Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)




တချို့သောသူတို့သည် အတိတ်ဘ၀ ကျိုးပေးနည်းသောကြောင့် စာဖြင့် ဝေးရ၏။ စာအုပ်ကိုမချစ်။ ၀ါသနာမပါ။ အချိန်မရ။ ၀ယ်ဖတ်ရမှာနှမြော၏။ ထမင်းစားဖို့အလုပ်လုပ်ရင်း အသက်ရှင်သည်။ စာပေ၏တန်ဖိုးကို သူမသိ။ ရရှိနိုင်သည့်ကောင်းကျိုးကို သူမမြင်။ ငွေကိုသာ ခုံမင်၍ဆင်ခြင်တုံတရားနည်းစွာဖြင့် ဘ၀ကို ချစ်ခင်ပျော်မွေ့နေတော့၏။

တချို့သောသူတို့သည် စာအုပ်ကို ချစ်ခင်နှစ်သက်၏။ တန်ဖိုးထားလေးစား၏။ စာအုပ်ကြောင့် အသိတရားတိုးပွား၏။ ရင့်ကျက်ပြည့်ဝမှုကို ဖြစ်စေ၏။ စာအုပ်ကို မုဆိုးသားကောင်ဖမ်းသကဲ့သို့ အငမ်းမရရှာဖွေဖတ်ရှုတတ်၏။ လောကဓံကို ခံနိုင်စွမ်းရည်ရရှိ၏။ ငြိမ်းချမ်မှုကို ရှာတွေ့၏။ အမှန်တရားနှင့် အကျွမ်းဝင်၏။

ထိုသူတို့သည်… လူဖြစ်ရကျိုးနပ်၍ လောက၌ မိတ်ဆွေကောင်းရသည် မည်၏။ ဘ၀အဓိပ္ပာယ်နှင့် တန်ဖိုးကိုသိသော လောကအကျိုးဆောင်နိုင်သူများ ၊ လူတို့၏ တန်ဖိုးထား လေးစားခံရသူများ ထိုက်တန်စွာ ဖြစ်ကြကုန်၏။ ထိုကြောင့်… အသက်ရှင်နေသမျှ စာအုပ်ကို မိတ်ဆွေဖွဲ့ရာ၏။

ဦးကောင်းသန့်ရဲ့ စေတနာစကား စာအုပ်မှာ ဖတ်လိုက်ရလို့ မျှဝေတာပါ.... ။ စာအုပ်သည် ကျွန်တော်တို့အတွက် အရိုးသားဆုံးနဲ့ အကောင်းဆုံး ဆရာတစ်ဆူ ဖြစ်ပါတယ်။ သူကို အလေးထား တန်ဖိုးထားပြီး ဖတ်ရှုခြင်းအားဖြင့် မိမိရဲ့ အသိဉာဏ်တွေ ပွင့်လင်း လာနိုင်ပြီး......, ဘ၀ရဲ့ နည်းပေးလမ်းပြ မိတ်ဆွေ တစ်ယောက်သဖွယ် မိမိအနားမှာ ရှိနေပါတယ်....။ စာအုပ်တွေထဲမှာ ဘ၀သင်ခန်းစာတွေရှိတယ်.။ စာအုပ်တွေထဲမှာ အိပ်မက် မျှော်လင့်ချက်တွေရှိတယ်။

စာအုပ်တွေထဲမှာ ရိုးသားပုံ ရိုးသားနည်းတွေ ရှိတယ်။ လောကကြီးကို မြင်စေနိုင်တယ် ။ ကိုယ်နဲ့ မရင်းပဲ အကောင်းဆုံး သင်ခန်းစာတွေ ပေးနိုင်ပါတယ်။ ဘ၀အကြောင်းကို နားလည်မယ်။ သဘာဝတရားကို သိရှိမယ်။ လူတွေအကြောင်းကို ခံစားတတ်လာမယ်။ ဖြစ်ပေါ်လာတဲ့ ဘ၀အတွက် မက်လာမယ့် အိပ်မက်တွေကို အရောင်တွေ တောက်ပစေနိုင်တယ်။

စာအုပ်ဖတ်ခြင်းဖြင့် ကောင်းကျိုးများသာ ရရှိနိုင်ပါတယ်။ စာအုပ်ကိုလဲ ဖတ်တတ် မှတ်တတ်ဖို့လိုပါတယ်။ စာအုပ်တွေ အများကြီးရှိတယ်။ စာအုပ်ဖတ်ခြင်းဖြင့် အများကို မထိခိုက်နိုင်သလို မိမိအတွက်လဲ အဖော်မွန်ကောင်းတစ်ယောက်သဖွယ် မိမိအနားမှာရှိနေပါတယ်။ အနောက်နိုင်ငံတွေ တိုးတတ်ခေတ်မှီကြတယ်။ သူတို့တွေ အများစု ဘာလုပ်ကြတယ် ဆိုရင် အများစု စာအုပ်နဲ့ နေကြတယ်။ ရထားပေါ်ဖတ်တယ်။ ဘက်စ်ကား ပေါ်ဖတ်ကြတယ်။ Metro စီးရင် ဖတ်တယ်။ လေယာဉ်ပျံပေါ်မှာလဲ ဖတ်ကြတယ်။

ကျွန်တော်အနေနဲ့ စာအုပ်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်တွေများများ ဖတ်ပြီး အသိဉာဏ်တွေ များများ တိုးတတ်နိုင်ပါစေ။

3 comments

  1. kiki Says:
  2. ခုလို သတိပေးနှိုးဆော်ထားတာလေး အတွက် ကျေးဇူးပါဘဲ ။
    စာအုပ်စာပေ ဒို့ မိတ်ဆွေ ၊
    အလိမ္မာ စာမှာရှိ ဆိုတာတွေ အတိုင်းပါဘဲ ။

    အဆိပ်အတောက်ကင်းတဲ့ စာကောင်းပေကောင်းလေးတွေကိုတော့ ရွေးချယ်ဖတ်တတ်ရမှာ နော် ။

    ခင်မင်လျှက်
    မကိ..
    (ဆေးလိပ်လည်း ဖြတ်ပေါ့ ..စာအုပ်ပိုဖတ် )

     
  3. စာဖတ်တဲ့ကလေးအတွက် ကြိမ်တုတ်ကိုင်ဘို့မလိုဘူး..။

     
  4. စာအုပ်တွေထဲမှာ ဘ၀သင်ခန်းစာတွေရှိတယ်

    အမှန်ပါပဲ...
    သင်ဆရာ
    မြင်ဆရာ
    ကြားဆရာ အပြင်
    စာဖတ်ခြင်းနဲ့ သင်ယူလို့ ရတာတွေအများကြီးရှိနေပါတယ်

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ