတမ်းရှိနေပြီး ကျေးဇူးတရားတွေ သိနေသင့်သော အမေဖြစ်ကြောင်း သိစေချင်ပါသည်။




Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ