Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

စွယ်စုံဘ၀ အမှတ်တရများ

Posted by thawzin Wednesday, January 6, 2010

ကိုယမကာလုလင်(ရှမ်းလေး)က ထူးထူးခြားခြား ကျွန်တော်မျိုးကို တဂ်ပါတယ်။ တဂ်ရလောက်အောင် ခင်မင်မှုကို ကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကနေ ဒီအချိန်ထိ အမှတ်ရစရာတွေရေး ပေးဖို့ပါတဲ့။
ဖြတ်သန်းလာခဲ့တဲ့ ကာလကလဲ ရှည်ကြာလာတာနဲ့ အမျှ သတိတရ အမှတ်ရစရာတွေက ဒုနဲ့ ဒေးပါပဲနော်။ အဓိက အမှတ်ရစရာလေးတွေကို ကျွန်တော် ချရေးပါအုံးမယ်။ ကိုယ့်အကြောင်းဆိုတော့ စိတ်ဝင်စားမှာ မဟုတ်သလို စိတ်ဝင်စားစရာလဲ ကောင်းမယ်မထင်ပါဘူး။

အိမ်ကို မီးရှို့ခြင်း
ကျွန်တော် သုံးတန်းနှစ်၊ ကျွန်တော့် အထက်ကကောင် ခြောက်တန်းနှစ်ပေါ့။ အဲဒီတစ်ခုသော ညနေ နေ၀င်ချိန်လေးမှာပေါ့၊ တောရွာဆိုတော့ ဖယောင်းတိုင်၊ ဆီမီးခွက်နဲ့ အလင်းယူကြတာပေါ့၊ အထက်ကကောင်က ကျောင်းမှာ ဆုတွေရတော့ စာကျက်ရတာ တော်တော် ၀ါသနာကြီးတယ်။ စာကျက်မယ်ဆိုပြီးတော့ ညီအစ်ကို နှစ်ယောက်သား အိမ်ထဲဝင်လာလိုက်တာ။ ကျွန်တော်ကလဲ ညနေက ကိုယ်တိုင်လုပ်ထားတဲ့ ဖယောင်းတိုင်လေးကို မီးညှိရင်းနဲ့ပေါ့။ သူက ဘက်ထရီအိုးကို ထွန်းဖို့ ညှပ်နေခိုက်၊ ကျွန်တော်ကလဲ ကိုယ်တိုင်လုပ်ထားတဲ့ ဖယောင်တိုင်လေးနဲ့ ကြွားဝါချင်စိတ်လေးနဲ့ စာပွဲပေါ်မှာ လိပ်ပြီးသာ ၀ါ(ဗိုင်းငှင်ရန် ပြုလုပ်ထားသော ၀ါလိပ်) အပြည့်ခင်းထားတာ မြင်တယ်။

အဲဒီအခိုက်မှာ စိတ်ထဲ တမျိုးအတွေးရောက်သွားတယ်။ ၀ါလိပ်လေးကို ဖယောင်းမီးနဲ့ တို့လိုက်ရင် ဘယ်လိုနေမယ် မသိဘူး၊ ဆိုပြီး အတွေးနဲ့ သွားတို့လိုက်တာ၊ “၀ုက်” ခနဲ့ပဲ စားပွဲပေါ်က ၀ါခင်းက မီးပြင်ကြီးဖြစ်သွားတယ်။ ကျွန်တော်သိလိုက်တာ ဒါမီးလောင်မှုပဲ။ အိမ်အပြင်ပြေးထွက်ပြီး၊ အမေကို အလန်းတကြား ကြောက်စိတ်နဲ့ ပြေးပြောလိုက်မိတယ်၊ “ အမေ မီးလောင်နေပြီးဗျ”၊ ဒီစကားလေး အော်ပြီးတော့ ကျွန်တော် ဘာမှ မကြားမိတော့ပါဘူး။ အမေကလဲ အံဩတကြီး “ဟေ” ဆိုပြီး အိမ်ထဲက ရေအိုးကို မပြီးတော့ မီးပြင်ကို လှမ်းပေါက်ထည့်လိုက်တယ်။ ခက်နေတာက ကျွန်တော့် အစ်ကို၊ သူက မီးကို တုတ်နဲ့ သွားရိုက်လိုက်တာ၊ ၀ါဆိုတဲ့အမျိုးက အငြိအစွန်း သိပ်သန်တာ။ သူ့တုတ်နဲ့ အတူ မီးလောင်နေတဲ့ ၀ါတွေက ပိုပြန့်ကျဲပြီးတော့ ခုတင်ပေါ်မှာ ခင်းထားတဲ့ ၀ါလိပ်တွေပေါ်ထပ်ပြီး ကျ၊ အဲဒီကနေ ဇာခြင်ထောင်ကို ဆက်လောင်၊ ပြီးတော့ အိမ်ခေါင်မိုးကို ထပ်လောင်ပါလေရောဗျာ။ အမှတ်တရ အိမ်ကို မီးရှို့ခြင်း တစ်ခုပေါ့၊ အခုထိ မမေ့နိုင်သေးပါဘူး။

ရွာကို မီးရှို့ခြင်း
ဒါကလဲ နွေရာသီလေးမှာပါ၊ ဘယ်အသက်အရွယ်လဲတော့ မမှတ်မိတော့ဘူး။ သူငယ်ချင်း အောင်အောင်နဲ့ အတူပေါ့၊ ရွာပြင်မှာ ပြောင်းရိုး ပုံကြီး ဟီးနေတာပဲ။ ရွာနဲ့ကပ်ရပ် လယ်ကွင်းမှာ ပုံထားတာ။ ကျွန်တော် မီးရှို့ချင်တဲ့ စိတ်ပေါက်နေတာ ကြာပြီး၊ အောင်အောင်နဲ့ ဆွေးနွေးပြီး ညနေမီးသွားရှို့ရအောင်လို့ ပြောပြီး၊ အိမ်က အဖေ့ မီးခြစ်ကို ခိုးလာလိုက်တာ၊ အဖေက အဲဒီမီးခြစ်ကို မသုံးတာ ကြာပြီးဆိုတော့ ကျွန်တော် ခိုးသွားလဲ ပျောက်သွားပြီးလို့ ထင်မှာပဲ ဆိုတဲ့အတွေးနဲ့ ရွာအပြင် နှစ်ယောက်သား ထွက်လာလိုက်တာ။
“ဟကောင် အောင်အောင် ဒီပြောင်းရိုးပုံကြီး မီးလောင်လို့ကတော့ တော်တော် ကြည့်လှမှာနော်”
“အေး၊ ဟုတ်တယ်၊ ငါလဲ ကြည့်ချင်တယ်ဟ၊ ဟိုတလောက လယ်ထဲက ပြောင်းရိုးငုတ်တွေ မီးရှို့ခိုင်းတုန်းက သေးသေးလေးတွေ ပုံထားတော့ မီးပုံက သေးသေးလေးပေါ်နေတာ သိပ်အားမရဘူးကွ”
အောင်အောင်ဆိုတာက ကျွန်တော် ဘာလုပ်လုပ် အမြဲထောက်ခံနေတက်တဲ့ ငယ်ချစ်သူငယ်ချင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ နှစ်ယောက်သား ပြောင်းရိုးပုံ ခြေရင်းမှာ မီးစရှို့ကြတာပေါ့၊ ကံကောင်းတာလား၊ ကံဆိုးတာလားမသိဘူး၊ မီးခြစ်က ဓါတ်ဆီကုန်နေတယ်၊ အထဲမှာပါတဲ့ ဓါတ်ဆီဂွမ်းက ခြောက်သွေ့လို့၊ ဒီလိုနဲ့ပဲ ရွာကို မီးတင်ရှို့မယ်အစီအစဉ် ပျက်သွားခဲ့ရတယ်ဗျာ။


ဆားမပါသောဟင်း
၉-တန်းမှ ၁၀-တန်းထိကို ကျွန်တော် မြစ်သားမြို့မှာ ကျောင်းဆက်တတ်ဖြေရတယ်လေ။ ဘကြီးဦးလေးတော်တဲ့ ပရဟိတကျောင်းထိုင် ဆရာတော် ဦးဉာဏဓဇ(ဦးဇင်းအေး)က ကျွန်တော့်ကို စာတော်မယ်ထင်လို့ ခေါ်ပြီး ကျောင်းထားပေးတာပါ။ စာကတော့ တော်ပါဘူး။ ရွာကိုပဲ ခဏခဏပြန်နေတော့ ဘုန်းဘုန်းက ကျွန်တော့်ကို မကျေနပ်ဘူးလေ။ မိဘမဲ့ကလေးပေါင်းက အယောက် (၁၀၀)ကျော်လောက်ရှိမယ်။ ၉-တန်းကျောင်းသားများကို ခေါင်းဆောင်ခန့်ပြီး နေ့အလိုက် ဟင်း၊ ထမင်းချက်ရတယ်။ ကျွန်တော်တို့ ချက်ရတဲ့ နေ့ရောက်ပါလေဗျာ။
ကျောင်းက တော်တော်လေး ကျယ်တယ်ပြောရမယ်။ ငှက်ပျောခြံလဲရှိတယ်။ ဟင်းသီးဟင်းရွက်ပင်တွေကလဲ အလေ့ကျပေါက်နေတာလဲ အများကြီးပါ။ အရင်နေ့တွေတုန်းက ဟင်းပေါင်း အကျန်နဲ့ ကျောင်းသားတွေကို ကျွေးပါတယ်။ ကျွန်တော့်နေ့မှာ ဟင်းပေါင်းလဲ မကျန်ဘူး။ ဘာဟင်းချက်ရမှန်းလဲ မသိဘူး။ ဘုန်းဘုန်းကိုလဲ သွားပြီး မလျောက်ရဲဘူး။ အဲဒါနဲ့ ကျောင်းဝန်းထဲက တွေ့ကရအပင်တွေကို အသီးတွေကို ခူးစွပ်ပြီးတော့ ဟင်းပေါင်းလုပ်တာပေါ့၊ အငယ်ကျောင်းသားလေးတွေက ကျွန်တော်ချက်တာကို ကြည့်ပြီး သဘောကျနေကြတာ၊ “ဒီနေ့တော့ ဟင်းကောင်းမယ်ထင်တယ်၊”၊ ကလေးတွေက သနားဖို့ အရမ်းကောင်းပါတယ်။ ပအို့၊ ပလောင်၊ ကရင်၊ ကချင်၊ ရှမ်း၊ အရွယ်စုံ လူမျိုးစုံတဲ့ မိဘမဲ့ကျောင်းလေးပါ။ သူတို့မှာ သူတို့အိမ်ပြန်ချင်ပေမယ့် မပြန်ရဲကြဘူး။ သူတို့ရဲ့ မိဘတွေလဲ လာမတွေ့ဖြစ်ကြဘူး။ သုံး လေး ငါး နှစ်လောက်ကြာမှ ပြန်ဖြစ်ကြတာ။ ဒါလဲ အကြီးတစ်ယောက်ပါမှ ပြန်လွှတ်တာ ဘုန်းဘုန်းက။

သူတို့ပြန်လာရင်တော့ သူတို့က သူဌေးပဲလေ။
သူတို့ အိမ်ကနေ ပေးလိုက်တာ သုံးလေးငါးနှစ်စာ ပိုက်ဆံပေါ့၊ တစ်ယောက်ကို လေးငါးသောင်းဆီလောက်ပါလာကြတယ်။ ဒါပမေယ့် တစ်နှစ်လောက်ပါပဲ၊ ကလေးတွေဆိုတော့ မုန့်ဝယ်စားချင်ကြတော့ ၀ယ်စားတယ်၊ ပွဲလမ်းသဘင်ကျတော့ ကစားစရာ ၀ယ်တာနဲ့ ကုန်တာပဲ။ သူတို့ မှီစားနေကြတာ၊ ကျွန်တော့်တို့ ချက်တဲ့ ထမင်းနဲ့ ဟင်းပေါ့၊ သူတို့မှာ ငပိကျော် မရှိဘူး၊ ဆီမရှိဘူး၊ ဆားမရှိဘူး၊ အ၀တ်အစားဆိုလဲ လုံလုံလောက်လောက် မရှိဘူး။ ကျွန်တော် ကိုယ်ချင်းစာတာပေါ့။ ကျွန်တော့်ကိုလဲ ရွာမပြန်လွှတ်တာ တစ်လနီးပါးလောက်ရှိတော့ ကျွန်တော်လဲ ဒီထမင်းဒီဟင်းပဲ စားရမှာလေ။ အဲဒါကြောင့် ဟင်းကို သေချာချက်ပါတယ်၊ တစ်ခါမှလဲ မချက်ဖူးပါဘူး။ ဟင်းချက်ပြီး ဟင်းကို မြည်းကြည့်တယ်။ ဘာလိုလဲ မသိဘူး၊ ပေါ့နေတာပဲ၊
“ဆား”
လိုမှန်းသိမှ ဆားအပြေးအလွှားရှာရတယ်။ ခက်တာက ဆားက ဂိုထောင်ထဲမှာ မရှိဘူး။ ဆီလဲ မပါပါဘူး။ ရေနဲ့ ဟင်းသီးဟင်းရွက်ပဲပါတယ်။ ဂိုထောင်က ဆန်တွေပဲရှိတယ်။ အဲလိုနဲ့ ကလေးတွေ ညနေစာ ကျွေးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အရသာမရှိပေမယ့် ဟင်းများလို့တဲ့။

သတိ
ကျွန်တော် ပြောမယ့် “သတိ”က အရပ်သား သတိမဟုတ်ပါဘူး။ စစ်သား သတိပါ။ “ သတိ၊ သက်သာ၊ ညာညှိ” ဆိုတာတွေပေါ့။ ကျွန်တော် ဗိုလ်လောင်း သုံးနှစ်လုံးမှာ အဲဒီလောက် မတ်လွန်းတဲ့ သတိမရှိခဲ့ဘူးထင်ပါတယ်။ ကျွန်တော်က အငယ်ဆုံး ပထမနှစ်ဆိုတော့ အောက်ခြေသိမ်း အကုန်လုပ်ရပါတယ်။ ထမင်းစားတဲ့အခါမှာလဲ စီနိယာတွေနဲ့ အတူ၊ ထမင်းခူးတာ၊ ရေခပ်တာက အစပေါ့။

တစ်ရက်တော့ ကျွန်တော်တို့ အဆောင်ပြောင်းရပါတယ်။ အဆောင်ပြောင်းတော့ တပ်ခွဲဆိုင်ရာ ပစ္စည်းတွေ သယ်ရွေ့ရပါတယ်။ ညနေ မှောင်တဲ့ အထိတောင် မပြီးနိုင်ပါဘူး။ ထမင်းလဲ မစားနိုင်သေးပါဘူး။ ပစ္စည်းတွေသည်ကြ၊ ပြောင်းကြတဲ့၊ တစ်ဖက်ကလဲ ကျွန်တော်တို့ ပြောင်းသွားတဲ့အဆောင်ကို တခြား တပ်ရင်း တပ်ခွဲက ဗိုလ်လောင်းတွေလဲ အဆောင်ကို ရောက်နေကြပါပြီး။ သူတို့လဲ သူတို့ ကိစ္စနဲ့ ရှုပ်နေကြပါတယ်။ ဒါပေမယ့်
“ First year”
“ ရပ်စမ်း၊ မင်းတို့က ဘာလဲကွ၊ ဒီအဆောင်မှာ မနေရတော့ဘူးဆိုပြီးတော့ ဖြစ်ကလတ်တက်ဆန်လုပ်သွားတာလား၊ ဒီမှာ ပလတ်ခုံတွေ ဓါးနဲ့ မွှန်းသွားတယ်”
“First year သတိကပ်နေအောင် ဆွဲထား စမ်းဟေ့ကောင်”
စကားနဲ့ အတူ လက်သီးတစ်လုံးက ကျောပြင်ဆီသို့ စောင့်ဝင်လာသည်။ ထမင်းဆာနေတဲ့ စိတ်လေးတောင် ဘယ်ပျောက်သွားမှန်းမသိဘူး။ ကျွန်တော်တို့ ဘာမှပြန်မပြောနိုင်ပါဘူး။ ဒုတိယနှစ်ဗိုလ်လောင်းများပဲဖြစ်ပါသည်။ သူတို့က ဖတ်ထိပ်ဝတ်စုံနဲ့ဆိုတော့ ဒါက ဒုတိယနှစ်ဗိုလ်လောင်းများပဲဖြစ်မယ်လို့ စိတ်ထဲက ယူဆလိုက်ရသည်။
“ရှေ့တည့်တည်ကြည့် First year၊ မျက်လုံးကစားရင် တစ်ချက်ပဲ၊ သတိကို ကပ်နေအောင် ဆွဲထား၊ လက်ထိုးလို့ပါရင် တစ်လုံးပဲ”
လက်ထိုးတယ်ဆိုတာ ကျွန်တော်တို့ ဒူးဆစ်နှစ်ခု ပူးကပ်နေရပါမယ်၊ အဲဒီကြားထဲကို လက်ကို စောင့်ထိုးထည့်တာပါ၊ လက်နှစ်ဘက်ကလဲ ခန္ဓာကိုယ်နဲ့ ကပ်ရပ်နေရပါတယ်၊ လက်သီကိုလဲ ကျစ်နေအောင် ဆုပ်ထားရပါတယ်။ ခန္ဓာကိုယ်နဲ့ လက်ကပ်နေတဲ့ကြားထဲကို လက်နဲ့ စောင့်ထိုးကြည့်တယ်။ ၂ကြိမ်၊ သုံးကြိမ် မရပါဘူး။ ကျွန်တော် ကပ်နေအောင် နေနေရပါတယ်။
သို့သော်လဲ အပြစ်ရှာရင်တော့ တွေ့မှာပဲလေ။ ကျွန်တော့်ကို စကားတွေတစ်ယောက် ပြော၊ တစ်ယောက်က ဘေးကနေ လက်နဲ့ လိုက်ထိုးနေတယ်။ စကားထဲ အာရုံရောက်သွားတဲ့အခိုက် လက်ထိုးထည့်တာ ၀င်သွားပါတယ်။ အဲဒီမှာ အရှိုက်တည့်တည့်ကို စောင့်ဝင်လာတာက လက်သီးတစ်လုံး၊ ဆက်တိုက် ၀င်လာပါတော့တယ်။ ဘယ်နှစ်ချက်အထိုး ခံလိုက်ရတယ်တော့ မသိဘူး။ ကျွန်တော် အသံတောင် မထွက်နိုင်တော့ဘူး။ ဘေးက သူငယ်ချင်းကလဲ တအီအီအော်နေရပါတယ်။
ကျွန်တော့် ဘ၀မှာ အမက်လွန်းသော သတိ၊ မှန်ကန်သပ်ရပ်လွန်းသော သတိအနေအထားလေးကို ယခုတိုင် မမေ့နိုင်သေးပါဘူးဗျာ။
ဒီလောက်ပါပဲဗျာ၊ သတိရစရာ အမှတ်ရစရာတွေက ပြောမဆုံးပေါင် တောသုံးထောင် ထက် များပါတယ်။ ကိုယမကာလုလင်ကြီးခင်ဗျာ။ အကိုရဲ့ တက်ဂ်မှုကို အချိန်အနောက်ကျစွာမှ ရေးပေးရတဲ့ အတွက် စိတ်မဆိုး၊ စိတ်မညစ်ပါနဲ့လို့ တောင်းပန်လိုက်ပါတယ်ခင်ဗျာ။ အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ၊ ကျေးဇူးတင်ပါတယ်

5 comments

  1. ahphyulay Says:
  2. ငယ်ဘဝ လေးများဖတ်ရပြီး ပြန်လခည် လန်းဆန်း လာမိ
    ပါတယ်။ စာရေးတာ ကတော့  ဝါသနာကြီးပုံရပါတယ်။
    ဒါကြောင့် လဲ ဘလော့ ကာကြီးအဖြစ်ရပ်တည်နေတာကိုး။
    တပ်တွင်း ဗိုလ်လောင်းခြင်း ပုံစံ ပေးတာကတော့ 
    တခြမ်းစောင်း နေလွန်းတယ်လို့ ထင်ပါတယ်။
    အရပ်သား တစ်ယောက်အမြင် ကိုပြောတာပါနော်။

     
  3. ကျေးဇူးတင်ပါတယ်ဗျာ ကိုသော်ဇင်ရေ
    ခုလို ရေးပေးတာတွေကိုလည်း အမှတ်ရနေပါ့မယ်
    အိမ်မီးရှို့ တာဆိုလို့  အဖြစ်ခြင်းတူတာလေးပြောပြလိုက်အုန်းမယ်
    အနော့တို့ က ငရဲမီးကစားတာလေ ဖယောင်းတိုင်မီးကို လီပို ခွက်လေးနဲ့ ကင်ပြီး လီပို အဖုံးပေါ်မှာ ဆီထည့်တာ
    အဖုံးကမီးအရှိန်ကြောင့် ပူပြီးဆီပါ ပူလာပြီဆို ရေလေးနဲ့ ဆွတ်ပြီးဖြန်းတော့ မီးက ရှဲ ကနဲ့ တောက်လာတာလေ
    လူကြီးမသိအောင် အိမ်သာဖက် သွားဆော့တာ အိမ်သာဘေးမှာ ဆော့နေတာ ညီအစ်ကိုအားလုံးက
    ငယ်တုန်းကအိမ်သာက သက်ကယ်မိုးဗျ
    ဒါနဲ့ငရဲမီးအစွမ်းက တစ်ချီတော့ တော်တော်မြင့်သွားတယ် အမိုးပါပြောင်သွားတယ်
    ဒါနဲ့ ပဲ အိမ်သာ လည်း ပတ်ကားဘဝပြောင်းသွား၇တယ်
    ပြီးတော့ စပါးခင်းထဲမှာလည်း မီးဆော့တာလေ
    ရိတ်ပြီးစ စပါးခင်းပုံမှာ ပြောရရင် စပါးရိုက်ပြီး ကောက်ရိုးပုံထားတာလေ အဲ့မှာ ညီအစ်ကိုတွေ မီးဆော့နေတာ
    ကောက်ရိုးလေးမီးရှို့ လိုက် ပြီးတော့ သေးနဲ့ ပန်းပြီးငြိမ်းလိုက် နောက်တစ်ယောက်ကရှို့ လိုက် ရှုးရှူးနဲ့ ပေါက်လိုက် ငြိမ်းလိုက်နဲ့ ဆော့နေတာ
    ကြာတော့လည်း မပန်းနိုင်တော့ ထလောင်တာပေါ့ ဗျာ
    တော်သေးတာပေါ့ စပါးပုံမပါသွားတာ ကောက်ရိုးပုံပဲ လောင်သွားတာ အဲ့လို အမှတ်ရစရာတွေ ပဲဗျ
    ငယ်တုန်းက အပူအပင်မရှိတော်တော်ပျှော်ခဲ့တာ
    ကိုသော်ဇင်ဘဝကို ဖတ်ပြီး ရီမောရတယ်ဗျ
    ကံဆုံရင် အပြင်မှာဆုံချင်သေးတယ်ဗျာ ကိုသော်ဇင်ရေ တော်သေးတယ် မီးခြစ်လေးက ဆီကုန်နေလို့ မဟုတ်ရင် ကိုသော်ဇင်ရွာလေး တိုက်တာနဲ့ ဖြစ်နေလောက်ပြီဗျ ကျေနပ်ပါတယ်ဗျာ

     
  4. SHWE ZIN U Says:
  5. ကိုသော်ဇင်ရေ

    အိမ်လည်း မီးနဲ့ ရှို့ပြီးပြီး
    ရွာလည်း မီးနဲ့ ရှိုံဘို့ကြံပြီးပြီ ဆိုတော့

    တော်တော် တော်တာဘဲနော်
    မြန်မာပြည်ကြီးဘဲရှို့ ဘို့ကျန်တော့တယ်ထင်တယ်

     
  6. နေပြည်တော်ကိုတော့ မီးသွားမရှို့နဲ့နော် :)

    ကလေးဘဝဆိုတာ မီးကို သိပ်ကစားချင်တာပဲ

    အိမ်မှာ အမေက သေသေချာချာ ချက်ကျွေး လည်း သူငယ်ချင်းတွေနဲ့ ကိုယ့်အိမ်က ဆန်တွေ ဆီတွေ ခွဲတမ်းနဲ့ ယူလာပြီး ချက်စားတာ ပို ကောင်းသလိုလို ထင်မိတာပဲ။

    ထင်းတွေ ရှာကြ မီးတွေဖိုကြနဲ့ မီးများလောင် ရင် မတွေးဝံ့စရာပါပဲ

     
  7. တော်သေးတာပေါ့ ကိုသော်ဇင် နဲ့ အိမ်နီးနားချင်း မဟုတ်လို့
    နို့မို့ဆိုရင် ခရေညိုတို့ အိမ်လေးလဲ..................

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ