Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)
Showing posts with label life. Show all posts
Showing posts with label life. Show all posts

T စီးရီး

Posted by thawzin Saturday, October 10, 2009 5 comments


မိမိရဲ့ နာမည် စီးရီးလိုက် အချက် ၂၀ လိုက်ရေးနေကြပါတာ။ ကျွန်တော့်ကို ဘယ်သူမှ တခါမှ မတက်ဂ်ဖူးပါဘူး။ တက်ဂ်တယ်ဆိုတာကလဲ တကယ်တော့ ဘလောချင်းချင်း ခင်မင်ရိုင်းပင်းမှု ဆိုတာ နားလည်ပါတယ်။ ကျွန်တော်လဲ ဘယ်သူကိုမှ မတက်ဂ်ဖူးတော့ ကျွန်တော့်ကို တက်ဂ်မယ့်သူက မရှိဘူးလေ။ အခု သူငယ်ချင်း ခရေညို တက်ဂ်တဲ့ နာမည်စီးရီး ဆိုင်ရာ စီးရီးလိုက် ဖြေကြားပေးရမယ် ဆိုတော့ ... အင်္ဂလိပ်စာနဲ့ လွတ်နေတာ ကြာပြီးလေ။ ဟိုလှန်ဒီလှောနဲ့ ရှာရပါတယ်။ တက်ဂ်ထားတာနဲ့ စည်းမညီရင်လဲ ခွင့်လွတ်ဖို့ တောင်းပန်ပါတယ်။
တက်ဂ်သူရှိတုန်းလေး ကြိုးစား ရေးလိုက်ပါတယ်....။ ဒီဘလော့လေးကို လာရောက် အားပေးကြတဲ့ ကိုကို မမ ညီ ညီမ အားလုံးကို လေးစားခင်မင်လျှက်ပါ။ ကျေးဇူးတင်ပါတယ်။


1. What is your name : thawzin
2. A Four Letter Word : thaw(အရည်ပျော်အောင်လုပ်သည်တဲ့, ကျွန်တော်ရဲ့မာနတွေ, အမုန်းတရားတွေ, မရှိသင့်တဲ့မာကြောခက်ထန်မှုတွေ အရည်ပျော်စေချင်တာပါ)
3. A Boy’s Name : thant(လေးစား ဂုဏ်ယူအားကျမိသော ဦးသန့်ရဲ့နာမည်)
4. A Girl’s Name : thazin(နာမည်နဲ့ အနီးဆုံးစီးရီးဖြစ်နေလို့)
5. An Occupation : teacher(အခုတော့ စစ်သားဖြစ်နေပါသည်, အမေက ဆရာဖြစ်စေချင်သည်)
6. Something you’ll Wear :TRI( ဈေးကြီးလို့)
7. A Color : tawny color (ညိုဝါရောင်ပြေးသော အရောင် တဲ့ မနည်းရှားထားရတာ)
8. A food : Traditional food(အမေ့လက်ရာ)
9. Something found in the bathroom : TOP (ဆပ်ပြာမှုန့်)
10. A place : Taunggyi(တောင်ကြီးမြို့ကို အကြိုက်ဆုံးပါ)
11. A reason for being late: template changing in my blog
12. Something you’d shout : talking stop
13. A Movie Title : Troy
14. Something you drink : tea
15. A Musical Group : The Roots (နယူးရောက်မှာရှိတယ်တဲ့ အင်တာနက်ထဲက မနည်း ရှာထားတာ T စီးရီးကို)
16. An Animal : tetchy testy cat(ကြောင်လေးတွေ ဒေါသထွက်နေတာ ချစ်စရာကောင်းပါတယ်)
17. A Street Name : tawthuma(I gave this name, middle street in my village)
18. A Type Of Car : TOYOTA
19. The title of a song : Tell me why
20. A verb : tomato



နိန္ဒာပသံသာ ဟု ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်း လောကဓံနှစ်မျိုးတွင် လူတိုင်းက ကဲ့ရဲ့မခံချင်ကြ၊ ချီးမွမ်းတာကိုသာ ခံချင်ကြသည်။ ချီးမွမ်းခံလိုခြင်းသည် အကောင်းမြင်ခံလိုခြင်း ဖြစ်သည်။ အကောင်းမြင်ခံလိုလျှင်ဖြင့် အမြင်ကောင်းဖို့ လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြဖို့လိုပေလိမ့်မည်။ အမြင်ကောင်းအောင် လုပ်ပြနိုင်မှ အကောင်းမြင်နိုင်ကြပေလိမ့်မည်။ အကောင်းမြင်တာ မမြင်တာက မြင်သူအပိုင်း၊ အမြင်ကောင်းအောင် လုပ်နေဖို့က ကိုယ့်အပိုင်းဖြစ်သည်။ ဒါကြောင့် အမြင်ကောင်းဖို့က ပထမ၊ အကောင်းမြင်ဖို့က ဒုတိယ ဖြစ်သည်။

လူတို့ကြားတွင် အကောင်းမြင်သမား၊ အဆိုးမြင်သမား၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ ဟူ၍ ရှိသည်။ အကောင်းမြင်သမား တွေလည်း တွေ့ကြုံဖူးသည်။ အဆိုးမြင်သမားတွေလည်း တွေ့ဖူးပါသည်။ ပါဠိတော်မှာတော့ အဆိုးမြင်သမားကို အပေါက်အကြားရှာလေ့ရှိသူ ဟုဆိုပါသည်။ ပုဂ္ဂိုလ်ကြီး တစ်ဦးတွေ့ဖူးသည်။ ရှေ့မီနောက်မီ၊ စာလေးပေလေး အတော်အသင့် တီးမိခေါက်မိရှိသည်။ စာပေလောကတွင် ထင်ရှားသော (ကွယ်လွန်/လက်ကျန်) ဆရာကြီးအများစု သူ့အမြင်အရဆိုလျှင် ကောင်းတာတစ်ယောက်မျှ မရှိတော့။ “ ကောင်းကွက်ကိုရှာမေတ္တာ” ဆိုသည့်သဘောကို ထိုပုဂ္ဂိုလ်ကြီးအား ပြောပြရသည်။

“သူတပါးအပြစ်ကိုသာ ရှုလေ့ရှိသော၊ အမြဲကဲ့ရဲ့လေ့ရှိသော သူအား အကုသိုလ်တရားတွေသာ တိုးပွားကြသည်။ အကုသိုလ်အာသဝေါ တရားတွေ ကုန်ဖို့ဆိုတာက ဝေးပါသေး၏ ”ဟု ဘုရားမိန့်တော်မူသည်။ ရှေးတုန်းက သူတော်စင် ရသေ့နှင့် ပြည့်တန်ဆာမတို့သည် မနီးမဝေး၌ နေကြ၏။ သူတော်စင်လုပ်သူ ရသေ့က ပြည်တန်ဆာမကို ယောက်ျားတစ်ယောက် ၀င်တိုင်း ကျောက်ခဲတစ်လုံးချချပြီး မှတ်ထားလေရာ မကြာခင်မှာပဲ ကျောက်ခဲပုံကြီး ဖြစ်သွားသတဲ့၊ ထိုအခါရသေ့က ပြည်တန်ဆာမခေါ်ပြီး “သင့်မကောင်းမှုတွေဟာ ဒီကျောက်ခဲပုံကြီးလောက် များပြားလေပြီး” ဟု ပြောသတဲ့။

ရသေ့နှင့် ပြည့်တန်ဆာမတို့ ကွယ်လွန်ကြပြီးနောက် ပြည့်တန်ဆာမက နတ်ပြည်ရောက်ကာ ရသေ့က ငရဲကို ရောက်သွားသတဲ့။ ဤကား အဆိုးမြင်သမား၊ အဆိုးမြင်ဝါဒ၏ ဆိုးရွားလှပုံကို ပုံပမာပြုခြင်း ဖြစ်၏။

ပေါ်လီယာနာကို သူ့ဖခင်က မှာခဲ့သော မှာတမ်းလေး တစ်ခုရှိ၏။ “၀မ်းသာစရာအကြောင်းကို ရှာတတ်လျှင် ၀မ်းသာစရာ အကျိုးဖြစ်ပေါ်သည်” ဟူ၍ ဖြစ်၏။ ပေါ်လီယာနာသည် သူ့ဖခင်မှာတမ်းကို တစ်သက်လုံး လိုက်နာကျင့်သုံး၏။ သူ့ဘ၀တစ် လျှောက်လုံး ၀မ်းနည်းစရာတွေ့တိုင်း ၀မ်းသာစရာ ကိုရှာကြံတွေးပြီး ပျော်ပျော် နေလေ့ရှိ၏။ စိတ်ညစ်စရာတွေ့တိုင်း စိတ်ချမ်းသာစရာကို ရှာကြံတွေးပြီးပျော်ပျော်နေလေ့ရှိ၏။

သူ့အတွက်မှမဟုတ်၊ သူများအတွက်လည်း ထိုသို့ပင်နှစ်သိမ့်အား ပေးလေ့ရှိ၏။ တခါက ခြံထဲမှာ မြက်ရှင်းနေသော ခါးကုန်းကုန်း အဖိုးအိုကို “ အဘရယ်... အဘခါးကိုင်းနေတော့ ပေါက်တူးပေါက်ရတာ ခါးကုန်ရ တစ်ဝက် သက်သာသွားတော့ ၀မ်းသာစရာ မဟုတ်လား... အဘရယ်” ဟု ဆိုလေ၏။

တဖန် အိပ်ရာပေါ်မှာ တစ်သက်လုံး နေသွားရတော့မည့် လူမမာ တစ်ယောက်ကိုလည်း “ဒေါ်ဒေါ်ရယ်... သူများတကာ ဒေါ်ဒေါ်လို ဖြစ်မနေတာက ၀မ်းသာစရာပဲပေါ့၊ သူတို့ဘ၀ကို တွေးပြီး သူ့တို့အတွက် ၀မ်းသာပေးလိုက်ပါ” ဟုပြောဆိုနှစ်သိမ့်လေ၏။ အကောင်းဘက် ကလှည့်၍ တွေးရာ မြင်ရာ ကြည့်ရာ မှာတော့ ပေါ်လီယာနာသည် ရှာမှရှားဟု ဆိုရမည်။

တခါက ဆရာတော် တစ်ပါးသည် သူ့ဆွမ်းခံအိမ်က အဖိုးတန် နွားကြီးတစ်ကောင် သေသွားကြောင်း လျှောက်ထားသောအခါ သာဓု သာဓု ပတ္ထနာ ပြုသတဲ့၊ နောက်သားလေး အမြင့်က ပြုတ်ကျပေါင်ကျိုးတော့လည်း သာဓု ခေါ်သတဲ့၊ အဲသလို သာဓုခေါ်တာကို ဒကာက မကျေနပ်လို့ ဆွမ်းခံလမ်းတစ်နေရာကနေ ရိုက်ဖို့ချောင်းနေရာ ဆရာတော်က သူ့ သပိတ်ကြီး ကျကွဲတော့လည်း သာဓုခေါ်သတဲ့။

ထိုအခါ ဒကာကြီးက နားမလည်နိုင်လို့ အကြောင်းစုံကို မေးလျောက်သည့်အခါ “အေး.. အဲဒီတုန်းက နွားမသေရင် လူသေမှာကွ၊ လူသေတာနဲ့ စာရင် နွားသေတာက တော်သေးတာပေါ့၊ ဒါကြောင့် သာဓုခေါ်တာ၊ ဒကာ့သားငယ် ခြေကျိုးတုန်းကလည်း ကလေးမကျိုးရင် လူကြီးကျိုးမှာ၊ ဒါကြောင့် သာဓုခေါ်တာ။ အခုလည်း သပိတ်မကွဲရင် ငါ့ခေါင်းကွဲမှာကွ၊ ဒါကြောင့် သာဓု ခေါ်တာ ” လို့ ရှင်းပြသတဲ့။ အရာရာတိုင်း၌ အဆိုးထဲမှာ အကောင်းရှိတတ်သလို ထိုအဆိုး၏ အခြား တစ်ဖက်၌လည်း အကောင်းရှိနေ တတ်ပါသည်။ ထိုအကောင်းကို ထွင်းဖေါက်မြင်တတ်လျှင် အကောင်းမြင်ဖြစ်သည်။

ဘုရားရှင်လက်ထက်က အရှင်ပုဏ္ဏသည် သုနာပရန္တတိုင်းကို သွားဖို့လျှောက်တော့ ဘုရားက သုနာပရန္တာတိုင်း သားတွေက ရိုင်းစိုင်းမိုက်မဲကြကြောင်း သင့်ကိုဆဲရေးလျှင် ဘယ်လို လုပ်မလဲဟု မိန့်သောအခါ ကိုယ်ထိလက်ရောက် မစော်ကားလျှင်တော်ပါပြီးဘုရား ဟု လျောက်ထားသည်။ ကိုယ်ထိလက်ရောက် စော်ကားလျှင် ဘယ်လိုလုပ်မလဲ ဟုမေးတော့ ခဲနှင့် မပေါက်လျှင် တော်ပါပြီးဘုရား ဟုလျှောက်သည်၊ ခဲနှင့် ပေါက်လျှင်ကော မေးတော့ တုတ်နှင့်မရိုက်လျှင်တော်ပါပြီးဘုရား၊ တုတ်နှင့်ရိုက်လျှင်ရော မေးတော့ ဓါးနဲ့ မခုတ်လျှင်တော်ပါပြီဘုရား ဟုလျှောက်သည်။ ဓါးနှင့်ခုတ်လျှင်ကော၊ အသက်မသေရင် တော်ပါပြီး။ အသေသတ်လျှင်ကော ဆိုတော့ တချို့သူတွေမှာ ဘ၀ကို ငြီးငွေ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ကြပါသည်။ အခုကိုယ်တိုင်စီရင်ဖို့ မလိုဘဲ သူတို့အဆုံး စီရင်ပေးတာကိုပဲ ကျေးဇူးတင်နေပါမည်ဘုရား ဟုလျှောက်ထားလေသည်။

အရှင်ပုဏ္ဏ၏ အကောင်းမြင်သဘောတရားကို ဘုရားက သာဓု သုံးကြီး ခေါ်တော်မူ၏။ အကောင်းမြင်ဝါဒ ဟူသည် သဘောထားကြီးနိုင်မှ ဖြစ်မည်။ အကောင်းမြင်လေ့ရှိသူတိုင်း စိတ်ထားသဘောထားကြီးကြသည်။
အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရသည် တူသယောင်ယောင် ရှိသော်လည်း လုံးဝချွတ်စွပ်တူသည်တော့ မဟုတ်၊ အကောင်းမြင်ဝါဒမှာ အားနည်းချက်တွေ ရှိသလို၊ အမှားတွေလည်း ရှိနိုင်သည်။ ယောနိသော မနသိကာရ မှာတော့ အားနည်းချက်လည်း မရှိ၊ အမှားလည်း မရှိ၊ မိဘအများစုသည် ကိုယ်သားသမီး ဘယ်လောက်ဆိုးဆိုး သူစိမ်းနှင် ယှဉ်က အကောင်းမြင်ကြသည်သာ၊ ထိုအမြင်သည် ယောနိသော မနသိကာရ မဖြစ်နိုင်၊ အတ္တစွဲနှင့် ဘက်လိုက်မှုရှိနေသည်။ ယောနိသော မနသိကာရကို တိပိဋကပါဠိမြန်မာ အဘိဓါန်က “သင့်လျော်မှန်ကန်သော အကြောင်းနည်းလမ်းအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်း ရှိသော ပညာ” ဟု ဖွင့်ဆိုသည်။

မြတ်စွာဘုရားသည် သူ၏ တပည့်ရဟန်းများကို အမြင်ကောင်းအောင် ညွှန့်ကြားသည်။ ယထာဘူတဒဿန ဉာဏ်ရရှိရေးကိုလည်း အထူးအလေးပေးမြွက်ကြားပြန်သည်။

ယထာ ဘူတဒဿန ကို တိပိဋကပါဠိမြန်မာ အဘိဓါန်က
(၁) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်ခြင်း၊
(၂) မဖေါက်မပြန် ဟုတ်မှန်သည့် အတိုင်း မှန်မှန်ကန်ကန် သိမြင်တတ်သော ဉာဏ် ဟုဖွင့်သည်။
ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ အရှိကို အရှိအတိုင်းသာ သိမြင်တတ်သော သဘောကို ယထာဘူတဒဿန ဟုခေါ်သည်။

ဥပမာ။ ။ ရေတစ်ဝက်ရှိသော ပုလင်းကို ရှုမြင်ရာ၌ အဆိုးမြင်သမားက “ဟင် ရေက တ၀က်ပဲရှိတော့တယ်”၊ အကောင်းမြင်သမားက “ ဟာ ရေတွေ တစ်ဝက်ကြီးများတောင် ရှိသေးတယ်”၊ ယထာဘူတဒဿနသမားက “ ရေတစ်ဝက်ရှိတယ်”ဟု အရှိကို အရှိအတိုင်းမြင်သည်။

မိမိတစ်ဦးတည်း ပုဂ္ဂလိက အတွက်ဆိုလျှင်တော့ အကောင်းမြင်ဝါဒရှိတာက ကောင်းပါသည်။ သို့သော အများအတွက်ဆိုလျှင်တော့ အရှိကို အရှိအတိုင်းမြင်သော ယထာဘူတဒဿနက ပို၍ အသုံးတည့်သည် ပို၍ အကျိုးရှိသည်။

“ရွာ၏ အဆင်းဘုရားဝင်း၊
ကျောင်း၏အဆင်း ကျောင်းတလင်း၊
ဘုန်းကြီးအဆင်း ခေါင်းဝင်းဝင်း” ဟု ဆိုရာ၌ အမြင်ကောင်းဖို့ ညွှန်းဆိုခြင်း ဖြစ်သည်။ မည်သို့ဆိုစေ အမြင်ကောင်းဖို့လိုသလို အကောင်းမြင်ဖို့လည်း လိုပါသည်။ အန္ဓသုတ္တန်ဒေသနာနှင် ညှိ၍ သေချာကြည့်လျှင် ဒွိစက္ခု- နှစ်ဖက်အမြင်ပုဂ္ဂိုလ်၏ အမြင်ဖြစ်သော ပစ္စုပ္ပန်သံသရာ မျှ၍ မြင်ခြင်း၊ သူ့ဖို့ကိုယ့်ဖို့ မျှ၍ မြင်ခြင်း ဟူသောအမြင်နှင် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက အမြင်လည်းကောင်း၊ အကောင်းလဲမြင်ပါလိမ့်မည်။ “အမြင်လည်း ကောင်းကြပါစေ၊ အကောင်းလည်း မြင်ကြပါစေ။”

မှတ်ချက်။ ။ ဤဆောင်းပါသည် အောက်တိုဘာ ၇ရက်နေ့ထုတ်ဝေသော weekly Eleven ဂျာနယ်မှ ဆရာတော် အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ရေးသားသော “အမြင်လည်း ကောင်းစေ၊ အကောင်းလည်းမြင်စေ” ကို ဖတ်ပြီး မှတ်သားစရာ ကောင်းလို့ ထပ်ဆင့်မျှဝေလိုက်ရပါသည်။ အပြည့်အစုံဖတ်ချင်ရင် သွားရောက်ဖတ်ရှုကြပါ။ အမြင်တွေ မတူလို့ ဖဆပလကြီး နှစ်ခြမ်းကွဲရတယ်၊ အမြင်မတူလို့ ဗုဒ္ဓဘာသာကြီး နှစ်ခြမ်းကွဲခဲ့ပြီး၊ အမြင်မတူလို့ မိသားစုတွေ ပြိုကွဲရတယ်။ အမြင်တူပြီး စုစည်းနိုင်ကြပါစေ လို့ ဆုမွန်ချွေလိုက်မိပါကြောင်း....။

လူတို့သည် ငယ်ရွယ်စဉ်က ရိုးသားဖြောင့်မတ်ကြသော်လည်း ကြီးပြင်းလာ ကြသောအခါ မိမိကိုယ်ကျိုးကို ထိခိုက်နစ်နာမှာစိုး၍ မရိုးမသားပြုမူပြောဆို လာကြတော့သည်။ သိတတ်သည့် အရွယ်မှစ၍ မိမိလိုချင်တာမရမှာ စိုးလို့၊ အဆူခံရမှာရမှာစိုးလို့၊ အရိုက်ခံရမှာစိုးလို့၊ မိဘ/ဆရာသမားများ၏ သွန်သင်ဆုံးမမူကြောင့်လည်းကောင်း၊ မိမိ၏ ပင်ကိုအကျင့်စရိုက်ကြောင့်လည်းကောင်း၊ ဘ၀အတွေ့အကြုံနှင့် ဖတ်ရှုရသော စာအုပ်များက ပေးသည့် အသိတရားကြောင့်လည်းကောင်း၊ ရိုးသားဖြောင့်မတ်ခြင်း၏ တန်ဖိုးကို သိသူက သိလာကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် ယခုအချိန်ကာလတွင် ရှားပါးပစ္စည်း ဖြစ်သည်။ အလွယ်တကူ ရှာမရနိုင်။ ထိုကြောင့် အဖိုးတန်၏။ လူတိုင်းရိုးသားဖြောင့်မတ်ခြင်းကိုနှစ်သက်သည်။ ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်။ မည်သည့်အလုပ်မဆို ရိုးသားဖြောင့်မတ်သူကို အလိုရှိကြသည်၊ နေရာပေးကြသည်၊ အလုပ်ရှင်တိုင်းလိုလို ရိုးသား ဖြောင့်မတ်သူကို အင်တာဗျူးလုပ်၍ အသေအချာရွေးသည်။ အသင်းအဖွဲ့အစည်းအတော်များများတွင်လည်း ခေါင်းဆောင်နေရာကို ရွေးချယ်ကြသည်။

ရိုးသားဖြောင့်မတ်ခြင်းသည် တွေ့ကြုံဆက်ဆံရသူတို့ကို လုံခြုံစိတ်ချရမူပေးသည်။ အရေးကြီးသော နေရာများတွင် နေရာပေးသည်။ အားကိုးသည်။ ရိုးသားဖြောင့်မတ်ခြင်းသည် အလုပ်တစ်ခုတွင် ဖြစ်စေ၊ ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုတွင်ဖြစ်စေ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည်။ လူတို့သည် ကိုယ်အလုပ်ကိုယ် လုပ်နေကြသော်လည်း တစ်ဦးနှင့်တစ်ဦး မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း အကဲဖြတ်နေကြသည်။ အမှန်တကယ် ရိုးသားဖြောင့်မတ်လျှင်၊ လူတိုင်းလိုလိုသိနိုင်၏။

ရိုးသားသည်ဆိုရာ၌ မိမိရပိုင်ခွင့်မရှိသောငွေ၊ ပစ္စည်း၊ အခွင့်အရေးကို ပိုင်ရှင်/ တခြားလူမသိဘဲ နည်းမျိုးစုံဖြင့် မရယူခြင်း ဖြစ်သည်။ သူတစ်ပါးအပေါ် မိမိကိုယ်ကျိုးစီးပွားအတွက် မမှန်ကန်သောနည်းလမ်းဖြင့် မပြုမှုခြင်း၊ မပြောဆိုခြင်း၊ မပြုလုပ်ခြင်းသည်ရိုးသားခြင်းပင် ဖြစ်သည်။

ရိုးသားဖြောင့်မတ်မှုနှင့် ရိုးအမှုသည် လုံးဝကွာခြားသည်။ ဘာမျှမသိ၊ ဘာမျှမတတ်၊ ဘာမျှမလုပ်တတ်သော ရိုးအမှုကို လူတို့ မနှစ်သက်။ တတ်သိနားလည်ပြီး ရိုးသားဖြောင့်မတ်သူတို့ကိုသာ တန်ဖိုးထားကြ၏။ ထိုကြောင့် လောကတွင် ရိုးသားဖြောင့်မတ်မှုသည် ဘယ်သောအခါမျှ တန်ဖိုးယုတ်လျော့သွားမည်မဟုတ်။ တွေ့ကြုံဆက်ဆံရသူတိုင်း အလိုရှိတောင့်တအပ်သော ရိုးသားဖြောင့်မတ်မှုသည် မိမိ ကိုယ်၌ အမြဲတည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

Without honesty there is no real growth.
ရိုးသားမှု မရှိရင် စစ်မှန်သော ကြီးပွားမှု တိုးတတ်မှု မရှိဘူး။
Without honesty there is no freedom.
ရိုးသားမှု မရှိရင် လွတ်လပ်မှု မရှိဘူး။
Without honesty there is no hope.
ရိုးသားမှု မရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။
Without honesty nothing is real.
ရိုးသားမှု မရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။
Without honesty nothing is.
ရိုးသားမှု မရှိရင် ဘာမှ မရှိဘူး။

ဆရာတော်ဦးဇောတိက(တစိမ့်စိမ့်တွေးမယ်)

အမြင်ကိုယ်စီနဲ့ မြင်နိုင်ကြပါစေ။ ရိုးသားမှုကို သင်လဲ မြတ်နိုးသည်။ ကျွန်ုပ်လဲ မြတ်နိုးသည်။ အားလုံးမြတ်နိုးကြတဲ့ အဲဒီရိုးသားမှုကို သင်ရော ထာဝစဉ် ဘာလို့ မဆောင်ထားနိုင်သလဲ။ မရိုးသားမှုတွေကြားမှာ ရိုးသားနေမှုက အသစ်ဆန်းလို့ ဖြစ်နေကြတဲ့ခေတ်ကြီး မရိုးသားမှုကိုပဲ လူတွေကျင့်သုံးနေကြတယ်။ သင်ရိုးသားမှာ ကျွန်ုပ်ရိုးသားပါရစေ ဆိုတဲ့ စကားဟာ ရိုးသားဖို့ စိတ်ထား မရှိသောသူပဲဖြစ်မည်။ ရိုးသားနေသော ပုဂ္ဂိုလ်ကို ရှာနေမယ့်အစား သင်ကိုယ်တိုင် ရိုးသားအောင် ပြုမှုနေထိုင်လိုက်ခြင်းဖြင့် ရိုးသားသူတွေ ရှိလာကြမှာပါ။

သင့်ရဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ဆုံးသွားတဲ့ သင့်ဘ၀မှာ သင်ဟာ မရှုံးနိပ်သေးဘူး။

သင်ရဲ့ ကျန်းမာရေး ချို့တဲ့လာပြီးဆိုရင် သင်တစ်စုံတစ်ခု ဆုံးရှုံးနေရပြီး။

သင်ရဲ့ ကိုယ်ကျင့်သိက္ခာကြီး မြောင်းထဲ ရောက်လောက်အောင် စုတ်ပြတ်ရင်တော့ သင့်ဘ၀အပြည့်အ၀ရှုံးနေပြီး။

ရိုးသားမှုကို မြတ်နိုးရင် ရိုးသားစွာ နေတတ်ပါစေ။ ရိုးသားမှုကို တန်ဖိုးထားတတ်ရင် သင် ရိုးသားနိုင်ပါပြီး။ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံဆ နိုင်ကြပါစေ။ မှန်ကန်သော နည်းလမ်းများနဲ့ အသက်ရှင်နိုင်ကြပါစေ။

မှတ်ချက်။ ။ ကောင်းသန့်၏ စေတနာ စကား စာအုပ်မှ ကူးယူပါသည်။

လက်ခုပ်သံ

Posted by thawzin Wednesday, September 23, 2009 4 comments

တချိန်တခါက မျက်မမြင် အဘိုးအို တယောက်ဟာ တခုသောညချမ်းမှာ လမ်းလျောက်နေမိသတဲ့။ ဒီလိုဆိုတော့ ဘေးက လူတယောက်က အဘိုးကိုကြည့်ပြီး သနားစိတ် ၀င်သွားတာကြောင့် အဲဒီအဘိုးကို အကူအညီပေးဖို့ ပြောတာပေါ့

“ အဘရယ် ညအမှောင်ကြီးဘာလို့ လျောက်သွားနေရတာလဲ ”
“ အဘက မျက်စိမှ မမြင်တာ ကမ္ဘာကြီး နေ့နဲ့ည ဖြစ်နေတာ သိပ်ပြီး မထူးဆန်းပါဘူး ”
“ မဟုတ်ဘူးလေ အဘရဲ့, အမှောင်ဆိုတော့ အဘကို မျက်စိမြင်တဲ့ သူတွေက ၀င်တိုက်မိမှာပေါ့ ဒါကြောင့် မီးခွက်လေး ယူသွား ကျွန်တော် ပေးလိုက်မယ် ”
ဆိုပြီး မီးခွက်ကလေး ပေးလိုက်သတဲ့ဗျာ...။ အဘိုးကလဲ ဘာမှမပြောတော့ပဲ မီးခွက်ကိုင်ပြီး ဆက်သွားတာပေါ့။ တနေရာ အရောက်တော့ အဘိုးကြီးကို လူတယောက် ၀င်တိုက်မိသတဲ့။
“ ဟေ့ ဟေ့ မင်းမမြင်ဘူးလားကွာ ”
“မမြင်လို့ပေါ့ဗျာ”
“မင်းတို့မြင်နိုင်အောင် ငါမီးခွက်ကိုင် လမ်းလျောက်လာတာ”

“ အဘက မီးခွက် မီးမရှိတာရော သိရဲ့လား ” တဲ့ အဲဒီလို ပြန်မေးလိုက်ပါတော့တယ်ကွယ် ဒါလေးက ဒီမှာ ဆုံးသွားပါပြီး ။

ဒီလိုပဲ သူများကိုပြောတော့မယ် ဝေဖန်တော့မယ်ဆိုရင် မိမိမှာရော ပြည့်စုံမှုရှိရဲ့လား? မိမိရဲ့ မီးခွက်မှာ မီးရှိသေးရဲ့လား ဆိုတာ ကြိုတွေးမိကြပါစေဗျာ။ လက်ဝါးလို့ မိမိဘက် မြင်နေပေမယ့် တစ်ဖက်မှာက လက်ဖမိုး မြင်နေမှာပဲလို့ တွေးမိစေချင်တယ်။ အမှန်တရား နှစ်ခုကြားမှာ ဖြေရှင်းပေးသူက အမှားတဲ့ “ခုံတော်မောင်ကျပန်း” ဇတ်ကားလေးကနေ မှတ်သားမိတာပါ။ ဒါကြောင့် လက်ဖမိုးနဲ့ လက်ဖ၀ါးပေါင်းမှ လက်ဆိုတဲ့ အင်္ဂါနဲ့ ညီမှာပေါ့ဗျာ။ တစ်ဖက်သတ်အမြင်တွေနဲ့ အကုသိုလ် မပွားမိကြပါစေနဲ့...။

တခါက ဥပုသ်လေး တစ်ရက်စောင့်ပြီး အကုသိုလ်တွေများနဲ့ ပင်လယ်ကူး အလုပ်ကို လုပ်တဲ့ ကုန်သည်သူဌေးသားလေးဟာ မိဘ စကားနားမထောင်ပဲ ပင်လယ်ကူးခဲ့မိပါတယ်။ ပင်လယ်မှာ လှိုင်းရိုက်လို့ တကွဲတပြားနဲ့ သူဌေးသားလေး တစ်ယောက်ထဲ ပင်လယ်ထဲမျှောနေရှာပါတယ်။ ဥပုသ်လေး စောင့် ခဲ့တဲ့အကျိုးကြောင့် တစ်ကျွန်းရောက်ပြန် နေစံညခံတဲ့ အသူရကယ်ဘုံသူလေးတွေနဲ့ ဆုံဆည်းတာပေါ့။ နောက်တစ်ကျွန်းရောက်ပြန်တော့လဲ အရင်ကျွန်းထက် ၂ဆသာတဲ့ အသူရကယ်ဘုံသူလေးနဲ့ ပျော်ပါးမိပါသတဲ့။ လူလောဘဆိုတာ အတောမသတ်နိုင်တော့ပါဘူး။ နောက်တစ်ကျွန်းရောက်ရင် ဒီထက်သာမှာပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်းတစ်ကျွန်းကို ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကျွန်းကိုရောက်တော့ အလွန်လှပတဲ့ ပုဒုံမာ ကြားပန်းကြီး ပန်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့ပါသတဲ့။ သူဌေးလေးမျက်လုံးထဲမှာ အဲဒီလိုမြင်ပေမယ့် တကယ်အပြင်မှာတော့ အဲဒီ လူမှာ ငရဲခံနေရတာပါ။ ဦးခေါင်းမှာ ပန်ဆင်ထားတဲ့ ပဒုံမာ ကြားပန်း အထင်က တကယ်တော့ ဓါးသွားစက်ကြီးတစ်ခုဖြစ်ပါတယ်။ သူဌေးသားလေးကတော့ အဲဒီ ပဒုံမာ ပန်းကြီး ကျွန်တော့်ကို ပေးပါလို့ သွားတောင်းမိတဲ့အတွက် ငရဲသားကလဲ သူ့အနေနဲ့ ဒီငရဲက လွတ်မြောက်ဖို့ အချိန်တန်ပြီးဆိုပြီး လွှဲပြောင်းပေးလိုက်ပါတယ်။

အဲဒီလိုပါပဲ သူတစ်ပါး အကုသိုလ်ကို ကိုယ့်အကုသိုလ်ဖြစ်အောင် မလွှဲပြောင်း မယူချင်စမ်းပါနဲ့ မိတ်ဆွေ။ သူများဒုက္ခကို ကိုယ့်ဒုက္ခအဖြစ်မခံပါစေနဲ့။ သူများအကုသိုလ်ကြောင့် မိမိ အကုသိုလ်ဖြစ်ရတာလောက် ရင်နာစရာမရှိပါဘူးဗျာ။ သူများ မကောင်းတာပြောနေမယ့်အစား ကိုယ်ကောင်းအောင် နေတတ်နိုင်ပါစေ..။ ကိုယ်ကောင်းရင်လဲ စံရမှာပါ , ကိုယ်မကောင်းရင်လဲ ကိုယ်ခံရမယ်ဆိုတာကို သိနိုင်မြင်နိုင်ကြပါစေ။

ဒါကြောင့် အကုသိုလ် အကျိုးပေးမှုကို ဂုဏ်မယူချင်စမ်းပါနဲ့။ ဇတ်ကတဲ့ မင်းသမီးမှာ ပရိတ်သတ်ရဲ့ လက်ခုတ်သံဟာ အားဖြစ်စေပေမယ့်, အားပေးတဲ့လက်ခုပ်သံလား ချောက်တွန်းတဲ့ လက်ခုပ်သံလားဆိုတာ ခွဲခြားတတ်ပါစေ။ အသေကခိုင်းတဲ့ ပရိတ်သတ်ဆို အသေကဖို့ လက်ခုပ်သံပါ။ “ လက်ခုပ်သံကြားမှာ နစ်မွန်းလို့မှားမှဖြင့် ထိန်းမနိုင်သိမ်းမနိုင် ကယိမ်ကရိုင်းမလားကွယ် မောင်မတွေးချီ့ပါပြီး” ဆိုတဲ့ သီချင်းလို့ပေါ့ဗျာ။
အားပေးတဲ့ လက်ခုပ်သံဖြစ်ပါစေ။ ချောက်တွန်းတဲ့ လက်ခုပ်သံမဖြစ်ပါစေနဲ့။

မှတ်ချက်။ ။ ဥပမာ ဇတ်ကြောင်းလေးတွေ နဲ့ သီချင်းစားသားလေး လွဲနိုင်ပါသည် , အမှန်မြင်အောင် ဖြည့်စွက်နားလည်နိုင်ကြပါရန်




တချို့သောသူတို့သည် အတိတ်ဘ၀ ကျိုးပေးနည်းသောကြောင့် စာဖြင့် ဝေးရ၏။ စာအုပ်ကိုမချစ်။ ၀ါသနာမပါ။ အချိန်မရ။ ၀ယ်ဖတ်ရမှာနှမြော၏။ ထမင်းစားဖို့အလုပ်လုပ်ရင်း အသက်ရှင်သည်။ စာပေ၏တန်ဖိုးကို သူမသိ။ ရရှိနိုင်သည့်ကောင်းကျိုးကို သူမမြင်။ ငွေကိုသာ ခုံမင်၍ဆင်ခြင်တုံတရားနည်းစွာဖြင့် ဘ၀ကို ချစ်ခင်ပျော်မွေ့နေတော့၏။

တချို့သောသူတို့သည် စာအုပ်ကို ချစ်ခင်နှစ်သက်၏။ တန်ဖိုးထားလေးစား၏။ စာအုပ်ကြောင့် အသိတရားတိုးပွား၏။ ရင့်ကျက်ပြည့်ဝမှုကို ဖြစ်စေ၏။ စာအုပ်ကို မုဆိုးသားကောင်ဖမ်းသကဲ့သို့ အငမ်းမရရှာဖွေဖတ်ရှုတတ်၏။ လောကဓံကို ခံနိုင်စွမ်းရည်ရရှိ၏။ ငြိမ်းချမ်မှုကို ရှာတွေ့၏။ အမှန်တရားနှင့် အကျွမ်းဝင်၏။

ထိုသူတို့သည်… လူဖြစ်ရကျိုးနပ်၍ လောက၌ မိတ်ဆွေကောင်းရသည် မည်၏။ ဘ၀အဓိပ္ပာယ်နှင့် တန်ဖိုးကိုသိသော လောကအကျိုးဆောင်နိုင်သူများ ၊ လူတို့၏ တန်ဖိုးထား လေးစားခံရသူများ ထိုက်တန်စွာ ဖြစ်ကြကုန်၏။ ထိုကြောင့်… အသက်ရှင်နေသမျှ စာအုပ်ကို မိတ်ဆွေဖွဲ့ရာ၏။

ဦးကောင်းသန့်ရဲ့ စေတနာစကား စာအုပ်မှာ ဖတ်လိုက်ရလို့ မျှဝေတာပါ.... ။ စာအုပ်သည် ကျွန်တော်တို့အတွက် အရိုးသားဆုံးနဲ့ အကောင်းဆုံး ဆရာတစ်ဆူ ဖြစ်ပါတယ်။ သူကို အလေးထား တန်ဖိုးထားပြီး ဖတ်ရှုခြင်းအားဖြင့် မိမိရဲ့ အသိဉာဏ်တွေ ပွင့်လင်း လာနိုင်ပြီး......, ဘ၀ရဲ့ နည်းပေးလမ်းပြ မိတ်ဆွေ တစ်ယောက်သဖွယ် မိမိအနားမှာ ရှိနေပါတယ်....။ စာအုပ်တွေထဲမှာ ဘ၀သင်ခန်းစာတွေရှိတယ်.။ စာအုပ်တွေထဲမှာ အိပ်မက် မျှော်လင့်ချက်တွေရှိတယ်။

စာအုပ်တွေထဲမှာ ရိုးသားပုံ ရိုးသားနည်းတွေ ရှိတယ်။ လောကကြီးကို မြင်စေနိုင်တယ် ။ ကိုယ်နဲ့ မရင်းပဲ အကောင်းဆုံး သင်ခန်းစာတွေ ပေးနိုင်ပါတယ်။ ဘ၀အကြောင်းကို နားလည်မယ်။ သဘာဝတရားကို သိရှိမယ်။ လူတွေအကြောင်းကို ခံစားတတ်လာမယ်။ ဖြစ်ပေါ်လာတဲ့ ဘ၀အတွက် မက်လာမယ့် အိပ်မက်တွေကို အရောင်တွေ တောက်ပစေနိုင်တယ်။

စာအုပ်ဖတ်ခြင်းဖြင့် ကောင်းကျိုးများသာ ရရှိနိုင်ပါတယ်။ စာအုပ်ကိုလဲ ဖတ်တတ် မှတ်တတ်ဖို့လိုပါတယ်။ စာအုပ်တွေ အများကြီးရှိတယ်။ စာအုပ်ဖတ်ခြင်းဖြင့် အများကို မထိခိုက်နိုင်သလို မိမိအတွက်လဲ အဖော်မွန်ကောင်းတစ်ယောက်သဖွယ် မိမိအနားမှာရှိနေပါတယ်။ အနောက်နိုင်ငံတွေ တိုးတတ်ခေတ်မှီကြတယ်။ သူတို့တွေ အများစု ဘာလုပ်ကြတယ် ဆိုရင် အများစု စာအုပ်နဲ့ နေကြတယ်။ ရထားပေါ်ဖတ်တယ်။ ဘက်စ်ကား ပေါ်ဖတ်ကြတယ်။ Metro စီးရင် ဖတ်တယ်။ လေယာဉ်ပျံပေါ်မှာလဲ ဖတ်ကြတယ်။

ကျွန်တော်အနေနဲ့ စာအုပ်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်တွေများများ ဖတ်ပြီး အသိဉာဏ်တွေ များများ တိုးတတ်နိုင်ပါစေ။

ဆရာ

Posted by thawzin Thursday, August 13, 2009 3 comments


ဆရာမြတ်သို့

သံသရာကြော မြုပ်ပေါ်မျော၍
ဘယ်သောမဆုံး၊ ထပ်ခါရှုံးသည်
မဂ်သုဉ်းမရပ် ဘ၀ထပ်။
ဘုရားရှောင်ပြေး၊ ဆရာဝေး၍
ဝဋ်ကြွေးစွန်းထင်း၊ ရှုံးချက်ပြင်းသည်
ကျွံနင်းပါယ်တွင်း၊ ခါခါဆင်း။
ယခုသော်ကား
ဘုရားလည်းရှိ၊ တရားရှိ၏
ရှိသည့်တရား၊ ဟောကာကြားမည့်
ကိုယ်စားဆရာ၊ ဒို့တွေရှာသည့်
သစ္စာလည်းရ၊ မဂ်လမ်းမ,မှာ
ဒဿနဉာဏ်၊ ကျိုးကြောင်းမှန်နှင့်
နိဗ္ဗာန်ရွှေပြည်နီးလေပြီး။
အို....မြတ်သောဆရာ
ပါယ်တွင်းနက်မှ ကယ်တင်မ,သည်
မြတ်လှဆရာ ဂုဏ်မဟာကို
ဆယ်ဖြာတင်လျှက်၊ လက်ဆုံယှက်၍
ရင်ထက်အေးချမ်း၊ ကန်တော့ပန်းဖြင့်
ရွှင်လန်းညွှတ်ကျိုး၊ ပီတိတိုးကာ
ရှိခိုးဦးတင်၊ ဆရာသခင်
ကျေးဇူးရှင်။ ။

သရဏဂုံဦးယှက်လျှက်
တပည့်ကိုဝင်းဇော်မှ ရေးဖွဲ့ပူဇော်ပါသည်။
ဆရာနှင့်တပည့်

ရေစုန် ရေဆန်
ပြန်လှန်ရန်
ရေဆန်ထုံးမရှိ။
စီးသည့် ရေစုန်
ဆရာ့ဂုဏ်
အဟုန် ကြီးမားဘိ။
ရေဆန် ပြန်လှန်
မိုက်မဲကံ
သွားရန် အပါယ်ရှိ။
အမှား အမှန်
ပိုင်းခြားရန်
ဝေဖန် ဉာဏ်နှင့်သိ။
ရွှေနှင့် ရွှံ့ဟန်
ရောနှောရန်
ရေဆန် သူတို့ညှိ။
ရွှေကား ရွှေစံ
မြင့်မြတ်မှန်
ရွှံ့ဟန် ကပ်မထိ။
ဆရာအမှန်
ဦးထိပ်ပန်
မမှန်(တပည့်) နောက်ဆုတ်ဘိ။

ဆရာဂုဏ်ကို ဦးခိုက်လျှက် တပည့် ကိုဝင်းဇော်မှ ရေးဖွဲ့ပူဇော်ပါသည်။

ဦးကောသလ္လ၏ မွေးရပ်မြေသို့ ကျေးဇူးဆပ် တရားတော်က ကိုဝင်းဇော် ပူဇော်ထားတဲ့ ကဗျာလေးတွေ တင်လိုက်တာပါ ......... အဓိပ္ပါယ်တွေ ပြည့်ဝနေပါတယ်ဗျာ......... ဆရာအရွေးမမှားမိကြပါစေနဲ့ မိတ်ဆွေ... အဇာတသတ် ဆရာအရွေးမှားလို့ အဖေသတ်တဲ့ အမူကြီး ကျူးလွန်သွားခဲ့ရတယ်..... မြင်ဆရာ, ကြားဆရာ, သင်ဆရာ..... ဆရာတွေအများကြီး မိမိပတ်ဝန်းကျင်မှာ ရှိကြပါတယ်..... ယူသင်တဲ့ သင်ခန်းစာကို ရအောင် ယူတတ်ပါစေ.... လုပ်သင့်တယ်ထင်တဲ့ အလုပ်ကို လုပ်နိုင်အောင် ကြိုးစားရမယ်......... မိမိလုပ်လိုက်တဲ့ လုပ်ရက်ဟာ သူတစ်ပါးအတွက် ကောင်းကျိုးတွေ ရနိုင်ပါစေ... သူများကိုကြည့်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကို မမြင်တတ်ကြတာ သဘာဝပါ........ ဆက်လေရှည်မနေချင်တော့ပါဘူး.... မှတ်သားစရာ စကားလေးနဲ့ ဒီပို့စ်လေး အဆုံးသတ်ပါရစေ......
“ ကိုယ့်အကျိုးမထိခိုက်တဲ့ သူတစ်ပါးအကျိုး သယ်ပိုးရမယ် ” ဆိုတာက အကုသိုလ် အလုပ်တွေ မလုပ်မိဖို့ နဲ့
“ သူတစ်ပါး အကျိုး မထိခိုက်ဘဲ ကိုယ့်အကျိုး သယ်ပိုးရမယ် ” ဆိုတာက ကုသိုလ်အ လုပ်တွေ လုပ်ကြဖို့ပါ။ အဓိကကတော့ အကုသိုလ်တွေ အတတ်နိုင်ဆုံး နည်းအောင် ကြိုးစားပြီး, ကုသိုလ်တွေ များအောင်လုပ် ကြဖို့... မနာလိုဝန်တို စိတ်တွေလျော့ကြဖို့ ကျွန်တော်ရဲ့ ဘလော်ကာ ကိုကို မမတို့နဲ့ ညီ ညီငယ်လေးတွေကို အမှာပါချင်တာပါ.......... ပျော်ရွှင်နိုင်ကြပါစေ

မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။
၁။ မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြင့်ခြင်း။
၂။ ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထား ဆက်ဆံရခြင်း။
၃။ နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း။
၎။ ပြောဆိုဆက်ခံရာ၌ စကားအရာ ပြေပြစ်ချိုသာစွာ ပြောရခြင်း။
၅။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖေါက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျရခြင်း။

လင်ကျင့်ဝတ် ငါးပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊
ငါးအင်လင်ကျင့်ရာ။
၁။ မိမိးမယားအား မထီလေးစားမပြုလုပ်ရ။
၂။ မိမိရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်း၊
၃။ အခြားမိန်းမများနှင့် ဖေါက်ပြားကျူးလွန်မှု မရှိရခြင်း။
၎။ အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း။
၅။ မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။

မယားကျင့်ဝတ်
ငါးပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချီ၊
ပျင်းရိမမူ၊ ၀တ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။
၁။ အိမ်တွင်းမှုလုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
၂။ မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း။
၃။ မိမိယောက်ျားမှတစ်ပါးအခြားသောယောက်ျားများနှင့် မမှားယွင်းမဖေါက်ပြန်ရခြင်း။
၎။ မိမိဘက်ဆွေမျိုး၊ လင့်ဘက်ဆွေမျိုးတို့၌ မျှမျှတတ ပေးကမ်းရခြင်း။
၅။ လုပ်ငန်းကိစ္စအ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

သခင်ကျင့်ဝတ်
ငါးပါး

ဝစ္စာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊
ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်
ဟောရွက်ပဉ္စမာ။

၁။ မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း။
၂။ သူတို့လုပ်နိုင်သော အလုပ်ကို သာလုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း။
၃။ မကျန်းမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း။
၎။ ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း။
၅။ ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသော အခါတို့၌ အခိုင်းအစေ။ စာရင်းငှား၊ ကျွဲ၊ နွားတို့ကို မ
ခိုင်းစေဘဲ အနားပေးရခြင်း။

ကျွန်ကျင့်ဝတ်
ငါးပါး

အိပ်သော်နောက်ကျ၊ ထသော် ကားရှေ့၊
ပေးမှယူအပ် စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်
ငါးချက် ကျွန်ကျင့်ရာ ။

၁။ နောက်ကျမှ အိပ်ရခြင်း။
၂။ အိပ်ရာမှ စောစောထရခြင်း။
၃။ မိမိအရှင်ပေးမှသာ ယူရခြင်း။
၎။ မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း။
၅။ မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုခြင်း။


ဒါယကာကျင့်ဝတ်
ငါးပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ငါးခုနေ
ပြုလေဒါယကာ။

၁။ ရဟန်းသံဃာတို့အပေါ်၌ မေတ္တာစိတ် ရှေ့ထားရခြင်း။
၂။ ရဟန်းသံဃာတို့အတွက် ဆောင်ရွက်စရာများကို ချစ်ခင်လေးစား စေတနာထား၍ ဆောင်ရွက်ရခြင်း။
၃။ ခင်ခင်မင်မင် လေးလေးစားစား နှုတ်ချိုကြည်သာစွာ ပြောဆိုရခြင်း။
၎။ အလိုရှိသောအရာများကို တောင်းပါဟု ဖိတ်ထားရခြင်း။
၅။ တတ်နိုင်သမျှ လှူဒါန်းရခြင်း။


ရဟန်းကျင့်ဝတ် ၆- ပါး

မကောင်းမြစ်တား၊ ကောင်းရာကိုလှစ်၊
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှုခြောက်ခု လွန်သေချာ။

၁။ မကောင်းမှု မပြုလုပ်ရန် တားမြစ်ဟောပြရခြင်း၊
၂။ ကောင်းမှုကုသိုလ်ပြုလုပ်ရန်အတွက် ညွှန်ပြ၊ ဟောပြရခြင်း။
၃။ ထူးခြားသော တရားသစ်များကို ဟောကြရခြင်း။
၎။ နာဖူးသောတရားများကို ထပ်မံ၍ ဟောကြားရခြင်း။
၅။ နတ်ပြည်သို့ ရောက်ဖို့နည်းလမ်းကို ညွှန်ကြား ဟောပြရခြင်း။
၆။ ဒကာ၊ ဒကာမတို့အား စေတနာ၊ မေတ္တာထား၍ ဆုံးမ ဟောကြားရခြင်း ။


နယကကျင့်ဝတ် ၆- ပါး

ထကြွ နိုးကြား၊ သနား သည်းခံ
ဝေဖန်, ကြည့်မှု၊ ဤခြောက်ခု
ကြီးသူ့ ကျင့်ရာတရားတည်း။


၁။ သူများထက် လုံ့လရှိရခြင်း။
၂။ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်နိုင်အောင် နိုးကြားတက်ကြွခြင်း။
၃။ မိမိလက်အောက် ငယ်သားများကို သနားကြင်နာခြင်း။
၎။ သည်းခံခွင့်လွှတ်တတ်ခြင်း။
၅။ အရာရာကို ချင့်ချိန်ဝေဖန်ထောက်ဆ၍ ပြုလုပ်ရခြင်း။
၆။ အရာရာမှာ ဉာဏ်ပညာဖြင့် ဆင်ခြင်ကြည့်ရှုခြင်း။

စကြာမင်းစည်းစိမ် ထက်ကြီးသော သီလအကျိုး စာအုပ်မှ-
မှတ်ချက်။ စာအုပ်ကို ဒါနပြုချင်ပါသော်လည်း ဟော်စတင် တင်မရဖြစ်နေရပါသည်။

မည်သူမဆို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်ဘ၀ကိုတည်ဆောက်ကြရလိမ့်မည်။ ကိုယ့်ကံကြမ္မာ ကိုယ်သာလျှင် ဖန်တီး၏။ ကောင်းလည်းကိုယ်၊ မကောင်းလည်းကိုယ်၊ ကိုယ်လုပ်သမျှဒဏ် ကိုယ်သာခံရမည်။ ကိုယ်လုပ်သမျှကံ ကိုယ်ခံစားရမည်။ ကိုယ်စိုက်ထားသည့် အရာ ကိုယ်သာ ရိတ်သိမ်းရမည်။ အလုပ်သည် ဘ၀ကို ပြဋ္ဌာန်း၏။ ထိုအလုပ်ကို ကိုယ့်အားကိုယ်ကို၍ အကျိုးရှိအောင် ဆောင်ရွက်ရာသည်။ သူတစ်ပါးအားကိုး၍ အကျိုးမရှိ။ သူများနှာခေါင်းပေါက်နှင့် အသက်ရှူ၍မဖြစ်။ သူတစ်ပါးမှီခို သောကပိုလိမ့်မည်။ သူတစ်ပါးယုံစား မှားတတ်၏။ လူသည် အတ္တနှင့် မွေးဖွားကြီးပြင်း၏။ ကိုယ့်ဘ၀နှင့် ကိုယ် ရှုပ်နေတတ်ကြ၏။ ကိုယ့်ဘ၀နှင့်ကိုယ် ရုန်းကန်နေကြရသည်။ လှုပ်ရှားရုန်းကန်နေကြသူအချင်းချင်း တစ်ခါတစ်ရံ ရိုင်းပင်းကူညီတတ်ကြ၏။ ရံဖန်ရံခါလည်း ကူညီနိုင်သည်။ သို့သော်…အစဉ်အမြဲ တွဲလွဲခို၍မဖြစ်။ သူ့အရိပ်အောက်တွင် ကိုယ်ဘ၀ပျောက်နေ၍မသင့်။ သူ့ကိုမှီခို၍ အလိုမကျနိုင်။ လောင်းရိပ်မိသောပန်းအဘယ်မှာ လန်းဆန်းနိုင်အံ့နည်း။ ထိုကြောင့်…ကိုယ့်လမ်း ကိုယ်ဖောက်ကိုယ့်လမ်းကိုယ်လျှောက်ပါ။ ကိုယ့်ဘ၀အရှင်သခင် ကိုယ်သာလျှင်ဖြစ်တော့၏။
ဦးကောင်းသန့် ၏ “ စေတနာစကားစုများ ” စာအုပ်မှ ကူးဖော်ပြသည်

တိမ်

Posted by thawzin Wednesday, July 8, 2009 2 comments

တိမ်လေးတွေရဲ့ ဒဏ္ဍာရီပုံပြင်လေးပါ , မီတာကဖေးမှ တွေ့၍ တင်လိုက်ခြင်းဖြစ်ပါသည်။




အချိန်သည် ငှက်ကလေးတစ်ကောင်နှင့်တူသည်။ သူရောက်ချင်သည့်အချိန်တွင် ရောက်လာသည်။ ထိုအချိန်တွင် သူ့ကိုအသိအမှတ်ပြု ဂရုစိုက်ချင်လည်းစိုင်၊ မစိုက်ချင်လည်းနေ၊ သူကတော့သူ့ဘာသာသူ နေသည်။ သူ့ကို တန်ဖိုးထားချင်လည်းထား ၊ မထားချင်လည်းနေ။ သူကတော့မသိသလိုနေ၏။ အချိန်တန်လျှင်တော့ သူပြန်ထွက်သွားလိမ့်မည်။ အချိန်သည် လူသားအားလုံးအတွက် သဘာဝက ပေးအပ်ထားသော အဖိုးတန်သည့် အခွင့်အရေး တစ်ခုဖြစ်သည်။ ထိုအခွင့်အရေးကို ရယူတတ်ရန်လို၏။ ထိုအခွင့်အရေးကို ကျကျနနအသုံးချတတ်လျှင် တိုးတတ်အောင်မြင်နိုင်သည်။ ကြီးပွားချမ်းသာနိုင်သည်။ ထိုအခွင့်အရေးကို သဘာဝက လူတိုင်းအားညီတူညီမျှ ပေးအပ်ထားသည်။ ထိုအခွင့်အရေးသည် အကြိမ်ကြိမ် ပြန်မရပါ။ ထပ်တလဲလဲရဖို့လည်းမလွယ်ပါ။ လက်လွတ်ဆုံးရှုံးသွားလျှင်လည်း အစားပြန်မရနိုင်။
အချိန်သည် အလွန်အဖိုးထိုက်တန်သောရတနာတစ်ပါး ဖြစ်ပါသည်။ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား အားလုံးထက် အဖိုးတန်သည်။ မည်မျှတန်ဖိုးကြီးသော ကျောက်သံပတ္တမြားဖြစ်ပါစေ ဆုံးရှုံးသွားခဲ့လျှင် အစားပြန်ရနိုင်သေး၏။ အချိန်ကို တော့ ပြန်ရနိုင်ခွင့် မရှိတော့ပါ။ အချိန်သည် စီးဆင်းသွားသောမြစ်ရေကဲ့သို့ တစ်ကြိမ်စီးဆင်းသွားပြီးလျှင် နောက်တစ်ကြိမ် ပြန်စီးဆင်းရိုးထုံးစံမရှိပါ။ အဖိုးအနဂ္ဃထိုက်တန်သော၊ အစားပြန်မရနိုင်သော ၊ သဘာဝကပေးအပ်ထားသော လက်ဆောင်မွန်အချိန်ဆိုသော ငှက်ကလေးကို တန်ဖိုးထားပါ၊ ဂရုစိုက်ပါ၊ အသိအမှတ်ပြုပါ။ သူနှင့်အတူ အကျိုးရှိသောကိစ္စများကို ဆောင်ရွက်ပါ။ သူ့ကို အလစ်မပေးပါနှင့် ။ သူနှင့် ထက်ကြပ်မကွာရှိနေပါစေ။ အနာဂတ်မျှော်လင့်ခြင်းနိုင်ငံသို့ အောင်မြင်မှုသရဖူရယူနိုင်ရန်အတွက် သူနှင့်အတူပျံသန်း သွားနိုင်ပါစေ။ သူနှင့်အတူ ပျံသန်းသွားပါလေ။

ဥပေက္ခာဆိုသည်မှာ လျစ်လျူရှုခြင်းမည်၏။ လောကသည် အကျိုးတရားနှင့် အကြောင်းတရားတို့ အပြန်အလှန်ဆက်စပ်ဖြစ်ပေါ်နေခြင်းအပေါ် လှုပ်ရှားပြောင်းလဲ ဖြစ်ပျက်နေတတ်၏။ လောကထဲတွင်နေသော လူတို့သည် ထိုဖြစ်ပျက်ပြောင်းလဲမှုပေါ်တွင် စီးဝင်နစ်မျောနေကြရသည်။ တချို့သော ဖြစ်ပျက်ပြောင်းလဲမှုကို ကိုယ်တိုင်ဖန်တီးယူနိုင်သော်လည်း တချို့ကိစ္စကို ကိုယ်တိုင်ဖန်တီခွင့်မရ၊ အကျိုးအကြောင်းကြောင့် ဖြစ်ပေါ်လာရသောကံကြမ္မာတရားသူကြီး၏ စီရင်ချက်အတိုင်း နာခံကြရသည်။ တစ်ခါတစ်ရံ ကံကြမ္မာတရားသူကြီး၏ စီရင်ခံချက်များသည် ရက်စက်ပြင်းထန်၏။ ခါးသည်း၏။ မှန်ကန်မှုမရှိ။ နှစ်မြို့ဖွယ်ရာမဟုတ် မခံချင်စရာဖြစ်၏။ သိုသော်လည်း တွန်းလှန်နိုင်အား ငြင်းဆန်နိုင်စွမ်းမရှိ။ မလွဲမသွေကြုံတွေ့ခံစားကြရ၏။ ထိုအခါ ကိုယ်မနှစ်မြို့ မလိုလားသော အကြောင်းအရာ အဖြစ်အပျက်များကို ဥပေက္ခာပြုလျစ်လျူရှုရာ၏။ ဥပေက္ခာတရားကြောင့် စိတ်ကိုသက်သာရာရစေပါလိမ့်မည်။ သင်္ခါတရားကို နှလုံးသွင်း၍ ဥပေက္ခာထားနိုင်ကြပါစေ။
ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-

ဘုရားရှင် ဇေတ၀န်ကျောင်း၌ သတင်းသုံးနေချိန်ကာလ ဖြစ်ပါသည်။ ကောသလတိုင်း, တစ်ခုသော ဇနပုဒ်အနီး၌ တောအုပ် တစ်ခုရှိသည်။ တစ်နေ့တွင် ထိုတောအုပ်ထဲ၌ ဓါးပြသုံးဦးသည် တောအုပ်ကို ဖြတ်၍ သွားသော ခရီသွားတို့ကို လုယက်တိုက်ခိုက်ပြီး ထွက်ပြေးကြသည်။ ထိုကြောင်းကို သိ၍ မင်းချင်းတို့က ခိုးသူကို လိုက်လံဖတ်ဆီးရာ ခိုးသူအစ်တို့ကို မမိကြချေ။ မင်းချင်းတို့သည် ဆက်လက် လိုက်လံရှာဖွေကြရာ တောအုပ်အနီး လယ်ထွန်ရာအရပ်သို့ ရောက်လာကြသည်။ လယ်ကွက်တွင်လည်း ဖခင်, သားနှင့် မောင် သုံးယောက်တို့သည် လယ်ထွန်ယက်နေကြသည်။ မင်းချင်းတို့သည် ထို သုံးယောက်ထံ သွားကာ....
“ သင်တို့သည် တောအုပ်ထဲ၌ လုယက်ကြပြီး ယခုမှ လယ်ထွန် ချင်ယောင်ဆောင် နေကြသည်။ ”
ဟု ဆိုကာ ဖမ်းဆီးချုပ်နှောင်ပြီး ကောသလမင်းကြီးထံ ပို့ကြလေသည်။ လင်၊ သား၊ မောင် တို့အား ဖမ်းဆီးခေါ်ဆောင်သွားသော သတင်းကို ကြားရသော မိဘများမရှိတော့သော မယား သည် မင်းကြီး၏ နန်းတော်ပတ်ဝန်းကျင်သို့ အရောက်လာပြီး-
“ အ၀တ်ကို ပေးတော်မူပါကုန်လော။ အကျွန်ုပ်အား အ၀တ်ကို ပေးတော်မူပါကုန်လော။ ”
ဟု ငိုယိုကာ အဖန်ဖန်တလဲလဲ နန်းတွင်းရှိ မင်းကြီးနားတော်ပေါက်အောင် အော်နေလေတော့သည်။


ထိုမိန်းမငိုသံကို ကြားသော ကောသလမင်းကြီးသည် မင်းချင်းတို့ကို ခေါ်ကာ ထိုမိန်းမအား အ၀တ်တို့ကို ပေးပါလော့ ဟု စေခိုင်းလေသည်။ မင်းချင်းတို့သည် မင်းကြီးစေခိုင်းသည့်အတိုင်း အ၀တ်များကို ယူပြီး ထိုမိန်းမထံ သွားပေးကြလေသည်။ ထိုအခါ ထိုအမျိုးသမီးက ..
“ အကျွန်ုပ်သည် ဤအ၀တ်ကို မတောင်း၊ လင်ဟူသော အ၀တ်ကိုသာ တောင်းပါသည်။ ”
ဟုဆိုလေသည်။ မင်းချင်းတို့သည် မင်းကြီးထံ သွားကာ အကျိုးအကြောင်း လျှောက်ထားကြလေသည်။ ထိုအခါ ကောသလမင်းကြီးက ထိုမိန်းမကို မိမိရှေ့တော်မှောက်သို့ ခေါ်ခိုင်းလေသည်။ ရောက်လာသောအခါ မင်းကြီးက........
“ သင်သည် လင်ဟူသော အ၀တ်ကို တောင်းသလော။ ” ဟုမေးသည်။
“ အရှင်မင်းကြီး၊ တောင်းသည်မှန်ပါသည်။ လင်သည် မိန်းမတို့၏ အ၀တ်မည်ပါသည်။ လင်မရှိသည်ရှိသော အဖိုးတစ်ထောင် ထိုက်သော အ၀တ်ကို ၀တ်နေငြားသော်လည်း လင်မှကင်းသော မိန်းမသည် အချည်းအနှီးသာ ဖြစ်ပါသည်။ အရှင်မင်းကြီး , ရေမရှိသော မြစ်သည် အချည်းအနှီးသာ ဖြစ်ပါသည်။ မင်းမရှိသော တိုင်းနိုင်ငံသည် အချည်းအနှီးသာ ဖြစ်ပါသည်။ အကြင်မိန်းမအား မောင်တစ်ကျိပ်ပင် ရှိလင့်ကစာ လင်မရှိက အချည်းအနှီးသာပင် ဖြစ်ပါသည်။ ”
ကောသလမင်းကြီးသည် ထိုမိန်းမ၏စကားကို ကြည်ညိုနှစ်သက်လှသည်ဖြစ်၍
“ အမျိုးသမီး၊ ဤသုံးယောက်သော သူတို့သည် သင်နှင့် အဘယ်သို့ တော်ကုန်သနည်း။ ”
ဟု မေးတော်မူလေသည်။
“ အရှင်မင်းကြီး တစ်ယောက်ကလင်၊ တစ်ယောက်က မောင်၊ တစ်ယောက်က သားဖြစ်ပါသည်။ ”
ဟုလျှောက်ထား၏။
“ ငါသည် သင့်အား နှစ်သက်၏။ ဤသုံးယောက်တွင် တစ်ယောက်ကို လွှတ်ပေးမည်။ အဘယ်သူကို အလိုရှိပါသနည်း။ ”
ကဲ့... ယခုစာဖတ်နေသော အကြင်ပုဂ္ဂိုလ်ရော မည်သူကို ရွေးမည်နည်း။ အဲဒီအမျိုးသမီးဖြေပုံလေးကတော့
“ အရှင်မင်းကြီး၊ အကျွန်ုပ်အသက်ရှင်သည်ရှိသော် လင်အသစ်ကိုရပါသည်။ သားကိုလည်း ရနိုင်ပါသည်။ ကျွန်ုပ်၏ မိဘတို့သည် သေကုန်ပြီးဖြစ်၍ မောင်ကို သာခဲပါသည်။ သို့အတွက် အကျွန်ုပ်အား တစ်ယောက်ပေးမည်ဆိုက မောင်ကိုသာ ပေးတော်မူပါ အရှင်မင်းကြီး။ ”
ကောသလမင်းကြီးသည် ထိုမိန်းမ၏ လျှောက်ထားဖြေကြားချက်ကို နှစ်သက်ကြည်ညိုသဖြင့် မှန်သောစကားကို ဆိုပေသည် ဟုဆိုကာ လင်၊ မောင်၊ သား သုံးယောက်စလုံးကို လွှတ်ပေးလိုက်လေသည်။

(ဣတ္ထိဝင်္ဂဇဂ်- ဥစ္ဆာတက)
ဤ၀တ္ထုမှာပါသော အမျိုးသမီးသည် အကျိုးအကြောင်းညီညွတ်စွာ ပြောဆိုတတ်၏ ။ ရဲရင့်သော သတ္တိသည်လည်းရှိ၏ ။ မိန်းမမြတ်, မယားမြတ်မည်ပါသည်။ ဘုရားအလောင်းတော် မဟောသဓါဘ၀ဖြစ်စဉ်၌လဲ တော်လေး၀၀င် အမရာဒေ၀ီသည် ဤနည်းကဲ့သို့ပင် သေနကအမတ်တို့၏ လုပ်ကြံမှုကို ၀ိဒေဟရာဇ်မင်းကြီးက မိမိလင်ယောက်ျားအား အထင်းမှား အမြတ်မှားနေသော အမှုကို အမှန်တရားဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ အကို၊ အစ်မ၊ ညီမ၊ ညီငယ် လေးတို့လဲ မိမိဘ၀ မိမိအားကူညီပေးနိုင်သော ဘ၀၏ ကူဖော်လောင်ဘက် , အဆိုးတူအကောင်းတူ ရင်ဆိုင်နိုင်သော အမျိုးသားကောင်း၊ အမျိုးသမီးကောင်းတွေကို ရွေးချယ်နိုင်ပါစေ, ပြီးတော့ အစားထိုးမရသော အရာနှင့် အစားထိုးနိုင်သောအရာ ဟူ၍ မှန်မှန်ကန်ကန်ခွဲခြားနိုင်ပါစေ.., အချစ်ကိုဦးစားပေး၍ နှလုံးသားကို မစိုးမိုးနိုင်ကြပါစေနှင့်လို့ စေတနာမွန်ဖြင့်


စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို လူတိုင်းလိုချင်ကြပါသည်။ သို့သော်… လူတိုင်းစိတ်ပျော်ရွှင်ချမ်းမြေ့မှုမရကြပါ။ စိတ်ပျော်ရွှင်ချမ်းမြေ့မှု မရကြခြင်းမှာလိုချင်သော်လည်း မကြိုးစား၍မရခြင်း၊ ပျော်ရွှင်ချမ်းမြေ့အောင် မနေတတ်ခြင်းတို့ကြောင့် ဖြစ်မည်ထင်သည်။ ပုထုဇဉ်လူသားတို့အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့မှုသည် ထာဝရမဖြစ်နိုင်။ အခိုက်အတန့်ယာယီအခြေအနေမျိုးသာ ဖြစ်နေမည်ထင်၏။ အကြောင်းမူကား… လူသားတို့သည် စိတ်ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သော လောဘ၊ဒေါသ၊ မာန်မာနနှင့် မနာလိုဝန်တိုမှုတို့ကို နှလုံးအိမ်တွင်အချိန်ပြည့်နေထိုင်ခွင့် ပေးထားသောကြောင့်တည်း။ လောဘကြောင့် နှလုံးပှုပန်ပြီး စိုးရိမ်သောက ရောက်ရ၏။ ဒေါသကြောင့် စိတ်တို့ရန်လိုပြီး သွေးဆူ သွေးပှုတတ်၏။ မာန်မာနကြောင့် မခံချင်စိတ်ထိပ်တတ်ပြီး သွေးပျက်နိုင်၏။ မနာလိုဝန်တိုမှုကြောင့် အလိုမကျဘဲ စိတ်ဆင်းရဲတတ်၏။ စင်စစ်သော်… ကိုယ်လုပ်ချင်တာ လုပ်ရလျှင၊် ကိုယ်ဖြစ်ချင်တာဖြစ်ရလျှင်၊ ကိုယ်လိုချင်တာရလျှင် လူ့စိတ်သည် ပျော်၏။သို့သော်… ထိုအပျော်သည် တဒင်္ဂသာတည်း။ အချိန်ပိုင်းမျှသာတည်း။ ထာဝရမဟုတ်။ အချိန်ကြာကြာပျော်ရွှင်ချင်လျှင် အကောင်းမြင်စိတ်ထားပြီး ပျော်အောင်နေပါ။ လောဘ၊ ဒေါသ၊ မာန်မာန နှင့် မနာလိုဝန်တိုစိတ် ကို လျော့နည်းပပျောက်အောင် ကြိုးစားပါ။ ကိုယ့်ဘ၀ကို ကျေနပ်ပြီးအနေတတ်ပါစေ။ နေ့စဉ်ရက်ဆက် အမြဲပျော်ရွှင်လိုလျှင် သူတစ်ပါးကို ပျော်ရွင်စေလိုသောစိတ်ဖြင့်ကူညီပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ ၊ မလုပ်ပါနဲ့။ စိတ်ကြည်လင်သန့်စင်နေအောင် လေ့ကျင့်ပါ။ တရားဓမ္မနှင့် မွေ့လျော်ပျော်ပိုက်တတ်ပါစေ။ မကောင်းတာမလုပ်ဘဲကောင်းတာပဲလုပ်ပြီး အမြဲတမ်း စိတ်ကိုဖြူစင်အောင်ထားနိုင်လျှင်တော့ ထာဝရ စိတ်ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မည်။ လူသားအားလုံး စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဦးကောင်းသန့်၏ “စေတနာစကား” စာအုပ်မှ-

လူလောကဟူ ၍ လူနှင့်လောကသည် အတူပူးတွဲရှိနေသော်လည်း အစေးမကပ် သတ်သတ်စီလိုဖြစ်နေသည့်အချိန်မျိုးလည်း ရှိ၏။ ထိုအချိန်တွင် လူသည် လောကကြီးက မကောင်းဘူး၊ တရားမျှတမှုမရှိဘူး၊ ဘက်လိုက်တယ်ဟု ကိုယ်လိုရာဆွဲတွေးပြီး ပြောတတ်ကြ၏။ စင်စစ်သော် လောကကြီးသည် ဘာမျှမသိ၊ သူဘာသာ တည်ရှိနေ၏။ အတိတ်ကံ မကောင်းသူများ ၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသူများ၊ အတ္တမာန်မာနကြီးသူများ၊ လောဘ၊ ဒေါသ၊ မောဟ လွှမ်းမိုးနေသူများက လောကကြီးကို အပြစ်ရှာပြီး တရားခံလုပ်နေခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်၊ သူများကို အပြစ်တင်နေသမျှကာလပတ်လုံး အမှန်မမြင် အမြင်မှန်မရခြင်းဖြစ်တတ်၏။ အမြင်မှန်မရလျှင် ပြုပြင်ရန်ခက်၏။ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ဟူသော ပကတိအမှန်တရားကို သိထားသင့်သည်။ အသိနှင့်သတိကို လက်ကိုင်ထားပြီး ကိုယ့်အမှားကို အချိန်မီပြုပြင်နိုင်မှသာလျှင် လောကကြီးကို အပြစ်မမြင် အပြစ်မတင်ဘဲ ချစ်ခင်သွားပေလိမ့်မည်။လောကကြီးနှင့် အလိုက်အထိုက်နေနိုင်အောင် လောကကြီးရဲ့စကားတစ်ခွန်း ရှိတယ် “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ” ဆိုတာ မိမိပြုလုပ်ခဲ့တဲ့ အတိတ်ကံ မကောင်းဘူး ဆိုရင် မကောင်းသောရလဒ် အကျိုးတွေနဲ ရင်ဆိုင် တဲ့အခါမှာ မိမိလုပ်ခဲ့လို့ ပြန်ခံစားရတယ် လို့ အောင့်မေ့ရင် သင် လောကကြီးကို သင်ချစ်လာနိုင်ပါတယ်။ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ စကားကို သင်ကြားဖူးလေမပေါ့။ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရမယ် ဆိုတဲ့ အသိ သင့်မှာရှိလျှင် သင်လောကကြီးကို သင်ချစ်ခင်နိုင်ပါတယ်။ ဘာမဆို ကံကိုသာ ယိုးမယ်ဖွဲ့မယ်ဆိုတဲ့ အစွန်းရောက်မသွားဖို့လဲ သတိကလေးပေးချင်တယ်။ “ ကံကိုယုံပြီး ဆူးပုံနင်း ”ဆိုတဲ့ စကားပုံလို့ပါပဲ။ လောကကြီးကို သင်ချစ်ခင်နေနိုင်ဖို့ သင့်မှာ အဲဒီအချက်တွေ အနည်းဆုံး ရှိထားသင့်တယ် ။ လောကကြီးကို သင်ချစ်နိုင်လျှင် သင်စိတ်ချမ်းသာစွာ နေနိုင်ပါလိမ့်မယ့်။ လောကကြီးကိုချစ်ခင်ပြီး အောင်မြင်ပျော်ရွှင်နိုင်သူ ဖြစ်ပါစေ။
ဦးကောင်းသန့် ၏ “စေတနာစကား” စာအုပ်မှ ကူးချထားပါသည်။


စာအုပ်ကို ၀ါသနာပါသည်ဖြစ်စေ၊ ၀ါသနာမပါသည်ဖြစ်စေ တာဝန်တစ်ခုကဲ့သို့ ဖတ်ပါ။ စာအုပ်တွေထဲတွင် သိစရာ၊ မှတ်စရာ၊ စူးစမ်းစရာ၊ နည်းပညာတွေ၊ အတုယူစရာတွေ များစွားပါ၏၊ စာအုပ်တွေထဲတွင် ဘ၀တွေရှိသည်၊ လောကတွေရှိသည်။ ကြည်နူးစရာတွေရှိသည်။ ပူဆွေးဝမ်းနည်းစရာတွေရှိသည်။ ရင်သပ်ရှုမောစရာတွေရှိသလို အားတတ်ဖွယ်ရာတွေလည်းရှိသည်။ စာအုပ်ဖတ်ခြင်းသည် ကျောက်တူးသကဲ့သို့ ဆင်တူသည်။ ကျောက်တူးရာတွင် ကျောက်ထွက်နိုင်သောနေရာမှ မြေကြီးကိုတူး၍ ရေနှင့်ဖျော်ပြီး ဆန်ခါပေါ်တင် လောင်းချရသည်။ မြေကြီးတွေ အရည်ပျော်ပြီး ဆန်ချပေါက်ထဲမှ ကျသွားသောအခါ ဆန်ခါပေါ်တွင် အရည်မပျော်သောကျောက်ခဲတွေကျန်ခဲ့၏ ။ ထိုကျောက်ခဲစတွေထဲတွင် အဖိုးတန်သော ပတ္တမြားတွေရတတ်၏ ။ တန်ဖိုးနည်းသော ကျောက်ဖြုန်းလေးတွေလည်းရသည်။ ရတတ်သမျှ ယူကြရ၏ ။
စာအုပ်ဖတ်ရာတွင် ပထမဆုံး စာအုပ်မျိုးစုံဖတ်ရမည်။ စာဖတ်များလာသောအခါ မိမိ၏ အသိဉာဏ်က သံဆန်ခါသဖွယ် ဆန်ခါတင်စစ်ပေးသည်။ အနှစ်မရှိသောစာ၊ မိမိအတွက် အသုံးမတည့်သောစာများကို ဦးနှောက်တွင် စွဲကျန်မနေစေရန် အသိဉာဏ်က တာဝန်ယူစီစဉ်သည်။ မိမိဘ၀အတွက် အသုံးဝင်တန်ဖိုးရှိလှသော စာများကို ဦးနှောက်တွင်သာမက နှလုံးသား ထိရောက်အောင်အသိဉာဏ်က ပို့ဆောင်ပေးသည်။ စာကောင်းပေကောင်းတွေထဲမှ မိမိ၏ အသိဉာဏ်ကို လင်းလက်တောက်ပသွားစေသော စကားလုံးများ၊ စာကြောင့်များ၊ စာပိုဒ်များသည် အဖိုးတန်ပတ္တမြားများ တူးဖော်ရရှိသကဲ့သို့ ဖြစ်၏ ။ အဖိုးတန်ပတ္တမြားတစ်လုံး ရရှိရုံနှင့် ဘ၀တိုးတတ်ပြောင်းလဲသွားစေနိုင်သကဲ့သို့ တစ်ခါတစ်ရံ စာအုပ်ထဲတွင်ပါသည့် စာတစ်ကြောင်း၊ စာတစ်ပိုဒ်ကလည်း မိမိဘ၀ကို တိုးတတ်ပြောင်းလဲသွားစေနိုင်ပါ၏ ။ ထိုကြောင့်… စာဖတ်ပါ ။ စာဖတ်ခြင်းဖြင့် အသိဉာဏ်ရင့်သန်ပြီး အမှားအမှန်ခွဲတတ်ပါစေ ။မှန်ကန်သောအခြေအနေ၊ အချိန်အခါ၊ အခွင့်အခါ ကောင်းများကို ရွေးတတ်ကြပါစေ။ အတတ်ပညာကောင်းများကို စာအုပ်များထဲမှစူးစမ်းရှာဖွေရယူတတ်ကြပါစေ။ မိမိ၏ အဖိုးတန်သောအချိန်များကိုစာအုပ်များနှင့်မွေ့လျော် ပျော်တတ်ပါစေ ။
စာအုပ်များမှရရှိသော အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်ဉာဏ်တို့ဖြင့် ကိုယ့်ဘ၀ကိုယ်တိုးတတ်ကောင်းမွန်အောင် ဖန်တီးတည်ဆောက်ကြပါ။ စာအုပ်မျာကို အမဲလိုက်မုဆိုး၊ သားကောင်ရှာဖွေသကဲ့သို့ စာအုပ်ကောင်းများကို သဲသဲမဲမဲလိုက်လံ ရှဖွေပြီးဖတ်ပါ။ ၀ယ်ဖတ်ပါ၊ ငှားဖတ်ပါ၊ ရှာဖတ်ပါ၊ ကိုယ်နှစ်သက်သော စာအုပ်များကို ၀ယ်ဖတ်ရန် ဘယ်သောအခါမျှ နှမြောတွန့်တို မရှိပါနှင့်။ ဘ၀အတွက် ရင်နှီးမြုပ်နှံခြင်းဟု သဘောပေါက်ပါ။ ငှားဖတ်ပါ။ မိမိ မိတ်ဆွေသူငယ်ချင်း၊ ဆရာသမားထံတွင် အတွန့်အဆုတ်မရှိ ပြောဆိုငှားရမ်းတတ်ပါစေ။ စည်းကမ်းရှိရှိ ငှားဖတ်ပါ။ တချို့စာကောင်းပေမွန်များသည် စာကြည့်တိုက်များ၌သာ ရှိတတ်၏ ။ စာကြည့်တိုက်သို့ သွားပါ။ ရှာဖတ်ပါ။ စာကြည့်တိုက်နှင့် အဆွေခင်ပွန်းဖွဲ့တတ်ပါစေ။ စာအုပ်များကို အသေအချာ ၀ယ်၊ ငှား၊ ရှာဖွေဖတ်ရှုခြင်းသည် တန်ဖိုးရှိသောဘ၀တစ်ခုကို တည်ဆောက်နေခြင်း မည်၏ ။ စာအုပ်များဖြင့် ဘ၀ကို တည်ဆောက်နိုင်တတ်ကြပါစေ။

စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို လူတိုင်းလိုချင်ကြပါသည်။ သို့သော်… လူတိုင်းစိတ်ပျော်ရွှင်ချမ်းမြေ့မှုမရကြပါ။ စိတ်ပျော်ရွှင်ချမ်းမြေ့မှု မရကြခြင်းမှာလိုချင်သော်လည်း မကြိုးစား၍မရခြင်း၊ ပျော်ရွှင်ချမ်းမြေ့အောင် မနေတတ်ခြင်းတို့ကြောင့် ဖြစ်မည်ထင်သည်။ ပုထုဇဉ်လူသားတို့အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့မှုသည် ထာဝရမဖြစ်နိုင်။ အခိုက်အတန့်ယာယီအခြေအနေမျိုးသာ ဖြစ်နေမည်ထင်၏။ အကြောင်းမူကား… လူသားတို့သည် စိတ်ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သော လောဘ၊ဒေါသ၊ မာန်မာနနှင့် မနာလိုဝန်တိုမှုတို့ကို နှလုံးအိမ်တွင်အချိန်ပြည့်နေထိုင်ခွင့် ပေးထားသောကြောင့်တည်း။ လောဘကြောင့် နှလုံးပှုပန်ပြီး စိုးရိမ်သောက ရောက်ရ၏။ ဒေါသကြောင့် စိတ်တို့ရန်လိုပြီး သွေးဆူ သွေးပှုတတ်၏။ မာန်မာနကြောင့် မခံချင်စိတ်ထိပ်တတ်ပြီး သွေးပျက်နိုင်၏။ မနာလိုဝန်တိုမှုကြောင့် အလိုမကျဘဲ စိတ်ဆင်းရဲတတ်၏။ စင်စစ်သော်… ကိုယ်လုပ်ချင်တာ လုပ်ရလျှင၊် ကိုယ်ဖြစ်ချင်တာဖြစ်ရလျှင်၊ ကိုယ်လိုချင်တာရလျှင် လူ့စိတ်သည် ပျော်၏။
သို့သော်… ထိုအပျော်သည် တဒင်္ဂသာတည်း။ အချိန်ပိုင်းမျှသာတည်း။ ထာဝရမဟုတ်။ အချိန်ကြာကြာပျော်ရွှင်ချင်လျှင် အကောင်းမြင်စိတ်ထားပြီး ပျော်အောင်နေပါ။ လောဘ၊ ဒေါသ၊ မာန်မာန နှင့် မနာလိုဝန်တိုစိတ် ကို လျော့နည်းပပျောက်အောင် ကြိုးစားပါ။ ကိုယ့်ဘ၀ကို ကျေနပ်ပြီးအနေတတ်ပါစေ။ နေ့စဉ်ရက်ဆက် အမြဲပျော်ရွှင်လိုလျှင် သူတစ်ပါးကို ပျော်ရွင်စေလိုသောစိတ်ဖြင့်ကူညီပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ ၊ မလုပ်ပါနဲ့။ စိတ်ကြည်လင်သန့်စင်နေအောင် လေ့ကျင့်ပါ။ တရားဓမ္မနှင့် မွေ့လျော်ပျော်ပိုက်တတ်ပါစေ။ မကောင်းတာမလုပ်ဘဲကောင်းတာပဲလုပ်ပြီး အမြဲတမ်း စိတ်ကိုဖြူစင်အောင်ထားနိုင်လျှင်တော့ ထာဝရ စိတ်ပျော်ရွှင်ချမ်းမြေ့ပါလိမ့်မည်။ လူသားအားလုံး စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ