Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ကြုံရပါသည် ထိုသဘော

Posted by thawzin Tuesday, September 21, 2010



ဤနေ့သည် ထူးထူးခြားခြားမရှိသော နေ့ဖြစ်နေသည်။ သာမန် သူလို ကိုယ်လိုပဲ အသက်ရှုခွင့်ရနေသေးသည်။ အိပ်ယာကထ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ၀င်လိုက်သည်နှင့် တနေ့တာအလုပ်များရဲ့ အဦးဆုံ အလုပ်တစ်ခု ထလုပ်နေမိသည်။ နံနက်စာ စားအုံးမည်။ ပြီးလျှင် မိမိရဲ့ စာဝတ်နေရေး အတွက် အဆင်ပြေအောင် အလုပ်ရှိရာသို့ သွားရပေအုံးမည်။ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်အတွက် မိမိနေတဲ့အခန်းမှာ အဆင်မပြေရာဟူ၍ မရှိသလောက်ဖြစ်နေသည်။

အလုပ်ရုံရဲ့ စက်ယန္တရားလည်ပတ်နေသော ဆူညံသံများက သူ့ထက်ငါ ဦးစွာကြိုဆိုနေသည့်အလား။ ရုံးက ကောင်လေးတစ်ယောက် လက်စွဲအိပ် လာသယ်လို့ ပေးလိုက်ရင်း တစ်ညတာ ခွဲခွါလာခဲ့တဲ့ စက်ရုံကြီး ပြောင်းလဲမှုကို ကျီးကန်းတောင်းမှောက် လိုက်ရှာမိပြန်သည်။ စက်ရဲ့ ဆူညံသံနှင့်အတူ မိန်းကလေးတချို့၏ ဆူညံပွက်လောရိုက်စွာ ဟေးလားဝါးလား ပြောဆိုနေသံက ဒုတိအကြိမ် ဆီးကြိုနေပြန်သည်။ နေ့တိုင်းလိုလို ကြားနေရသည့် ဤအသံများကိုလဲ ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင် မိမိရုံးခန်းကိုပဲ တိုက်ရိုက်ဝင်နေလိုက်မိသည်။

အချိန်တွေ ဘယ်လိုကုန်သွားသည် မသိ။ နေ့လည်ထမင်းစားဖို့ အချက်ပြသံတွေကြားပြီးနောက် မိန်ကလေး သုံးယောက် ရုံးခန်းထဲဝင်လာသည်။ သူတို့လက်ထဲတွင် နေ့လည် ထမင်းစားနိုင်ရန် ဟင်းခွက်ကိုယ်စီဖြင့် ဟန်ဆောင်နေသော အပြုံး၊ အားကိုးတကြီး မျှော်လင့်ချက်ကြီးစွာသော သိမ်ငယ်မှုအောက်က ဟန်ဆောင်အပြုံး၊ လိုချင်သောအရာတစ်ခုအတွက် ရင်းနှီးသော အပြုံး၊ ထိုထိုသော အပြုံးကိုယ်စီကို လျှပ်တပျက် မှတ်တမဲ့ သုံးသပ်ချက်ချလိုက်မိသည်။ သေချာတာကတော့ သူတို့အပြုံးတွေထဲမှာ စေတနာနဲ့ ပြုံးသော အပြုံးမမြင်ရခြင်းပင်။

၁၅မိနစ်လောက်သာမျှ စားသောက်ပြီးသွားတဲ့အခါ ကိုယ်စီဒုက္ခတွေ တင်ပြ၊ လိုအပ်ချက်တွေကူညီတောင်း၊ အသီးသီးပြန်လည် ထွက်ခွါသွားကြသည်။ ရုံးချုပ် မိမိစက်ရုံ၏ လက်ခွဲရုံးတွေရဲ့ တနေ့တာအဆင်မပြေမှုအတွက် ပြစ်တင်ကဲရဲ့အသံ၊ ထို့နောက် လက်ခွဲရုံး၏ အသနားခံသူကခံ၊ စသည့် ပြဿနာပေါင်းများစွာကို ပြုပြီးသည့်နောက်၊ သူတို့၏ မျက်နှာများတွင် မကျေနပ်သော အကြည့်၊ ကျေနပ်လေးစားသော အပြုံး၊ ခင်မင်ရိုသေသော အပြုအမှုတို့ကိုလဲ သုံးသပ်မိလိုက်သည်။

ထိုနောက် စက်ယန္တရားလည်သံများ၊ စကားများ ဆူမြိုက်စွာ ညံနေခြင်းဖြင့် စက်ရုံကြီး ဆက်လက်လည်ပြန်ပြီး။ အဲယားဂွန်းက ထွက်လာသည် လေမွှေးမွှေးနုနုလေးတွေနှင့် အခန်းသည် ကျက်သရေရှိလာသလို။ မိမိလဲ ဖွင့်လျှက် ကွန်ပျူတာပေါ်က သေးသေးကွေးကွေး အက္ခရာတွေ၊ ဖြောင့်တန်းစွာ ပိုင်းခြားထားသော ဇယားကွက်တွေ ဂဏန်း ၀(သုည)မှ ကိုး(၉)ထိ စုံလင်သော ဂဏန်းတို့အကြား spot(အပြောက်)၊ စသော သင်္ချာသင်္ကေတပေါင်း များစွာဖြင့် ဖွဲ့စည်းထားသည့် စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက် ကျော်ကြည့်လိုက် ခွကြည့်လိုက်၊ ပြန်လှန်ကြည့်လိုက်နှင့် ညနေရုံးက ဆင်းရပြန်ပြီး။

တိတ်တဆိပ်ခြောက်ကပ်ကပ် အခန်းထဲသို့ အမှောင်ကို ဖြိုခွင်းဖို့ ခလုပ်တချက်နှိပ်ကြည့်သည်။ နီကျင့်ကျင့် ၀ါတာတာ အရောင်တွေနဲ့ ညည်းငြူစရာ အလင်းကို မနှစ်သက်။ အဖြူဖျော့ဖျော့ အလင်းက ပျင်းရိစွာ ပေါ်ထွက်လာပြန်သည်။ ရေချိုးခန်းမီး၊ မီးဖိုခန်းမီး၊ စသည် အခန်းလိုက် မီးတွေ အကုန်လိုက်ဖွင့်ရင် ပူစပ်စပ် လေကို မုန်းတီးစွာ ရေချိုးခန်းက ရေပန်းကို အကုန်ဖွင့်ချလိုက်မိသည်။ ထိုနောက် ရေနွေးအိုး ခလုပ်ဖွင့်ရင်း မီးဖိုပလိပ်ပြားကို နံပါတ်ခြောက်ထိ အပူမြင့်တင်ဖွင့်ချလိုက်သည်။ ထိုနောက် ရေထည့်ထားသော စတီးခွက်ထဲ ကြက်ဥ သုံးလုံးထည့်ပြီး မိမိအခန်းထဲဝင်ရင်း ကွန်ပျူတာ ပါဝါကို ထိုးဖွင့်လိုက်ပြန်သည်။
“နေကောင်းလား”
“အဆင်ပြေခဲ့ရဲ့လား”
“ပင်ပန်းလာပြီးလားဟင်”
စသည့် မေးခွန်းသံများအစား အခန်းထဲက ကွန်ပျူတာ ၀င်းဒိုးတက်သံက နားထဲစောင့်ဝင်လာသည်။

ခါးသက်သက် ကော်ဖီဖျော်ရင် ကြက်ဥကို အခွံခွါစားနေမိသည်။ ထိုနောက် အင်တာနက်ချိတ်ပြီး ဟိုဝင်ဒီဝင်ဖြင့် ကမ္ဘာတပတ်လျောက်ပတ်ကြည့်မိသည်။ ပုံမှန် မထူးခြားသော လောကကြီးရဲ့ လည်ပတ်မှုကို အဆန်းတကြယယ်စိတ်ဝင်စားအောင် အမြင်ပေါင်းစုံနှင့် ရေးထားသော ဆောင်းပါးများ၊ သူ့ထက်ငါ ပိုသိပါတယ်ဆိုသာအောင် မြင်သာအောင် ရေးသားထားမှုများ၊ သူတစ်ပါးအား မှိုချိုးမြှစ်ချိုး သုံးသတ်ဝေဖန်ထားမှုများ၊ ဘယ်သူတွေသေကြလို့ ဘယ်သူတွေ အနိုင်ရသွားကြသည် ဆိုတဲ့ စသော သတင်းပေါင်းသောင်းခြောက်ထောင်ကို မထူးခြားပဲ လိုက်ဖက်နေမိသည့် ကျွန်တော်အဖြစ်ကို ရုတ်သိမ်းရင်း၊ မပြီးသတ်သေးသော ရုံးစာရင်းတွေ စားပွဲပေါ်တင်ချလိုက်မိသည်။

ထို့နောက် ဆရာတော် ဦးဆေကိန္ဒ၏ နားထောင်နေကြဖြစ်သော “နေတက်ရင် ကျေနပ်စရာပါ” ဆိုတဲ့ တရားလေးဖွင့်ထားရင်း။ တနေ့တာ အလုပ်များ ပြီးဆုံးသွားပြန်သည်။

ထိုဟာသည် လူတစ်ယောက် ကြုံဆုံနေသော လောကဓံဖြစ်သည်။ “လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒံ၊ ပသံသံ၊ သုခံ၊ ဒုက္ခံ” ထိုသို့သော လောကဓံ(၈)ပါးမှာ တစ်ပါးမကကြုံနေကြခြင်းသည် လောကတွင် လူတို့ လက်ပွန်းတတီးရှိနေသော သဘောကို လောကဓံ(လောကဓမ္မ) ခေါ်ရပါသည်။


2 comments

  1. ahphyulay Says:
  2. နေတတ် ရင် ကျေနပ် စရာ ဆိုပေမဲ့ 
    သေသေ သပ်သပ် နေတတ် ပြီး ကေနပ် နိုင်တဲ့ 
    ရောင့် ရဲ တင်းတိမ် နိုင်စွမ်းအား များ ရှိ လာဘို့ 
    ကိုတော့  တော်တော် ဖြည့်  ကျင့်  ရပါအုံး မယ် လို့  ။
    ပြောချင် တာက သတ္တိ ထူး တစ်ခု မွေးမြူ နိုင်ဘို့  ပါ ။

     
  3. ဒီလို ထပ်တူမဟုတ်တာတောင် ဒီလို လည်ပါတ်ပုံမျိုးနဲ့ အကိုတို့ နေ့တွေ ညတွေထဲ အလျားလိုက် ကူးနေမိတယ်။
    ငြင်းဆန်လို့မှမရတာ ဒါဘဝပဲလေ။
    ကျေကျေနပ်နပ် လက်ခံနိင်အောင်ပဲ လေ့ကျင့်ရတယ်။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ