Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

ဖတ်သင့်တယ်(၁)

Posted by thawzin Friday, June 12, 2009

ဖတ်သင့်တယ်လို့ ယူဆလို့ မဖတ်မိကြမှာ စိုးသောကြောင့် ဖတ်သင့်တယ်လို့ ခေါင်းစဉ် တင်လိုက်ရတာပါ။ စိတ်ဝင်စားမယ့်ထင်တဲ့ မေးခွန်းလေးနဲ့လဲ ခေါင်းစဉ် တင်မလိုပါပဲ ခေါင်းစဉ်ကမေးခွန်းက ရှည်လွန်းသည် ထင်၍ ဖတ်သင့်တယ် လို့ ခေါင်းစဉ် တင်လိုက်ရပါသည်။ ဖတ်ရှု ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါသည်။ ကျွန်တော်၏ ကျေးဇူးနဲ့အတူ အသိတရားများလဲ ရအောင်ဖတ်ရှုနိုင်ပါစေ။
စိဝင်စားစရာ မေးခွန်းကတော့ လူတွေ ပြုလုပ်နေတဲ့ ကုသိုလ်နဲ့ အကုသိုလ်တွေကို ဘယ်သူတွေ ဘယ်လို ခံစားရသလဲ? စာဖတ်သူ ဘယ်သူတွေခံစားသည် ထင်သနည်း။ ဖြေကြမယ် ကိုယ်ပဲခံစားရမယ်ပေါ့။ ဟုတ်တော့ဟုတ်တယ် ဘယ်လိုခံစားသလဲ? အောက်က ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။
သက်တော ၉၉ နှစ၊် ၉ လ၊ ၉ ရက် နေတော်မူ သွားသော ဓါတ်တော်ကျ ရဟန္တာဘုန်းတော်ကြီး ဦးသာရွှန်း၏ ဩ၀ါဒ ထဲမှ ထုတ်နုတ် ဖော်ပြချင်းဖြစ်ပါသည်။ ၎င်းဩ၀ါဒမှာ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ကိုခွဲခြား သိအောင် ရေးသားထားသော ဆောင်းပါ နှစ်ပုဒ် ဖြစ်ပါသည်။
၂၀၀၀ ခုနှစ်၏ မိုးတွင်းကာလပင်ဖြစ်၏။ ကျွန်ုပ်နေထိုင်ရာ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းရှေ့တွင် ကုက္ကိုပင်ကြီး နှစ်ပင်ရှိ၏။ အရိပ်အာဝါသကောင်းသဖြင့် လမ်းသွားလမ်းလာများ မကြာခဏ နားခိုကြ၏။ ခုံတန်းရှည်များနှင့် သောက်ရေအိုးစင် တစ်ခုကို စီမံပေးထားခြင်းကြောင့်လည်း လူပုဂ္ဂိုလ်များသာမက ရဟန်းသာမဏေများပင် ၀င်ရောက်နားနေ တတ်ကြ၏။ ဤအမှတ်(၆) ရပ်ကွက်အတွင်းတွင် ဘုန်းကြီးကျောင်းပေါင်း (၇၀) ခန့်ရှိ၏။ ရန်ကုန်ဘုန်းကြီးလမ်းရှိ သရက်တောတိုက် ကဲ့သို့ ဘုန်းကြီးကျောင်း ရပ်ကွက်ကြီးတစ်ခုပင်ဖြစ်၏။ ဤ တစ်ရပ်ကွက်လုံးတွင် ကျွန်ုပ်ကျောင်းမှ ရေသည် အကောင်းဆုံးအလေးပင်ဆုံး ဖြစ်နေခြင်းပင်။ ရန်ကုန်မြို့ပေါ်မှ ဒကာများပင် ဂျိုးဖြူ ရေထက်ပင်ကောင်းသည် ဟု ချီးမွမ်းကြ၏။ ကျွန်ပ် စာချဘုန်းကြီးဘ၀က စာသင်သား သံဃာ (၃၀) ကျော်အတွက် တစ်နေ့လျှင် ရေစည် ၂၀ ခန့် သုံးနှစ်ကြာ တုံကင်နှိပ်လှူခဲ့သော ကုသိုလ်ကြောင့်ဟု ထင်မိ၏။ ထိုသို့ ရေကောင်းသဖြင့်လည်း လူရော ရှင်ရဟန်းပါ နားနားနေနေ ရေ၀င်သောက် ကြခြင်းဖြစ်၏။ ထိုရက်က ကျွန်ုပ်တို့ နေ့ဆွမ်းစားပြီးစအချိန်တွင် ဖြစ်၏။ ကျောင်းရှေ့ ကုက္ကိုပင်အောက်တွက် အသက် အစိတ် သုံးဆယ် ၀န်းကျင်ရှိ မိန်းကလေးသုံးယောက် မယောင်မလည် ရပ်နေသည်ကို တွေ့ရ၏။ သုတို့ အမူအရာမှာ တစုံတခုကို မဆုံးဖြတ်နိုင် ဖြစ်နေဟန်ကို တွေ့ရသဖြင့် ကျောင်းသားတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်၏။

မိန်းကလေး သုံးယောက် မယောင်မလည်နှင့် လိုက်ပါလာကြ၏။ ရောက်လာသော နှစ်ယောက်က ကျွန်ုပ်ကို ဦးချသော်လည်း ကျန်တစ်ယောက်က ဦးမချနိုင်ဘဲ သူ့လက်ထဲတွင် ကိုင်ထားသော လက်ကိုင်ပ၀ါနှင့် စပယ်ပန်း တစ်ကုံးကိုသာ မျက်လုံးအ၀ိုင်းသာနှင့် စိုက်ကြည့်နေ၏။ ဘယ်လိုသဘောပါလိမ့်ဟု ကျွန်ုပ်ပင် တွေးမရအောင် ဖြစ်သွားသဖြင့် ထုတ်မေးလိုက်ရ၏။ “ ဒါယိကာမလေး အဲဒီလက်ကိုင်ပ၀ါနဲ့ ပန်းမှာ ဘာထူးခြား ချက်ရှိနေလို့လဲပြောပါဦး ”
သူက ကျန်နှစ်ယောက်ကို မေးဆက်ပြပြီး ပြောလိုက်ရမလားဟု ခွင့်ပြုချက်တောင်း၏။ ကျန်နှစ်ယောက်က ခေါင်းငြိမ့်ပြပြီး သဘောတူလိုက်၏။ ထိုအခါ ကျမှသူမသည် လက်ကိုင်ပုဝါနှင့် စံပယ်ပန်းကုံးကို ဘေးကိုချထားပြီး လျှင်ကျွန်ုပ်ကို ဦးချ၏။ ပြီးလျှင် လက်ကိုင်ပုဝါနှင့် စံပယ်ကုံးကို လက်ညှိုးထိုးပြပြီး ပြော၏။
အဲထဲမှာ တပည့်တော်တို့အဖွားရဲ့ ၀ိညာဉ်ကောင်လေးရှိတယ်ဘုရား ”
“ဟေ”
ကျွန်ုပ်ပါးစပ်မှ ထိုအာမေဋိတ်တစ်ခု သာထွက်နိုင်တော့သည်။
“ အစအဆုံးရှင်းပြစမ်းပါဦး၊ မင်းတို့ အဖွား ၀ိညာဉ်ကဘယ်လိုလုပ်ပြီး ဒီလက်ကိုင်ပုဝါထဲ ရောက်နေရတာလဲ ”
“ ဒီလိုပါဘုရား လွန်ခဲ့တဲ့ တစ်ပတ်က တပည့်တော်တို့ အဖွားဆုံးပါတယ်။ ဒီလက်ကိုင်ပုဝါနဲ့ ပန်းကုံးလေးက အဖွားသုံးခဲ့တာပါ။ သုဿန်မှာသဂြိုဟ်ပြီးတဲ့အခါ ရက်လည်ဆွမ်းကျွေးပြီး အဖွားကို အမျှပေးဦးမယ်။ အခု အိမ်ကိုလိုက်ခဲ့ပါလို့ ပြောပြီး အဖွား ၀ိညာဉ်ကို ခေါ်ခဲ့ကြပါတယ်။ ကျွန်ုပ်မှာ သူတို့ စကားကို ရယ်ချင်သော်လည်း သူတို့ကို အားနာသဖြင့် မရယ်မိပါ။ အလိုက်တသင့်လှမ်းမေးရင်း စိတ်ဝင်တစား နားထောင်နေရသည်။
ဒါနဲ့ မင်းတို့ အဖွား ၀ိညာဉ်က အခုရက်လည်ဆွမ်းကျွေးပြီး အမျှလည်း ဝေပြီးလို့ အဖွားဝိညာဉ်လေးကို အရိပ်အာဝါသကောင်းတဲ့ သစ်ပင်နားမှာ သွားထားပေးပါလို့ မိဘများက ခိုင်းလို့ တပည့်တော် တို့လာထားတာပါ။ အဲဒါ ဆရာတော်က ကျောင်းထဲကို ခေါ်လိုက်တော့ လက်ကိုင်ပုဝါကို ကြမ်းပြင်ပေါ်မှာ ချမိသွားပြီး ”
“ အဲဒီတော့ ဘာဖြစ်လဲ ”
“ အဖွားဝိညာဉ်လေးက လက်ကိုင်ပုဝါချတဲ့နေရာမှာ နေမှာတဲ့ ဘုရား ၊ အဲဒါဆိုရင် အဖွားဟာ ဆရာတော် ကျောင်းထဲမှာပဲ နေတော့မယ်ထင်တယ် ”
“ သြော် လက်စသတ်တော့ မင်းတို့က သရဲလာအပ်တာကိုး။ ရပါတယ်။ ငါ့ကျောင်းက ကျောင်းသား ကိုရင်တင် လက်ခံတာမဟုတ်ဘူး သရဲလဲ လက်ခံတယ် ”
ကျွန်ုပ်စကားကြောင့် သူတို့သောကများ တဒင်္ဂပျောက်သွားပြီး ရယ်မောကြသည်။ သူတို့နေထိုင်ရာရပ်ကွက် နှင့် လမ်းကို မေးမြန်းကြည့်သောအခါတွင်မှာ ကျောင်းမှ ဦးပဉ္ဇင်းတစ်ပါး၏ ဆွမ်းခံအိမ်ဖြစ်နေသည်ကို သိ၏။ သူတို့သုံးယောက်တွင် နှစ်ယောက်က ဘွဲ့ရကျောင်းဆရာမများ ဖြစ်ကြ၏။ ထိုနှစ်ယောက်တွင် တစ်ယောက်က စိတ်ဝင်တစား မေးခွန်းတစ်ခုကို မေးလာ၏။
“ဆရာတော် ၀ိညာဉ်ဆိုတာ ဒီလိုခေါ်လို့ရသလား ”
“အင်း လောကီရေးမှာသာ ဘွဲ့ရကြတာ။ ဘာသာရေးမှာတော့ မူလတန်းအဆင့်တောင်မရောက်သေးပါလား ” ဟု ယခုခေတ် လူငယ်များအတွက် အားမလို အားမရဖြစ်မိ၏။
ဝိညာဉ် ဆိုတာကိုက မရှိပါဘူး။ လူတစ်ယောက်မှာ အာရုံကို မသိတတ်တဲ့ ရုပ်နဲ့ အာရုံကိုသိတတ်တဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိပါတယ်။
မြင်တာကရုပ်၊ သိတာကနာမ်
ကြားတာကရုပ်၊ သိတာကနာမ်
နံတာကရုပ်၊ သိတာကနာမ်
စားတာကရုပ်၊ သိတာကနာမ်
ထိတာကရုပ်၊ သိတာကနာမ်
တွေးတာကရုပ်၊ သိတာကနာမ်
လို့မှတ်ထားပေါ့။ ဒီထဲက အာရုံကို သိစိတ် နာမ်တရားကိုပဲ ၀ိညာဉ် ကောင်လို့ ထင်ပြီး မှန်းဆပြောနေကြတာပါ။ ခုလို ကိုင်ပြုကြည့်လို့ရတာက ပညတ်ရုပ်၊ ဥတုဇရုပ်ပေါ့။ ရုပ်အနိစ္စ အမြဲမရှိလို့ ၀ိပဿနာရှုရတဲ့ ပရမတ်ရုပ်ကတော့ အကောင်အထည် အလုံးအခဲ အရည်အဖတ် အမှုန်အမွှား ရယ်လို့ မရှိဘူး။ သဘောတရားမျှပဲရှိတယ်။ ရုပ်ရဲ့ အဓိပ္ပါယ်ကတော့ ဖေါက်ပြန် တတ်တဲ့သဘောတရား လို့ ဖြစ်တယ်။ တစ်ခုခြင်းပြောရရင် ပထ၀ီဓါတ်ဟာ မာတဲ့သဘော ပျော့တဲ့သဘောလေး ပဲပေါ့။ အာပေါဓါတ်ဟာ ဖွဲ့စည်း တဲ့သဘော ယိုစီးတဲ့ သဘောလေး ပဲပေါ့။ ဒီပရမတ်ရုပ်တရားတွေဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းကုဋေ (၅၈၈၀) ကျော်ဖြစ်ပျက်နေကြတယ်။ သိတတ်တဲ့ နာမ်တရားကတော့ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ကုဋေတစ်သိန်းဖြစ်ပျက်နေကြတယ်။ တစ်ပျက်ထဲ ပျက်နေတာပဲ ရပ်နားနေကြတယ် လို့မရှိပါဘူး။ သံဃာ ဆိုတဲ့ စကားနှစ်လုံးကို ပြောလိုက်တဲ့အခါ “သံ ”ကိုပြောသခိုက်မှာ ဖြစ်တဲ့ ရုပ်တရား၊ နာမ် တရားတွေဟာ “ ဃာ ” ဆိုတဲ့ ဒုတိယမြောက် စကားလုံးရောက်ချိန်ထိ မခံကြတော့ဘူး။ “ သံ ” ဆိုတဲ့ စကားလုံးပြောပြီးအချိန်မှာပဲ ချုပ်ပျောက်ပျက်စီးသွားကြပြီး၊ “ ဃာ ” ဆိုတဲ့ နောက်စကားလုံးကို နောက်ထပ် ရုပ်သစ် နာမ်သစ်နဲ့ ပြောနေရတာပေါ့။ ဒါကြောင့် အမြဲတမ်းမရပ်မနား ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ မပျက်မစီး အမြဲတည်နေတဲ့ ၀ိညာဉ်ကောင် အဖြစ် ဘယ်မှာ ရှိနိုင်ပါ့မလဲ။ ”
“ ဒါဆိုရင် သေသွားတဲ့ သူဟာ (၇) ရက်အတွင်း ဘယ်မှ မသွားပဲ အိမ်ဝိုင်းထဲမှာ ပဲနေတယ်ဆိုတာ မဟုတ်ဘူးပေါ့ဘုရား ”
“ ဘယ်ဟုတ်တော့မှာလဲ၊ အရင်းလဲ အဖျားထင် ဖြစ်ပေါ့။ ၀ိညာဉ်ကောင်လို့ မှ မရှိပါဘူး ဆိုနေ ဘယ်သူက အိမ်ဝိုင်းထဲမှာ (၇) ရက် လာနေလို့ရပါ့မလဲ ”
ယခုလို ရှင်းပြတော့လည်း သူတို့ ထိုက်သင့်သလောက် သဘောပေါက်သွာဟန်တူသည်။ စိတ်ဝင်တစား ရှိလာကြသည်။ တစ်ယောက် တွေးတွေးခေါ်ခေါ်ဖြင့် မေးခွန်း တစ်ခု မေးလာ၏။
“ ဒီလို အမြဲတမ်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ် တရားတွေဟာ နောက်ဘ၀ကို ဘယ်လို ကူးသွားသလဲဘုရား၊ ဒီမှာ ၀ိညာဉ်ကောင် မရှိဘူးဆိုရင် အခုဘ၀ပြုခဲ့တဲ့ ကုသိုလ်, အကုသိုလ် ကံတွေနဲ့ ကောင်းကျိုးဆိုးကျိုး ကို ဘယ်သူတွေက ခံစားသလဲဘုရား ။ ”
ယင်းကဲ့သို့သော မေးခွန်းမျိုးကို ကျွန်ုပ် စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ရ၏။ ဆရာကြီး ဦးဗဂျီငို ရေးသားသော ဂမ္ဘီရ၀ိပဿနာရှုပွားကျမ်း ဒုတိယအတွဲတွင် ဖြစ်၏။ ဆရာကြီး အမေရိကန် ရောက်စဉ်က မေးမြန်းကြသော မေးခွန်းများအနက် တစ်ခုဖြစ်၏။ ယင်းစာအုပ် ၌မေးခွန်းကိုသာ ဖော်ပြထားသော်လည်း အဖြေကိုကား ရေးမထားပါ။ စာပေဗဟုသုတ် ရှိသောသူများအတွက် အဖြေမှာ မခဲယဉ်းဟု ရေးထား၏။ စာပေဗဟုသုတ် မရှိသော သူများအတွက်ကား ခဲယဉ်းသော မေးခွန်းတစ်ခုပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း အသေအချာသိသင့်၏။ ထို့ကြောင့် စိတ်ရှည်ရှည်ပင် ရှင်းပြရ၏။
ပုထုဇဉ်တွေသေရင် ရောက်နိုင်တဲ့ ဘုံငါးမျိုး ရှိတယ်။
လူဘုံရောက်နိုင်တယ်
နတ်ဘုံရောက်နိုင်တယ်
ငရဲဘုံရောက်နိုင်တယ်
ပြိတ္တာဘုံရောက်နိုင်တယ်
တိရစ္ဆာန်ဘုံရောက်နိုင်တယ်
“ အသူရကာယ်နဲ့ ဗြဟ္မာဘုံရော မရောက်နိုင်ဘူးလား ဘုရား ”
“ ရောက်နိုင်ပါတယ်။ ဗြဟ္မာဘုံကို နတ်ဘုံထဲမှာ ပေါင်းထည့်ထားတယ်။ အသူရကာယ်ဘုံကို ပြိတ္တာထဲမှာ ပေါင်းထည့်ထားတယ်။ ပါဠိလို ဒေ၀သဒ္ဒါဟာ ဗြဟ္မာကိုလည်း ဟောနိုင်တယ်။ အသူရကာယ်ဆိုတာ ပြိတ္တာအကြီးစားပဲ။ ဒါကြောင့် ပြိတ္တာထဲမှာ ထည့်ထားတာ ”
ဟိုဘက်ဘုံ အသစ်မှာ သွားဖြစ်တဲ့အခါ ဒီဘက်က ဘ၀က ရုပ်တရား နာမ်တရားတွေ တစ်ခုမှ ပါမသွားကြဘူး။ ဒါပေမယ့် ဒီဘ၀က နာမ်နဲ့ ကင်းတော့ မဖြစ်ကြဘူး။ အသစ်ထပ်ထပ်ဖြစ်ကြရတာ။ ဒီဘက်ဘ၀ နေခင်း (၁၂) နာရီက သေမယ်ဆိုရင် ဟိုဘက်ဘ၀ မိခင်ဝမ်းထဲမှာ (၁၂) နာရီတိတိမှာ သွားဖြစ်တယ်။ ရုပ်သစ် နာမ်သစ် အသစ်ဖြစ်တာကို ပြောတာနော်။ ဒီဘက်ဘ၀က ၀ိညာဉ်ကောင်လေးက ဟိုဘက်ဘ၀ မိခင်ဝမ်းထဲဝင်သွားတာလို့ ထင်မနေနဲ့။
သေသွားတဲ့ အဖွားက လူဖြစ်သွားမယ်ဆိုရင် တပည့်တော်တို့ ဝေတဲ့ အမျှကို သာဓုမခေါ်နိုင်တော့ဘူးပေါ့ ဘုရား ”
“ ဟုတ်တယ် မခေါ်နိုင်တော့ဘူး။ ဒါပေမယ့် ဒီကုသိုလ်တွေက အလကား ဖြစ်မသွားပါဘူး။ ဒီကုသိုလ်ရဲ့ ကောင်းကျိုး, ဆိုးကျိုးကို ပြုတဲ့သူ ခံစားရမယ်။ ဘ၀အဆက်ဆက်တော်စပ်ခဲ့ဘူးတဲ့ မကျွတ်မလွတ်သေးတဲ့ ဆွေမျိုးဟောင်းတွေ အများကြီးရှိတယ်။ သူတို့တစ်တွေလဲ သာဓုခေါ်နိုင်တယ်။ ”
“ ဆွေမျိုးမတော်တဲ့ တခြားမကျွတ်မလွတ်တဲ့ သူတွေလည်း သာဓုခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် သေသူကို ရည်မှန်းပြီး လှူတဲ့ အလှူကိုတော့ ဧကန် မုချပြုသင့်ပါတယ်။ သေပြီး နတ်ပြည်ရောက်ရင်လဲ ချက်ခြင်းပဲ စုတိနဲ့ ပဋိသန္ဓေ ဟာ တစ်ဆက်တည်း နေတာပေါ့။ စုတိဆိုတာ သေတဲ့စိတ်၊ ဆိုတာ နောက်ဘ၀မှာ အသစ်ဖြစ်တဲ့ စိတ်။ သူတို့ နှစ်ခု အကြားထဲမှာ ဘာမှမရှိဘူး။ ချက်ချင်းပဲ။ သဂြိုဟ်မှာတော့ အနန္တရမေ၀ဆိုတဲ့ ပါဠိနဲ့ပြတယ်။ မြန်မာလိုတော့ ချက်ခြင်းပေါ့။ ကျန်တဲ့ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံတို့မှာ ဖြစ်မယ်ဆိုရင်လည်း အကြားမရှိဘဲ ချက်ခြင်း သွားဖြစ်တာပဲ။ အိမ်နားမှာ (၇) ရက်နေလို့ ရနိုင်တာဆိုလို့ ပြိတ္တာဘုံတစ်မျိုးပဲ ရှိတယ်။ ဒီပြိတ္တာဘုံဘ၀ရောက်ခဲ့လျှင် ကျွတ်လွတ်ပါစေဆိုတဲ့ စေတနာနဲ့ ဆွမ်းသွတ်တဲ့ ကုသိုလ်ကို ပြုကြတာဖြစ်တယ်။
“ ဒီဘက်ဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ ဒီကရုပ်နာမ်လည်းပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာကို ဆက်ရှင်းပါဦးဘုရား ”
“ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ပြုတဲ့အခါ ဇောစေတနာတွေ ဖြစ်တယ်။ ဒီဇောစေတနာတွေဟာ နာမ်တရား ဖြစ်လို့၊ ဖြစ်ပြီး ပျက်သွားတာမှန်ပေမယ် နောက်ဘ၀မှာ ကောင်းကျိုး ဆိုးကျိုး ဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ ခေါ်တဲ့ ကံနဲ့ ခန္ဓာ ဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀သစ် ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ ”
“ ပုံစံနဲ့ ပြောကြည့်မယ်၊ ကျောင်းဒကာ အနာထပိဏ် သေတယ်။ ကျောင်းလှူတဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားလာဖြစ်တယ်။ ဒီနေရာမှာ ဗုဒ္ဓအလိုကျ ယူရမှာက နတ်သားလာ ဖြစ်တဲ့အခါမှာ အနာထပိဏ်ဘ၀က ရုပ်တရား နာမ်တရားတွေ နတ်ပြည်ကို တစ်ခုမှ ပါမလာဘူး။ ”
“ ဒါပေမယ့် အနာထပိဏ် ရဲ့သေခြင်းနဲ့ ကင်းပြီးတော့ လည်း နတ်သားလာ မဖြစ်နိုင်ပြန်ဘူး ”
“ သိပ်ခက်တယ် ဘုရား တပည့်တော် တို့ဉာဏ် နဲ့ မလိုက်နိုင်တော့ဘူး။ ”
“ ဒီလိုဆိုရင်လဲ ဥပမာ ပေးပြီး တစ်မျိုးကြိုးစားကြည့်မယ် ဋီကာကျော်ကျမ်းမှာတော့ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုး ပေးထားတယ် ”
မီးတိုင်ရယ်
တံဆိပ်တုံးရယ်
ပဲ့တင်သံရယ်ပဲ။
ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင် ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့ မီးဟာ ပထမအတိုင်က ကူးလာတဲ့ မီးတွေလား။? ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့ မီးတွေလား ? ဆိုတာပဲ။ တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေက ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မီးနဲ့ ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင်ဟာ မီးမတောက်နိုင်ပါဘူး။ ထို့အတူ ကျောင်းဒကာအနာထပိဏ်ဘ၀က ရုပ်နာမ် တရာတွေဟာ နတ်ပြည်ကို တစ်ခုမှ ကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ ကင်းပြီးတော့လည်း နတ်ပြည်မှာ နတ်သား လာမဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်သွယ်မှုလောက်ပဲရှိတယ် လို့ယူရမှာပေါ့။
တံဆိပ်တုံးနဲ့ ဥပမာပေးကြဦးစို့။ ဒီသင်္ကန်းခေါက်ကို ကြည့်လိုက်ပါ။ သင်္ကန်းသားပေါ်မှာ ဂဠုန်တံဆိပ်ထင်နေတယ်။ သံပြားထူထူမှာ ဂဠုန်တံဆိပ်ထွင်း အပူပေးပြီး သင်္ကန်းခေါင် ပေါ် ဖိချလိုက်တာနဲ့ ဂဠုန်တံဆိပ် ထင်သွားတာပါပဲ။ ဒီလိုထင်တဲ့ နေရာမှာ သင်္ကန်းမှာ ထင်နေတဲ့ ဂဠုန်ရုပ်ဟာ သံပြားက ဂဠုန်ရုပ် မဟုတ်ဘူး။ ဒါပေမယ့် သံပြားက ဂဠုန်ရုပ်နဲ့ ကင်းပြီးတော့လည်း မထင်နိုင်ပါဘူး။ ထို့ အတူ နတ်ပြည်က နတ်သားဘ၀ဟာ လူ့ပြည်ကကျောင်းဒကာ အနာထပိဏ် မဟုတ်ပါဘူး။ ရုပ်သစ် နာမ်သစ် ထပ်ဖြစ်တာပါး ဒါပေမယ် လူ့ပြည်က အနာထပိဏ်နဲကလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒါကတံဆိပ်တုံး ဥပမာပေါ့။
ပဲ့တင်သံ ဥပမာကတော့ လိုဏ်ဂူကြီးထဲမှာ “ဟေး”်ကနဲ တစ်ချက်အော်လိုက်ရင် ပထမအသံက လိုဏ်ဂူနံရံကို ရိုက်ပြီး ဟေး ဟေး ဆိုတဲ့ ဒုတိယ၊ တတိယ ပဲ့တင်သံများပေါ်လာပါတယ်။ ဒုတိယ တတိယပဲ့တင်သံများဟာ ပထမအော်လိုက်တဲ့ အသံမဟုတ်ပါဘူး။ အသစ်ထပ်ဖြစ်တာပါ။ ဒါပေမယ့် ပထမအော်သံနဲ့ လည်း ကင်းပြီး မဖြစ်နိုင်ပါဘူး။ အကြောင်းအကျိုး ဆက်စပ်မှုကတော့ ရှိနေပါတယ်။ ထို့ အတူ နတ်သားဘ၀ဟာ အသစ်ထပ်ဖြစ်တဲ့ ရုပ်နာမ်ပေါ့။ လူ့ဘ၀က အနာထပိဏ်ရဲ့ ရုပ်နာမ်နဲလည်း ကင်းပြီးတော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆိုရင် ၀ိညာဉ်ကောင်ပါမသွားပဲ ဘ၀သစ်ဖြစ်ပုံကို မင်းတို့ နားလည်လောက်ပြီး ထင်တယ် ”
“ မှန်ပါ နားလည်ပါပြီးဘုရား ”
“ တကယ်နားလည်သွားတယ် ဆိုရင်တော့ သိပ်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်နာမ် တစ်ပါးပါးကို မပျက်မစီး အမြဲတည်တယ်လို့ အယူမှားတဲ့ သဿတဒိဋ္ဌိ ခံနေရင် ၀ိပဿနာ အားထုတ်တေင် တရားမရဘူး ဖြစ်တတ်တယ်။ အခုလို ရှင်းရှင်းလင်း လင်း နားလည်သွာတယ်ဆိုရင် မဂ်လမ်း ဖိုလ် လမ်း ပွင့်သွားတာပေါ့။”
ကောက်နုတ်ချက်လေးကတော့ ဒါပါပဲ။ စာဖတ်သူ သူငယ်ချင်းများလဲ မိမိသန္တာန်မှာ စွဲထင်နေသော အယူမှား အသိမှားများကို ပယ်သတ်နိုင်သော အကြောင်းအကျိုး နှစ်ပါးကို ဝေဖန်ပိုင်းခြားနိုင်သော, လူတော်လူကောင်း များဖြစ်နိုင်ကြပါစေ။ ဥပမာများနဲ့ ရေးသား ဖော်ပြှရှင်းပြထားသော ဆရာတော်ကြီးများကိုလဲ အစဉ်ဦးခိုက်ရိုသေလျှက်-
မှတ်ချက်။ ။ အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ၏ “ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ” စာအုပ်မှ

3 comments

  1. တန်ဘိုး၇ှိတဲ့စာမို့လို့ သေသေချာချာဖတ်ပါတယ်...
    ပေးထားတဲ့ ဥပမာတွေကလဲ တကယ်ကို ရှင်းလင်းပြီး
    လူပိန်းနားလည်စေတယ်...စာကောင်းလေးတွေကို
    ပြန်မျှဝေပေးတာ ကျေးဇူးပါဗျာ...
    ခင်မင်စိတ်နဲ့ အကြံတခုတော့ ပေးပါရစေ...
    စာပိုဒ်လေးတွေ ခွဲပြီးရေးရင် ပိုပြီးရှင်းရှင်း ဖတ်လို့ပိုကောင်းမယ် ထင်မိတယ်...။

     
  2. Dream Says:
  3. အခုပို့စ်လေးက တော်တော်တန်ဖိုးရှိတယ်။
    အရာအားလုံးဟာ အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်လာကြတယ်။

    အရမ်းကောင်းတဲ့ စာလေးတွေကို ပြန်လည်မျှဝေပေးတာ
    ကျေးဇူးပါ ဦးဦးသော်ဇင်ရေ...

    စိတ်ချမ်းသာမှု အပေါင်းနဲ့ ပြည့်စုံပါစေ
    မက်မက်

     
  4. kiki Says:
  5. ဘဝကူးကောင်းအောင် လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာလေးများပါဘဲ ။
    ဒီအကြောင်းလေးဖတ်ပြီး လောလောဆယ်မှာ ကပ်ငြိနေတဲ့  မောဟလေးတွေတောင် လျော့နဲသွားပါတယ်
    သေချာရှင်းပြပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကိုသော်ရေ ..
    ခင်မင်လျှက်
    အမ ကိ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ