Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

T စီးရီး

Posted by thawzin Saturday, October 10, 2009 5 comments


မိမိရဲ့ နာမည် စီးရီးလိုက် အချက် ၂၀ လိုက်ရေးနေကြပါတာ။ ကျွန်တော့်ကို ဘယ်သူမှ တခါမှ မတက်ဂ်ဖူးပါဘူး။ တက်ဂ်တယ်ဆိုတာကလဲ တကယ်တော့ ဘလောချင်းချင်း ခင်မင်ရိုင်းပင်းမှု ဆိုတာ နားလည်ပါတယ်။ ကျွန်တော်လဲ ဘယ်သူကိုမှ မတက်ဂ်ဖူးတော့ ကျွန်တော့်ကို တက်ဂ်မယ့်သူက မရှိဘူးလေ။ အခု သူငယ်ချင်း ခရေညို တက်ဂ်တဲ့ နာမည်စီးရီး ဆိုင်ရာ စီးရီးလိုက် ဖြေကြားပေးရမယ် ဆိုတော့ ... အင်္ဂလိပ်စာနဲ့ လွတ်နေတာ ကြာပြီးလေ။ ဟိုလှန်ဒီလှောနဲ့ ရှာရပါတယ်။ တက်ဂ်ထားတာနဲ့ စည်းမညီရင်လဲ ခွင့်လွတ်ဖို့ တောင်းပန်ပါတယ်။
တက်ဂ်သူရှိတုန်းလေး ကြိုးစား ရေးလိုက်ပါတယ်....။ ဒီဘလော့လေးကို လာရောက် အားပေးကြတဲ့ ကိုကို မမ ညီ ညီမ အားလုံးကို လေးစားခင်မင်လျှက်ပါ။ ကျေးဇူးတင်ပါတယ်။


1. What is your name : thawzin
2. A Four Letter Word : thaw(အရည်ပျော်အောင်လုပ်သည်တဲ့, ကျွန်တော်ရဲ့မာနတွေ, အမုန်းတရားတွေ, မရှိသင့်တဲ့မာကြောခက်ထန်မှုတွေ အရည်ပျော်စေချင်တာပါ)
3. A Boy’s Name : thant(လေးစား ဂုဏ်ယူအားကျမိသော ဦးသန့်ရဲ့နာမည်)
4. A Girl’s Name : thazin(နာမည်နဲ့ အနီးဆုံးစီးရီးဖြစ်နေလို့)
5. An Occupation : teacher(အခုတော့ စစ်သားဖြစ်နေပါသည်, အမေက ဆရာဖြစ်စေချင်သည်)
6. Something you’ll Wear :TRI( ဈေးကြီးလို့)
7. A Color : tawny color (ညိုဝါရောင်ပြေးသော အရောင် တဲ့ မနည်းရှားထားရတာ)
8. A food : Traditional food(အမေ့လက်ရာ)
9. Something found in the bathroom : TOP (ဆပ်ပြာမှုန့်)
10. A place : Taunggyi(တောင်ကြီးမြို့ကို အကြိုက်ဆုံးပါ)
11. A reason for being late: template changing in my blog
12. Something you’d shout : talking stop
13. A Movie Title : Troy
14. Something you drink : tea
15. A Musical Group : The Roots (နယူးရောက်မှာရှိတယ်တဲ့ အင်တာနက်ထဲက မနည်း ရှာထားတာ T စီးရီးကို)
16. An Animal : tetchy testy cat(ကြောင်လေးတွေ ဒေါသထွက်နေတာ ချစ်စရာကောင်းပါတယ်)
17. A Street Name : tawthuma(I gave this name, middle street in my village)
18. A Type Of Car : TOYOTA
19. The title of a song : Tell me why
20. A verb : tomato



နိန္ဒာပသံသာ ဟု ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်း လောကဓံနှစ်မျိုးတွင် လူတိုင်းက ကဲ့ရဲ့မခံချင်ကြ၊ ချီးမွမ်းတာကိုသာ ခံချင်ကြသည်။ ချီးမွမ်းခံလိုခြင်းသည် အကောင်းမြင်ခံလိုခြင်း ဖြစ်သည်။ အကောင်းမြင်ခံလိုလျှင်ဖြင့် အမြင်ကောင်းဖို့ လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြဖို့လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြနိုင်မှ အကောင်းမြင်နိုင်ကြပေလိမ့်မည်။ အကောင်းမြင်တာ မမြင်တာက မြင်သူအပိုင်း၊ အမြင်ကောင်းအောင် လုပ်နေဖို့က ကိုယ့်အပိုင်းဖြစ်သည်။ ဒါကြောင့် အမြင်ကောင်းဖို့က ပထမ၊ အကောင်းမြင်ဖို့က ဒုတိယ ဖြစ်သည်။

လူတို့ကြားတွင် အကောင်းမြင်သမား၊ အဆိုးမြင်သမား၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ ဟူ၍ ရှိသည်။ အကောင်းမြင်သမား တွေလည်း တွေ့ကြုံဖူးသည်။ အဆိုးမြင်သမားတွေလည်း တွေ့ဖူးပါသည်။ ပါဠိတော်မှာတော့ အဆိုးမြင်သမားကို အပေါက်အကြားရှာလေ့ရှိသူ ဟုဆိုပါသည်။ ပုဂ္ဂိုလ်ကြီး တစ်ဦးတွေ့ဖူးသည်။ ရှေ့မီနောက်မီ၊ စာလေးပေလေး အတော်အသင့် တီးမိခေါက်မိရှိသည်။ စာပေလောကတွင် ထင်ရှားသော (ကွယ်လွန်/လက်ကျန်) ဆရာကြီးအများစု သူ့အမြင်အရဆိုလျှင် ကောင်းတာတစ်ယောက်မျှ မရှိတော့။ “ ကောင်းကွက်ကိုရှာမေတ္တာ” ဆိုသည့်သဘောကို ထိုပုဂ္ဂိုလ်ကြီးအား ပြောပြရသည်။

သူတပါးအပြစ်ကိုသာ ရှုလေ့ရှိသော၊ အမြဲကဲ့ရဲ့လေ့ရှိသော သူအား အကုသိုလ်တရားတွေသာ တိုးပွားကြသည်။ အကုသိုလ်အာသဝေါ တရားတွေ ကုန်ဖို့ဆိုတာက ဝေးပါသေး၏ ”ဟု ဘုရားမိန့်တော်မူသည်။ ရှေးတုန်းက သူတော်စင် ရသေ့နှင့် ပြည့်တန်ဆာမတို့သည် မနီးမဝေး၌ နေကြ၏။ သူတော်စင်လုပ်သူ ရသေ့က ပြည်တန်ဆာမကို ယောက်ျားတစ်ယောက် ၀င်တိုင်း ကျောက်ခဲတစ်လုံးချချပြီး မှတ်ထားလေရာ မကြာခင်မှာပဲ ကျောက်ခဲပုံကြီး ဖြစ်သွားသတဲ့၊ ထိုအခါရသေ့က ပြည်တန်ဆာမခေါ်ပြီး “သင့်မကောင်းမှုတွေဟာ ဒီကျောက်ခဲပုံကြီးလောက် များပြားလေပြီး” ဟု ပြောသတဲ့။

ရသေ့နှင့် ပြည့်တန်ဆာမတို့ ကွယ်လွန်ကြပြီးနောက် ပြည့်တန်ဆာမက နတ်ပြည်ရောက်ကာ ရသေ့က ငရဲကို ရောက်သွားသတဲ့။ ဤကား အဆိုးမြင်သမား၊ အဆိုးမြင်ဝါဒ၏ ဆိုးရွားလှပုံကို ပုံပမာပြုခြင်း ဖြစ်၏။

ပေါ်လီယာနာကို သူ့ဖခင်က မှာခဲ့သော မှာတမ်းလေး တစ်ခုရှိ၏။ “၀မ်းသာစရာအကြောင်းကို ရှာတတ်လျှင် ၀မ်းသာစရာ အကျိုးဖြစ်ပေါ်သည်” ဟူ၍ ဖြစ်၏။ ပေါ်လီယာနာသည် သူ့ဖခင်မှာတမ်းကို တစ်သက်လုံး လိုက်နာကျင့်သုံး၏။ သူ့ဘ၀တစ် လျှောက်လုံး ၀မ်းနည်းစရာတွေ့တိုင်း ၀မ်းသာစရာ ကိုရှာကြံတွေးပြီး ပျော်ပျော် နေလေ့ရှိ၏။ စိတ်ညစ်စရာတွေ့တိုင်း စိတ်ချမ်းသာစရာကို ရှာကြံတွေးပြီးပျော်ပျော်နေလေ့ရှိ၏။

သူ့အတွက်မှမဟုတ်၊ သူများအတွက်လည်း ထိုသို့ပင်နှစ်သိမ့်အား ပေးလေ့ရှိ၏။ တခါက ခြံထဲမှာ မြက်ရှင်းနေသော ခါးကုန်းကုန်း အဖိုးအိုကို “ အဘရယ်... အဘခါးကိုင်းနေတော့ ပေါက်တူးပေါက်ရတာ ခါးကုန်ရ တစ်ဝက် သက်သာသွားတော့ ၀မ်းသာစရာ မဟုတ်လား... အဘရယ်” ဟု ဆိုလေ၏။

တဖန် အိပ်ရာပေါ်မှာ တစ်သက်လုံး နေသွားရတော့မည့် လူမမာ တစ်ယောက်ကိုလည်း “ဒေါ်ဒေါ်ရယ်... သူများတကာ ဒေါ်ဒေါ်လို ဖြစ်မနေတာက ၀မ်းသာစရာပဲပေါ့၊ သူတို့ဘ၀ကို တွေးပြီး သူ့တို့အတွက် ၀မ်းသာပေးလိုက်ပါ” ဟုပြောဆိုနှစ်သိမ့်လေ၏။ အကောင်းဘက် ကလှည့်၍ တွေးရာ မြင်ရာ ကြည့်ရာ မှာတော့ ပေါ်လီယာနာသည် ရှာမှရှားဟု ဆိုရမည်။

တခါက ဆရာတော် တစ်ပါးသည် သူ့ဆွမ်းခံအိမ်က အဖိုးတန် နွားကြီးတစ်ကောင် သေသွားကြောင်း လျှောက်ထားသောအခါ သာဓု သာဓု ပတ္ထနာ ပြုသတဲ့၊ နောက်သားလေး အမြင့်က ပြုတ်ကျပေါင်ကျိုးတော့လည်း သာဓု ခေါ်သတဲ့၊ အဲသလို သာဓုခေါ်တာကို ဒကာက မကျေနပ်လို့ ဆွမ်းခံလမ်းတစ်နေရာကနေ ရိုက်ဖို့ချောင်းနေရာ ဆရာတော်က သူ့ သပိတ်ကြီး ကျကွဲတော့လည်း သာဓုခေါ်သတဲ့။

ထိုအခါ ဒကာကြီးက နားမလည်နိုင်လို့ အကြောင်းစုံကို မေးလျောက်သည့်အခါ “အေး.. အဲဒီတုန်းက နွားမသေရင် လူသေမှာကွ၊ လူသေတာနဲ့ စာရင် နွားသေတာက တော်သေးတာပေါ့၊ ဒါကြောင့် သာဓုခေါ်တာ၊ ဒကာ့သားငယ် ခြေကျိုးတုန်းကလည်း ကလေးမကျိုးရင် လူကြီးကျိုးမှာ၊ ဒါကြောင့် သာဓုခေါ်တာ။ အခုလည်း သပိတ်မကွဲရင် ငါ့ခေါင်းကွဲမှာကွ၊ ဒါကြောင့် သာဓု ခေါ်တာ ” လို့ ရှင်းပြသတဲ့။ အရာရာတိုင်း၌ အဆိုးထဲမှာ အကောင်းရှိတတ်သလို ထိုအဆိုး၏ အခြား တစ်ဖက်၌လည်း အကောင်းရှိနေ တတ်ပါသည်။ ထိုအကောင်းကို ထွင်းဖေါက်မြင်တတ်လျှင် အကောင်းမြင်ဖြစ်သည်။

ဘုရားရှင်လက်ထက်က အရှင်ပုဏ္ဏသည် သုနာပရန္တတိုင်းကို သွားဖို့လျှောက်တော့ ဘုရားက သုနာပရန္တာတိုင်း သားတွေက ရိုင်းစိုင်းမိုက်မဲကြကြောင်း သင့်ကိုဆဲရေးလျှင် ဘယ်လို လုပ်မလဲဟု မိန့်သောအခါ ကိုယ်ထိလက်ရောက် မစော်ကားလျှင်တော်ပါပြီးဘုရား ဟု လျောက်ထားသည်။ ကိုယ်ထိလက်ရောက် စော်ကားလျှင် ဘယ်လိုလုပ်မလဲ ဟုမေးတော့ ခဲနှင့် မပေါက်လျှင် တော်ပါပြီးဘုရား ဟုလျှောက်သည်၊ ခဲနှင့် ပေါက်လျှင်ကော မေးတော့ တုတ်နှင့်မရိုက်လျှင်တော်ပါပြီးဘုရား၊ တုတ်နှင့်ရိုက်လျှင်ရော မေးတော့ ဓါးနဲ့ မခုတ်လျှင်တော်ပါပြီဘုရား ဟုလျှောက်သည်။ ဓါးနှင့်ခုတ်လျှင်ကော၊ အသက်မသေရင် တော်ပါပြီး။ အသေသတ်လျှင်ကော ဆိုတော့ တချို့သူတွေမှာ ဘ၀ကို ငြီးငွေ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြပါသည်။ အခုကိုယ်တိုင်စီရင်ဖို့ မလိုဘဲ သူတို့အဆုံး စီရင်ပေးတာကိုပဲ ကျေးဇူးတင်နေပါမည်ဘုရား ဟုလျှောက်ထားလေသည်။

အရှင်ပုဏ္ဏ၏ အကောင်းမြင်သဘောတရားကို ဘုရားက သာဓု သုံးကြီး ခေါ်တော်မူ၏။ အကောင်းမြင်ဝါဒ ဟူသည် သဘောထားကြီးနိုင်မှ ဖြစ်မည်။ အကောင်းမြင်လေ့ရှိသူတိုင်း စိတ်ထားသဘောထားကြီးကြသည်။
အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရသည် တူသယောင်ယောင် ရှိသော်လည်း လုံးဝချွတ်စွပ်တူသည်တော့ မဟုတ်၊ အကောင်းမြင်ဝါဒမှာ အားနည်းချက်တွေ ရှိသလို၊ အမှားတွေလည်း ရှိနိုင်သည်။ ယောနိသော မနသိကာရ မှာတော့ အားနည်းချက်လည်း မရှိ၊ အမှားလည်း မရှိ၊ မိဘအများစုသည် ကိုယ်သားသမီး ဘယ်လောက်ဆိုးဆိုး သူစိမ်းနှင် ယှဉ်က အကောင်းမြင်ကြသည်သာ၊ ထိုအမြင်သည် ယောနိသော မနသိကာရ မဖြစ်နိုင်၊ အတ္တစွဲနှင့် ဘက်လိုက်မှုရှိနေသည်။ ယောနိသော မနသိကာရကို တိပိဋကပါဠိမြန်မာ အဘိဓါန်က “သင့်လျော်မှန်ကန်သော အကြောင်းနည်းလမ်းအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်း ရှိသော ပညာ” ဟု ဖွင့်ဆိုသည်။

မြတ်စွာဘုရားသည် သူ၏ တပည့်ရဟန်းများကို အမြင်ကောင်းအောင် ညွှန့်ကြားသည်။ ယထာဘူတဒဿန ဉာဏ်ရရှိရေးကိုလည်း အထူးအလေးပေးမြွက်ကြားပြန်သည်။

ယထာ ဘူတဒဿန ကို တိပိဋကပါဠိမြန်မာ အဘိဓါန်က
(၁) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်ခြင်း၊
(၂) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်တတ်သော ဉာဏ် ဟုဖွင့်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ အရှိကို အရှိအတိုင်းသာ သိမြင်တတ်သော သဘောကို ယထာဘူတဒဿန ဟုခေါ်သည်။

ဥပမာ။ ။ ရေတစ်ဝက်ရှိသော ပုလင်းကို ရှုမြင်ရာ၌ အဆိုးမြင်သမားက “ဟင် ရေက တ၀က်ပဲရှိတော့တယ်”၊ အကောင်းမြင်သမားက “ ဟာ ရေတွေ တစ်ဝက်ကြီးများတောင် ရှိသေးတယ်”၊ ယထာဘူတဒဿနသမားက “ ရေတစ်ဝက်ရှိတယ်”ဟု အရှိကို အရှိအတိုင်းမြင်သည်။

မိမိတစ်ဦးတည်း ပုဂ္ဂလိက အတွက်ဆိုလျှင်တော့ အကောင်းမြင်ဝါဒရှိတာက ကောင်းပါသည်။ သို့သော အများအတွက်ဆိုလျှင်တော့ အရှိကို အရှိအတိုင်းမြင်သော ယထာဘူတဒဿနက ပို၍ အသုံးတည့်သည် ပို၍ အကျိုးရှိသည်။

ရွာ၏ အဆင်းဘုရားဝင်း၊
ကျောင်း၏အဆင်း ကျောင်းတလင်း၊
ဘုန်းကြီးအဆင်း ခေါင်းဝင်းဝင်း” ဟု ဆိုရာ၌ အမြင်ကောင်းဖို့ ညွှန်းဆိုခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အမြင်ကောင်းဖို့လိုသလို အကောင်းမြင်ဖို့လည်း လိုပါသည်။ အန္ဓသုတ္တန်ဒေသနာနှင် ညှိ၍ သေချာကြည့်လျှင် ဒွိစက္ခု- နှစ်ဖက်အမြင်ပုဂ္ဂိုလ်၏ အမြင်ဖြစ်သော ပစ္စုပ္ပန်သံသရာ မျှ၍ မြင်ခြင်း၊ သူ့ဖို့ကိုယ့်ဖို့ မျှ၍ မြင်ခြင်း ဟူသောအမြင်နှင် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အမြင်လည်းကောင်း၊ အကောင်းလဲမြင်ပါလိမ့်မည်။ “အမြင်လည်း ကောင်းကြပါစေ၊ အကောင်းလည်း မြင်ကြပါစေ။”

မှတ်ချက်။ ။ ဤဆောင်းပါသည် အောက်တိုဘာ ၇ရက်နေ့ထုတ်ဝေသော weekly Eleven ဂျာနယ်မှ ဆရာတော် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားသော “အမြင်လည်း ကောင်းစေ၊ အကောင်းလည်းမြင်စေ” ကို ဖတ်ပြီး မှတ်သားစရာ ကောင်းလို့ ထပ်ဆင့်မျှဝေလိုက်ရပါသည်။ အပြည့်အစုံဖတ်ချင်ရင် သွားရောက်ဖတ်ရှုကြပါ။ အမြင်တွေ မတူလို့ ဖဆပလကြီး နှစ်ခြမ်းကွဲရတယ်၊ အမြင်မတူလို့ ဗုဒ္ဓဘာသာကြီး နှစ်ခြမ်းကွဲခဲ့ပြီး၊ အမြင်မတူလို့ မိသားစုတွေ ပြိုကွဲရတယ်။ အမြင်တူပြီး စုစည်းနိုင်ကြပါစေ လို့ ဆုမွန်ချွေလိုက်မိပါကြောင်း....။

တတ်ရောင်ဝါး

Posted by thawzin Thursday, October 8, 2009 4 comments








ဒါလေးက ကျွန်တော် မတောက်တခေါက်တတ်တဲ့ ပိုတိုရှော ပညာလေးနဲ့ wallpaper လေးတွေ ဖန်တီးထားတာ ၅ခုတည်းပါ။ လိုချင်ရင် ယူသွားနော်။ အောက်မှာ တင်ပေးထားတဲ့ လင့်လေးရှိပါတယ်။ မလိုချင်ရင် သဘောပါ။ သူများလို ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ပညာတွေ မတတ်ကျွမ်းတော့လဲ မိမိစိတ်ဝင်စားတဲ့ဟာလေးတွေ လျောက်လုပ်ကြည့်ရတာပေါ့ဗျာ။ အနုပညာမျက်စိကတော့ မရှိဘူးဗျ။ မျက်လုံးက ကာလာဗလိုင်း ဆိုတော့ ပိုဆိုးမယ်ထင်တယ်။ အရောင်မခွဲခြားတတ်ဘူး။ ကျွန်တော့် မျက်လုံးထဲမှာ လိုက်ပြီး အရောင်စပ်လိုက်တယ်။ ကြိုက်ရင် အိုကေပေးလိုက်တာပဲလေ။ ဘာကာလာလဲတော့မခွဲခြားတတ်ဘူး။ အ၀ါအပြာ အစိမ်းအနီ အမည်းတော့ ခွဲတတ်တာပေါ့ဗျာ။ ဗိုလ်လောင်း ဆေးစစ်ကတည်းက ရေတပ်နဲ့ လေတပ်သွားဖို့ အဆင့်မမှီတဲ့အကြောင်း မှတ်ချက်က ပါပြီးသားလေ။

ဘလော်ကာတွေအများကြီးပါ အားလုံးဟာ သူဟာနဲ့သူ ကျွန်တော့်ထက် မြင့်မားတဲ့ ဘလော်ကာတွေများပါတယ်။ ဒီနေ့စပြီး ဘလော်ကာဖန်တီးသူထက်တော့ သာကောင်းပါရဲ့။ အမှန်တိုင်းပြောရရင် ဘလော့ ရေးတာ ဘယ်လောက်ကြာပြီလဲ ဆိုရင် ၂နှစ်နီးပါးလောက်ရှိပြီးဗျ။ ဟိုဟာလေး လုပ်လိုက်ဒါလေးလုပ်လိုက်နဲ့ မယ်မယ်ရရ မလုပ်ဘူး။ ပါလေရာ ငပိချက်လေ။ အကုန်ပါတယ်။ ဖလက်စ် သင်တန်း သွားသင်လိုက်တာပဲ။ ပိုတိုရှောလုပ်နည်းလေး သင်လိုက်တာပဲ။ ၀ပ်ဆိုက် လုပ်နည်း လိုက်သင်တာပဲ။ ကွန်ပျူတာအကြောင်း သင်ကြားခြင်းလဲ သွားတတ်လိုက်တာပဲ။ အဘိဓမ္မာသင်တန်းလေးလဲ သင်လိုက်တာပဲ။ တရားဆွေးနွေးပွဲလေးလဲ သွားပြီး နာလိုက်တာပဲ။ အွန်လိုင်းမှာလဲ ချက်ကာမဟုတ်ပေမယ့် ချက်တဲ့အထဲမှာလဲ ပါသေးတာပဲ။ “ဘလော့ရေးသူတွေများ”လို့ စာရင်းထုတ်ရင်လဲ ပါနေအုံးမှာပဲ။

အဲဒီလို သင်တန်းတွေကလဲ ဒီက အစ်ကိုတွေ လက်ဆင့်ကမ်းသင်ပေးကြတာလေ။ နွေရာသီဆို ကျွန်တော်တို့တွေ သွားစရာ ဆိုလို့ မြန်မာကျောင်းသားတွေ ရှိတဲ့ မြို့လေးတွေသွားလည်လို့ပဲရတယ်လေ။ အားလပ်ရပ်ကျောင်းပိတ်ချိန်မှာ အစ်ကိုကြီးတွေက အားကစားပွဲတွေ လုပ်ပေးတယ်။ ကာရာအိုကေတွေ ဟဲခိုင်းတယ်။ ဘောလုံးပွဲတွေလဲ လုပ်ပေးပါတယ်။ ပြီးတော့ ဒီလို အကျိုးရှိမယ် သင်တန်းတွေလဲ သူတို့ ဆည်းပူးထားသမျှ အိပ်သွန်ဖာမှောက်သင်ပေးပါတယ်။ သင်ပေးကြတဲ့သူတွေကတော့ တကယ်တော်ကြပါတယ်။ စေ့စေ့စပ်စပ် စောက်ချလုပ်ရမယ့် အလုပ်လို့ ကျွန်တော့်မှာ မရှိတော့ ရောင်ဝါးဝါးပါပဲဗျာ။
တတ်ရောင်ဝါး လိုလို ကိုယ့်ကိုယ်ကို ၀န်ခံပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ စာဖတ်သူ စိတ်ဝင်စားလောက်တဲ့ အရေးသား စွမ်းရည်ကျပြန်တော့ ကျွန်တော်မှာ မရှိပြန်ဘူးဗျာ။ ပို့စ်တွေ တင်တဲ့အခါလဲ မိမိပို့စ်ကို ဖတ်ပြီး စာဖတ်သူကို စိတ်ညစ်သွားမှာ စိုးတယ်။

ငါရေးလိုက်တဲ့စာက သူတို့အတွက် အဆိပ်များ ဖြစ်နေမလားလို့ တွေးပြီး ရေးချင်စိတ်ကုန်သွားတယ်။ ဘာသာရေး ကျပြန်တော့လဲ အရေးကြီးဆုံးပဲဗျ။ သူက ဘ၀တစ်ခုလုံးမကဘူး သံသရာ တစ်လျောက်လုံးနဲ့ ဆိုင်သွားတဲ့အတွက် သူကပိုပြီး အရေးကြီးပြီး အမှားမခံဘူး။ ဒါကြောင့် ရေးရင် ကိုးကားလေးနဲ့ ရေးတတ်အောင် ရေးပါတယ်။ အရင်ဆုံး မိမိကိုးကားတဲ့ စာအုပ် ပုဂ္ဂိုလ်ရဲ့ ဆိုလိုရင်းလေး ရေးတယ်။ ပြီးတော့ မိမိရဲ့ ဒီအသိလေးအပေါ်မှာ မိမိအမြင်လေး ဖြည့်စွက်ရေးကြည့်တယ်။ သေချာတာက ကျွန်တော်ရေးလိုက်တဲ့ဟာကျရင် ပေါ့ပေါ့သွားတယ်။ ဒါကြောင့် ဘလော့မှာ ဆေးဆိုပေမယ့် မတည့်တဲ့အခါ အဆိပ်ဖြစ်မှာ စိုးလို့ မိမိရဲ့ အယူအဆ တယူသန်ဆန်တာတွေ မရေးချင်ပါဘူး။ တခါတလေတော့ ကောမန့်ပေးတဲ့ မနှစ်သက်နိုင်စရာတွေဖြစ်သွားတယ်ဗျာ ။ မိမိ အမြဲဖတ်နိုင်မယ့် ဘလော့ အနည်းအကျင်းလောက်လေး ဖွဲ့ထားပြီး သူတို့ ရေးသမျှ လိုက်လံအားပေး ဝေဖန်လေကန်ခြင်းက ဘလော်ရေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်စုံနိုင်မဲ့ ဘလောကာ ကျွန်တော်ဘ၀ပါဗျာ။ လေကန်တာ များသွားပါဟ တော်မှ- ယူလိုက ယူပါ လင့်လေးပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါင်းရန်။ ။Mediafire

လူတို့သည် ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်ကြသော်လည်း ကြီးပြင်းလာ ကြသောအခါ မိမိကိုယ်ကျိုးကို ထိခိုက်နစ်နာမှာစိုး၍ မရိုးမသားပြုမူပြောဆို လာကြတော့သည်။ သိတတ်သည့် အရွယ်မှစ၍ မိမိလိုချင်တာမရမှာ စိုးလို့၊ အဆူခံရမှာရမှာစိုးလို့၊ အရိုက်ခံရမှာစိုးလို့၊ မိဘ/ဆရာသမားများ၏ သွန်သင်ဆုံးမမူကြောင့်လည်းကောင်း၊ မိမိ၏ ပင်ကိုအကျင့်စရိုက်ကြောင့်လည်းကောင်း၊ ဘ၀အတွေ့အကြုံနှင့် ဖတ်ရှုရသော စာအုပ်များက ပေးသည့် အသိတရားကြောင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း၏ တန်ဖိုးကို သိသူက သိလာကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် ယခုအချိန်ကာလတွင် ရှားပါးပစ္စည်း ဖြစ်သည်။ အလွယ်တကူ ရှာမရနိုင်။ ထိုကြောင့် အဖိုးတန်၏။ လူတိုင်းရိုးသားဖြောင့်မတ်ခြင်းကိုနှစ်သက်သည်။ ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်။ မည်သည့်အလုပ်မဆို ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်၊ နေရာပေးကြသည်၊ အလုပ်ရှင်တိုင်းလိုလို ရိုးသား ဖြောင့်မတ်သူကို အင်တာဗျူးလုပ်၍ အသေအချာရွေးသည်။ အသင်းအဖွဲ့အစည်းအတော်များများတွင်လည်း ခေါင်းဆောင်နေရာကို ရွေးချယ်ကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် တွေ့ကြုံဆက်ဆံရသူတို့ကို လုံခြုံစိတ်ချရမူပေးသည်။ အရေးကြီးသော နေရာများတွင် နေရာပေးသည်။ အားကိုးသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလုပ်တစ်ခုတွင် ဖြစ်စေ၊ ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတွင်ဖြစ်စေ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ လူတို့သည် ကိုယ်အလုပ်ကိုယ် လုပ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း အကဲဖြတ်နေကြသည်။ အမှန်တကယ် ရိုးသားဖြောင့်မတ်လျှင်၊ လူတိုင်းလိုလိုသိနိုင်၏။

ရိုးသားသည်ဆိုရာ၌ မိမိရပိုင်ခွင့်မရှိသောငွေ၊ ပစ္စည်း၊ အခွင့်အရေးကို ပိုင်ရှင်/ တခြားလူမသိဘဲ နည်းမျိုးစုံဖြင့် မရယူခြင်း ဖြစ်သည်။ သူတစ်ပါးအပေါ် မိမိကိုယ်ကျိုးစီးပွားအတွက် မမှန်ကန်သောနည်းလမ်းဖြင့် မပြုမှုခြင်း၊ မပြောဆိုခြင်း၊ မပြုလုပ်ခြင်းသည်ရိုးသားခြင်းပင် ဖြစ်သည်။

ရိုးသားဖြောင့်မတ်မှုနှင့် ရိုးအမှုသည် လုံးဝကွာခြားသည်။ ဘာမျှမသိ၊ ဘာမျှမတတ်၊ ဘာမျှမလုပ်တတ်သော ရိုးအမှုကို လူတို့ မနှစ်သက်။ တတ်သိနားလည်ပြီး ရိုးသားဖြောင့်မတ်သူတို့ကိုသာ တန်ဖိုးထားကြ၏။ ထိုကြောင့် လောကတွင် ရိုးသားဖြောင့်မတ်မှုသည် ဘယ်သောအခါမျှ တန်ဖိုးယုတ်လျော့သွားမည်မဟုတ်။ တွေ့ကြုံဆက်ဆံရသူတိုင်း အလိုရှိတောင့်တအပ်သော ရိုးသားဖြောင့်မတ်မှုသည် မိမိ ကိုယ်၌ အမြဲတည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

Without honesty there is no real growth.
ရိုးသားမှု မရှိရင် စစ်မှန်သော ကြီးပွားမှု တိုးတတ်မှု မရှိဘူး။
Without honesty there is no freedom.
ရိုးသားမှု မရှိရင် လွတ်လပ်မှု မရှိဘူး။
Without honesty there is no hope.
ရိုးသားမှု မရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။
Without honesty nothing is real.
ရိုးသားမှု မရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။
Without honesty nothing is.
ရိုးသားမှု မရှိရင် ဘာမှ မရှိဘူး။

ဆရာတော်ဦးဇောတိက(တစိမ့်စိမ့်တွေးမယ်)

အမြင်ကိုယ်စီနဲ့ မြင်နိုင်ကြပါစေ။ ရိုးသားမှုကို သင်လဲ မြတ်နိုးသည်။ ကျွန်ုပ်လဲ မြတ်နိုးသည်။ အားလုံးမြတ်နိုးကြတဲ့ အဲဒီရိုးသားမှုကို သင်ရော ထာဝစဉ် ဘာလို့ မဆောင်ထားနိုင်သလဲ။ မရိုးသားမှုတွေကြားမှာ ရိုးသားနေမှုက အသစ်ဆန်းလို့ ဖြစ်နေကြတဲ့ခေတ်ကြီး မရိုးသားမှုကိုပဲ လူတွေကျင့်သုံးနေကြတယ်။ သင်ရိုးသားမှာ ကျွန်ုပ်ရိုးသားပါရစေ ဆိုတဲ့ စကားဟာ ရိုးသားဖို့ စိတ်ထား မရှိသောသူပဲဖြစ်မည်။ ရိုးသားနေသော ပုဂ္ဂိုလ်ကို ရှာနေမယ့်အစား သင်ကိုယ်တိုင် ရိုးသားအောင် ပြုမှုနေထိုင်လိုက်ခြင်းဖြင့် ရိုးသားသူတွေ ရှိလာကြမှာပါ။

သင့်ရဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ဆုံးသွားတဲ့ သင့်ဘ၀မှာ သင်ဟာ မရှုံးနိပ်သေးဘူး။

သင်ရဲ့ ကျန်းမာရေး ချို့တဲ့လာပြီးဆိုရင် သင်တစ်စုံတစ်ခု ဆုံးရှုံးနေရပြီး။

သင်ရဲ့ ကိုယ်ကျင့်သိက္ခာကြီး မြောင်းထဲ ရောက်လောက်အောင် စုတ်ပြတ်ရင်တော့ သင့်ဘ၀အပြည့်အ၀ရှုံးနေပြီး။

ရိုးသားမှုကို မြတ်နိုးရင် ရိုးသားစွာ နေတတ်ပါစေ။ ရိုးသားမှုကို တန်ဖိုးထားတတ်ရင် သင် ရိုးသားနိုင်ပါပြီး။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံဆ နိုင်ကြပါစေ။ မှန်ကန်သော နည်းလမ်းများနဲ့ အသက်ရှင်နိုင်ကြပါစေ။

မှတ်ချက်။ ။ ကောင်းသန့်၏ စေတနာ စကား စာအုပ်မှ ကူးယူပါသည်။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ