Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဆောင်း ချစ်ပုံပြင်

Posted by thawzin Monday, November 2, 2009




ဒီတခါဆောင်းက
နှင်းငွေ့လည်းပျောက်
မိုးပေါက်တို့နှင့်
ဗွက်ပေါက်ခဲ့ပြီး။

ဆောင်းရောက်ရင်ပိုလိုလွမ်း
ဒီအနွမ်းတွေ ဘယ်တော့ပြေမလဲ
သဇင်တွေပွင့်တဲ့ဆောင်း
သဇင်တွေကြွေတဲ့ဆောင်း
အိမ်မက်တွေ မက်ကောင်းတဲ့ဆောင်း
လန့်လန့်ပြီးနိုးတတ်တဲ့ဆောင်း
ဖြစ်လာလဲဆောင်း
ပျက်သွားလဲဆောင်း
ဖြစ်အပြောင်းတွေများလို့
ဆောင်းဆိုရင်
အရမ်းကြောက်မိပြီး။

လွမ်းတယ်သဇင်ရယ်
ရင်နှင့်အမျှ ဘ၀ပါပေါင်းပြီးယုံခဲ့တာ။
အမြင်ကမလှပတော့
တချိန်တုန်းက ဆိုတာတွေလဲ
ဟောင်းသွားခဲ့ပြီးပေါ့။

ပန်းသဇင်က နန်းလယ်မှာ တင့်တယ်တယ်
သဇင်က ငါ့ရင်မှာ မမွေ့လျော်။
ပန်းတို့ရဲ့သဇင်
ငါ့ဘ၀ရဲ့ အရှင်သခင်။
သခင်ဆိုတော့
ကျွန်ဖြစ်တဲ့ကျွန်တော်
အနေကစုတ်စုတ်
အမြင်ကရုတ်နေတော့မှာပေါ့။

အေးစက်တဲ့ဆောင်းလေအေးက
ကွဲအပ်တဲ့ ငါ့ရင်ဘက်ဟောင်းကို
အအေးဓါတ်နဲ့လဲ အချိန်တွေပိုစေခဲ့တယ်။
နွေးဓါတ်တို့လိုနေချိန်မှာ
နှင်းစက်တို့ မရက်စက်ပါနဲ့။
အေးစက်စက်မိုးရေစက်က
သွေးပျက်မတတ်နာကျင်စေခဲ့ပါတယ်။

ဖိုးစော်ကဲတို့ တဲဖျက်ချိန်မှာ
အရေးပေါ်တွဲဖို့ ယာဉ်ဥဩသံပဲကြားနေရတယ်။
ငွေ့ငွေ့လေးကျန်ရင်တောင်
ပြတင်းနဘေးက သဇင်ရနံ့ကို
ငံလင့်လို့ ရှုရိုက်ချင်သေးတယ်။

လွမ်းလိုက်တာသဇင်ရယ်
ခေါ်သံလဲမကြား
လှမ်းဆွဲလို့မသိ
သဇင်ရဲ့ ရှေ့ ရောက်နေတာတောင်
မမြင်သလိုအနေအထား
မသိသလိုမျက်လုံးတွေက
တစိမ်းဆန်လိုက်တာ။

သွားတော့မယ်သဇင်ရယ်
ခေါ်သံတွေကြားနေပေမယ့်
နင့်အသံကို နားစွန့်နေမိတယ်
နင်ပြန်လို့ ထူးနိုင်မလားပေါ့
ကမ်းလက်တို့ပြန်ရုတ်သိမ်းတော့မယ်
နေရစ်ခဲ့တော့သဇင်ရေ။

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ဂုဏ်ရည်မတူ ခြားနားချက်တွေကြောင့် အချစ်စစ်တို့မှန်နေကြသော်လည်း ကွေကွင်းနေကြတယ်လေ။ ဆုံတွေချင်းနှင့် ကွေကွင်းခြင်းတို့က သဇင်တွေပွင့်တဲ့ ဆောင်း၊ သဇင်တွေကြွေတဲ့ဆောင်းမှာပဲလေ။ ချစ်တဲ့သူ ယောက်ျားလေးကတော့ စွဲလမ်းစိတ်တွေနဲ့ စိတ္တဇတွေဖြစ်၊ မိမိကိုယ်ကို ရူးတယ်လို့ မထင်မိအောင်ပါပဲ။ ဥတုရာသီ တောကို မှီဆိုသလို တောကိုမမှီ ရာသီဥတုကို အလေးမထားမိတော့ ရောဂါဖိစီးပြီး၊ အရေးပေါ်လူနာတင်ယာဉ်အထက် မျော့မျော့လေး ပါသွားရှာခဲ့ရှာပါတယ်။
ဆေးရုံရဲ့ ပြတင်းနဘေးမှာ သဇင်တွေက မြိုင်နေအောင် ပွင့်နေတော့ ချစ်သူသဇင်ကို ပိုသတိရမိနေပြီးပေါ့။ ဇီဝိန်တွေချုပ်နေပေမယ့်လို့ စွဲလမ်းစိတ်တွေက ချစ်သူသဇင်ဆိုတဲ့ ကောင်မလေးနားမှာ ၀ဲရစ်လိုနေပြီးပေါ့။ သူရှိနေမှန်းမသိတဲ့ ချစ်သဇင်ကတော့ ယောင်လိုတောင် ခေါ်မသံကြားရ၊ ပြန်ထူးသံကို နားစွင့်နေမယ့် သွားရမယ့် ဘုံဌာနကလူတွေက ကမ်းလင့်လို့ ခေါ်သံတွေညံနေပါတယ်။ ချစ်သူရဲ့ အပြုံးတစ်ချက်မြင်ရနိုးနဲ့ ကမ်းလင့်နေသော လက်တို့က အလိုလိုရုတ်သိမ်းပြီးတော့ ပျောက်ကွယ်သွားပါသတဲ့ကွယ်။


ကဗျာပါနော်။ အဲဒါကဗျာပါခင်ဗျ။ ကဗျာအဓိပ္ပါယ်မသိမှာ စိုးလို့ အောက်ကနေ ကဗျာ ကောက်ကြောင်းလေ ပြန်ရေးပေးလိုက်ပါတယ်။

မိုက်တယ်နော်။ ဘယ်သူမှ မမိုက်လဲ ကိုယ်ဘာသာကို မိုက်တယ်ဗျာ။
ကျေးဇူးတင်ပါတယ်။

11 comments

  1. အလဲ့ ကိုသော်ဇင် ရဲ့ ကဗျာလေးက အရမ်းကိုမိုက်တာပဲ။ ဒါနဲ့နေပါအုန်း သဇင် ကမြန်မာနိုင်ငံပြန်ရောက်နေပြီဆို ( အဆိုတော် သဇင်ကိုပြောပါတယ် )

     
  2. မင်္ဂလာပါ ကိုသော်ရေ..

    ဆောင်း ချစ်ပုံပြင် ကဗျာလေးကို လာရောက် ဖတ်ရှု့ခံစားသွားပါတယ် ခင်ဗျား...

    မမြင်သလို အနေအထား
    မသိသလို မျက်လုံးတွေက
    တစိမ်းဆန်လိုက်တာ တဲ့...
    အဲဒီ အပိုဒ်လေး အရောက်မှာ တကယ့်ကို ကဗျာရဲ့ ရသလေး ပေါ်လွင်လာတယ်.. ရင်ထဲ နင့်သွားတာပဲ...

    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  3. kiki Says:
  4. ကိုသော်ဇင် မှာလည်း အလွမ်းဓါတ်ခံ လေးနဲ့ပါလား နော် ... မထင်ရဘူးပဲ ..း)
    လွမ်းရင်လည်း ကိုယ့်ဟာကိုယ် လွတ်လပ်စွာ လွမ်းနိုင်ပါတယ် ..ဘာဖြစ်သလည်းနော် ။
    ကိုယ်ပိုင်ဇာတ်လမ်း အငှားရင်ဘတ် နဲ့ လွမ်းနေရသေးသလား. လို့း))
    လွမ်းတော့ လွမ်းပါ ။
    မပန်း ပါနဲ့  ။
    ရာသီဥတု အေးရတဲ့ အထဲ ပန်းနေရင် မလွယ်ဘူး...း)))) ..

     
  5. ဒါဆို ကောင်လေးက သေသွားတာပေါ့

    ဇာတ်ဆရာ မောင်သော် တအားရက်စက်တယ်ဗျာ

    အခုဒီမှာလည်း ရာသီဥတုက အေးနေပြီလေ ကဗျာလေး ဖတ်ရင်း ကိုယ့်သဇင် လေးကို သတိရမိသေး

     
  6. နေ့လည်ထဲက တခေါက်ရောက်တယ် ဆက်ဖတ်တာကို နှိပ်မရလို့ ရသလောက် ဖတ်ကြည့်တာ ကဗျာလို့တော့ ထင်မိတယ်လေ။

    ညီရေ ကဗျာလေးက လွမ်းမောဖွယ် အချစ်ဇာတ်လမ်း လေးကို ပီပြင်အောင် ဖော်ပြနိင်ပါတယ်။

    ကောင်းတယ်ညီ

     
  7. ဘုရားတရားလုပ်တဲ့ကောင်လေးရင်ထဲမှာ အလွမ်းတွေ ရှိနေတာပါလားးးးး

    ပြင်ပမှာတော့ ရင်ထဲက ပန်းကလေးနဲ့ ဆုံဆည်းမှာပါ ကွာ။

    (မရောက်ဖြစ်တာကြာလို့ အကြိုက်ပွားသွားတယ်)

     
  8. Dream Says:
  9. အော်...........ကဗျာတဲ့လား.....
    တကယ်မှတ်လို့...ဟိဟိ.....

    ဟွန်းးးး သိတယ်နော်..... သိတယ်.....
    ကြည့်ရတာ အသဲကွဲနေလားမသိဘူးနော်.... အဟတ်
    ရန်စသွားတာ...... :P

     
  10. ahphyulay Says:
  11. မင်းမလဲ ဟတ်ထိထားပါလားကိုကိုသော်ရယ်။
    ရေးစမ်းပါဗျ၊ဒါမျိုးလေးတွေလဲ.....
    လူမှန်ရင်ခံစားချက်တော့ ရှိနေတတ်တာပဲ။
    ဒါပေမဲ့  ခံ နေရတာ၊ခံခဲ့ ရတာ တွေကိုတော့ 
    တာရှည်နေအောင် မစားသုံးနေမိဘို့ တော့ လိုမယ်နော...........

     
  12. အင်းမိုက်တယ်... လိုက်လွမ်းချင်စိတ်တွေပေါက်သွားတယ်

     
  13. တကယ့်အဖြစ်များ ကဗျာစပ်ထားသလားလို့ သနားရ မလိုလိုနဲ ၊့ကဗျာရေးတဲ့သူကလည်းအတော်ဖန်တီး
    တတ်ပါ့။း))

     
  14. maylay Says:
  15. မောင်လေးက ကဗျာလေးလည်း ရေးဖြစ်တာပဲနော်။ ကောင်းလိုက်တာ။ မမြင်သလိုအနေအထား မသိသလိုမျက်လုံးတွေက သူစိမ်းဆန်လိုက်တာ ဆိုလို့ ကောင်မလေးကို နည်းနည်းခုတော့မလို့။ အောက်က စကားပြေလေး ဖတ်ပြီးမှပဲ။။။။။။ နားလည်တယ်။ တတ်တယ်နော် ကောင်လေး ဆက်ရေး။။။ ကျန်းမာပျော်ရွှင်ပါစေ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ