Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ရိုးသားဖြောင့်မတ်ခြင်း

Posted by thawzin Wednesday, October 7, 2009

လူတို့သည် ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်ကြသော်လည်း ကြီးပြင်းလာ ကြသောအခါ မိမိကိုယ်ကျိုးကို ထိခိုက်နစ်နာမှာစိုး၍ မရိုးမသားပြုမူပြောဆို လာကြတော့သည်။ သိတတ်သည့် အရွယ်မှစ၍ မိမိလိုချင်တာမရမှာ စိုးလို့၊ အဆူခံရမှာရမှာစိုးလို့၊ အရိုက်ခံရမှာစိုးလို့၊ မိဘ/ဆရာသမားများ၏ သွန်သင်ဆုံးမမူကြောင့်လည်းကောင်း၊ မိမိ၏ ပင်ကိုအကျင့်စရိုက်ကြောင့်လည်းကောင်း၊ ဘ၀အတွေ့အကြုံနှင့် ဖတ်ရှုရသော စာအုပ်များက ပေးသည့် အသိတရားကြောင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း၏ တန်ဖိုးကို သိသူက သိလာကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် ယခုအချိန်ကာလတွင် ရှားပါးပစ္စည်း ဖြစ်သည်။ အလွယ်တကူ ရှာမရနိုင်။ ထိုကြောင့် အဖိုးတန်၏။ လူတိုင်းရိုးသားဖြောင့်မတ်ခြင်းကိုနှစ်သက်သည်။ ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်။ မည်သည့်အလုပ်မဆို ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်၊ နေရာပေးကြသည်၊ အလုပ်ရှင်တိုင်းလိုလို ရိုးသား ဖြောင့်မတ်သူကို အင်တာဗျူးလုပ်၍ အသေအချာရွေးသည်။ အသင်းအဖွဲ့အစည်းအတော်များများတွင်လည်း ခေါင်းဆောင်နေရာကို ရွေးချယ်ကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် တွေ့ကြုံဆက်ဆံရသူတို့ကို လုံခြုံစိတ်ချရမူပေးသည်။ အရေးကြီးသော နေရာများတွင် နေရာပေးသည်။ အားကိုးသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလုပ်တစ်ခုတွင် ဖြစ်စေ၊ ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတွင်ဖြစ်စေ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ လူတို့သည် ကိုယ်အလုပ်ကိုယ် လုပ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း အကဲဖြတ်နေကြသည်။ အမှန်တကယ် ရိုးသားဖြောင့်မတ်လျှင်၊ လူတိုင်းလိုလိုသိနိုင်၏။

ရိုးသားသည်ဆိုရာ၌ မိမိရပိုင်ခွင့်မရှိသောငွေ၊ ပစ္စည်း၊ အခွင့်အရေးကို ပိုင်ရှင်/ တခြားလူမသိဘဲ နည်းမျိုးစုံဖြင့် မရယူခြင်း ဖြစ်သည်။ သူတစ်ပါးအပေါ် မိမိကိုယ်ကျိုးစီးပွားအတွက် မမှန်ကန်သောနည်းလမ်းဖြင့် မပြုမှုခြင်း၊ မပြောဆိုခြင်း၊ မပြုလုပ်ခြင်းသည်ရိုးသားခြင်းပင် ဖြစ်သည်။

ရိုးသားဖြောင့်မတ်မှုနှင့် ရိုးအမှုသည် လုံးဝကွာခြားသည်။ ဘာမျှမသိ၊ ဘာမျှမတတ်၊ ဘာမျှမလုပ်တတ်သော ရိုးအမှုကို လူတို့ မနှစ်သက်။ တတ်သိနားလည်ပြီး ရိုးသားဖြောင့်မတ်သူတို့ကိုသာ တန်ဖိုးထားကြ၏။ ထိုကြောင့် လောကတွင် ရိုးသားဖြောင့်မတ်မှုသည် ဘယ်သောအခါမျှ တန်ဖိုးယုတ်လျော့သွားမည်မဟုတ်။ တွေ့ကြုံဆက်ဆံရသူတိုင်း အလိုရှိတောင့်တအပ်သော ရိုးသားဖြောင့်မတ်မှုသည် မိမိ ကိုယ်၌ အမြဲတည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

Without honesty there is no real growth.
ရိုးသားမှု မရှိရင် စစ်မှန်သော ကြီးပွားမှု တိုးတတ်မှု မရှိဘူး။
Without honesty there is no freedom.
ရိုးသားမှု မရှိရင် လွတ်လပ်မှု မရှိဘူး။
Without honesty there is no hope.
ရိုးသားမှု မရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။
Without honesty nothing is real.
ရိုးသားမှု မရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။
Without honesty nothing is.
ရိုးသားမှု မရှိရင် ဘာမှ မရှိဘူး။

ဆရာတော်ဦးဇောတိက(တစိမ့်စိမ့်တွေးမယ်)

အမြင်ကိုယ်စီနဲ့ မြင်နိုင်ကြပါစေ။ ရိုးသားမှုကို သင်လဲ မြတ်နိုးသည်။ ကျွန်ုပ်လဲ မြတ်နိုးသည်။ အားလုံးမြတ်နိုးကြတဲ့ အဲဒီရိုးသားမှုကို သင်ရော ထာဝစဉ် ဘာလို့ မဆောင်ထားနိုင်သလဲ။ မရိုးသားမှုတွေကြားမှာ ရိုးသားနေမှုက အသစ်ဆန်းလို့ ဖြစ်နေကြတဲ့ခေတ်ကြီး မရိုးသားမှုကိုပဲ လူတွေကျင့်သုံးနေကြတယ်။ သင်ရိုးသားမှာ ကျွန်ုပ်ရိုးသားပါရစေ ဆိုတဲ့ စကားဟာ ရိုးသားဖို့ စိတ်ထား မရှိသောသူပဲဖြစ်မည်။ ရိုးသားနေသော ပုဂ္ဂိုလ်ကို ရှာနေမယ့်အစား သင်ကိုယ်တိုင် ရိုးသားအောင် ပြုမှုနေထိုင်လိုက်ခြင်းဖြင့် ရိုးသားသူတွေ ရှိလာကြမှာပါ။

သင့်ရဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ဆုံးသွားတဲ့ သင့်ဘ၀မှာ သင်ဟာ မရှုံးနိပ်သေးဘူး။

သင်ရဲ့ ကျန်းမာရေး ချို့တဲ့လာပြီးဆိုရင် သင်တစ်စုံတစ်ခု ဆုံးရှုံးနေရပြီး။

သင်ရဲ့ ကိုယ်ကျင့်သိက္ခာကြီး မြောင်းထဲ ရောက်လောက်အောင် စုတ်ပြတ်ရင်တော့ သင့်ဘ၀အပြည့်အ၀ရှုံးနေပြီး။

ရိုးသားမှုကို မြတ်နိုးရင် ရိုးသားစွာ နေတတ်ပါစေ။ ရိုးသားမှုကို တန်ဖိုးထားတတ်ရင် သင် ရိုးသားနိုင်ပါပြီး။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံဆ နိုင်ကြပါစေ။ မှန်ကန်သော နည်းလမ်းများနဲ့ အသက်ရှင်နိုင်ကြပါစေ။

မှတ်ချက်။ ။ ကောင်းသန့်၏ စေတနာ စကား စာအုပ်မှ ကူးယူပါသည်။

4 comments

  1. ကိုသော်ဇင်ရေ
    အခုလို ဗဟုသုတစာတွေ ဖတ်ရတဲ့ အတွက်ကျေးဇူးပါနော်

     
  2. မင်္ဂလာပါ ကိုသော် ရေ...

    အခုလို တန်ဖိုးကြီးမားတဲ့ စာပေ ဗဟုသုတတွေ
    ဝေမျှလို့ ကျေးဇူးပါ။ ဆက်လက်ပြီး ရေးသားနိုင်ပါစေ။

    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  3. maylay Says:
  4. သော်ဇင် ကလေးလေးရေ ကျေးဇူးပါ ရိုးသားဖို့ကို အလိုရှိပါလျက် ကိုယ်တိုင်လည်းမရိုးသားနိုင်ဘဲ ရိုးသားမှုကို အပန်းတကြီးရှာနေကြတာကများတယ်။ ကိုယ်တိုင်ရိုးသားဖို့ကို အရင်ကြိုးစားနေဆဲ။ ရိုးသားတာကိုလည်း အစ်မက ခုံခုံမင်မင် ရှာဖွေဆဲပါ ။ (အစ်မလည်း ကောင်းသန့်စာအုပ်တွေဖတ်ဖြစ်တယ်) ဝေမျှပေးတာ ကျေးဇူး ကလေးလေးရေ

     
  5. ahphyulay Says:
  6. ရိုးသားဖြောင့် မတ်ခြင်းနဲ့ ပတ်သက်မယ်ထင်တဲ့ 
    စကားလေးတစ်ခု ရှိခဲ့ ဘူးတယ်လေ၊ လူကောင်း
    လူတော်တဲ့ ။မတူဘူးနဲ့ တူပါတယ်၊ လူတော်
    တစ်ယောက်ဖြစ်ဖို့ ထက် လူကောင်း တယောက်ဖြစ်ဘို့ ကအရေးကြီးပါတယ်။ကျွန်
    တော်တို့ ဆီမှာတော့  လူတော်တွေကြီး ထွန်း
    ကားနေပါပြီ။တော်တာနဲ့ ကောင်းတာရောတူပါ
    သလားလို့ ။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ