Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

သူတော်ကောင်း ကုန်သည်

Posted by thawzin Thursday, July 23, 2009

အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနီး အနာထပိဏ်သူဌေးကြီး လှူဒါန်းထားသော ဇေတ၀န်ကျောင်းတော်ကြီး၌ သီတင်းသုံးနေထိုင်တော်မူလေ၏ ။ ထိုသို့ မြတ်စွာဘုရား ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေထိုင်တော်မူတဲ့အချိန်မှာ ရေလမ်း သမုဒ္ဒရာခရီးဖြင့် ကုန်သွယ်ကြကုန်သော ကုန်သည် ခုနစ်ရာတို့သည် သင်္ဘောဖြင့် ပင်လယ်သမုဒ္ဒရာသို့ ထွက်ခွါသွားကြလေသည်။ ကမ်းမှထွက်ခွါ၍ ခုနစ်ရာက်မြောက်သောနေ့၌ သင်္ဘောသည် မြားပစ်လွှတ်လိုက်သလို အလွန်လျင်မြန်စွာ ပြေးသွားနေ၏ ။

ထိုအချိန်မှာ လေမုန်တိုင်းကြီး အကြီးအကျယ် တိုက်ခက်ကျလာ၍ ရေပြင်ကို တိုက်ခိုက်ခြင်းကြောင့် အလွန်ကြီးမားသော လှိုင်းလုံးကြီးများထကာ သင်္ဘောကို ရိုက်ခတ်သဖြင့် သင်္ဘောကွဲပေါက်၍ ရေများ ဒလဟော အမြန်စီးဝင်ပြည့်လာ၏။ သင်္ဘောကြီး သမုဒ္ဒရာ အလယ်မှာ နစ်မြုပ်တော့မည်ကို သိကြသော ကုန်သည်တို့သည် မိမိတို့ ကိုးကွယ်ထားကြသော နတ်တို့၏ အမည်တို့ကို ဖော်ထုတ် ခေါ်ကြားကြကုန်လျက် “နတ်မင်းတို့ ကယ်ကြပါ, မ-စကြပါ”စသည်ဖြင့် ဟစ်အော် မြည်တမ်းကာ ငိုကြွေးနေကြကုန်၏ ။

ထို ကုန်သည်တို့တွင် တစ်ယောက်သော ကုန်သည် သည် ဤကဲ့သို့ သေရမည့်ဘေးနှင့် တွေ့ကြုံရာ၌ မိမိမှာအားကိုး ထောက်တည်ရာ ဘာများရှိပါသလဲလို့ ကြံစည်ဆင်ခြင်ကြည့်ရာ သင်္ဘော ထွက်မည့်နေမှာ သံဃာ တော်များကို ဆွမ်းကပ်လှူဒါန်း၍ ဆောက်တည်ခံယူခဲ့သော သရဏဂုံနှင့် ငါးပါးသီလတို့ စင်စင်ကြယ်ကြယ်ရှိနေတာကို တွေ့မြင်ရသောကြောင့် တရားထိုင်မှတ်နေသော ယောဂီတစ်ယောက်ကဲ့သို့ ထက်ဝယ်ဖွဲ့ခွေထိုင်ပြီးဆောက်တည်ခံယူခဲ့သော သရဏဂုံနှင့် ငါးပါးသီလတို့ကိုသာ အာရုံပြု၍ ငြိမ်သက်စွာ ထိုင်နေလေ၏ ။
ငြိမ်သက်စွာ ထိုင်နေသော ထိုကုန်သည်ကို စိုးရိမ်ကြောက်လန့်နေကြသော ကုန်သည်တို့က “ဘာကြောင့်မကြောက်လန့်ဘဲ နေနိုင်ပါသလဲ” ဟု မေးကြကုန်၏ ။ “အမောင်တို့ အကျွန်ုပ်သည် သင်္ဘောပေါ်သို့ တတ်မည့်နေ့မှာ ရဟန်းသံဃာတော်တို့အား အလှူပေး၍ သရဏဂုံနှင့် ငါးပါးသီလတို့ကို ခံယူဆောက်တည်ခဲ့ပါသည်။ ဒါကြောင့် အကျွန်ုပ်မှာ ကြောက်လန့်ခြင်း မရှိပါ” ဟူ၍ ပြောပြလေ၏။ “သရဏဂုံသီလနှင့် ပြည့်စုံသော အဆွေတော်ကုန်သည် ဆရာ-စိုးရိမ် ကြောက်လန့် နေကြသော အကျွန်ုပ်တို့အား သရဏဂုံနှင့် ငါးပါးသီလတို့ကို ပေးလို့ဖြစ်ပါသလား၊ ပေးလို့ ရပါသလား” ဟု ကြောက်လန့်နေကြသော ကုန်သည်တို့က မေးကြကုန်၏ ။ “ပေးလို့ ဖြစ်ပါသည်” ဟု ဆိုသဖြင့် “ ဒီလိုဖြစ်လျှင် အကျွန်ုပ်တို့ကိုလည်း သရဏဂုံနှင့် ငါးပါးသီလကို ပေးပါ” လို့ တောင်းပန်ကြကုန်၏ ။

သရဏဂုံသီလနှင့် ပြည့်စုံသော ကုန်သည်က ကြောက်လန့်နေကြသော ကုန်သည်တို့ကို တစ်ရာစီ တစ်ရာစီ စုဝေးစေ၍ ခုနစ်ရာစုပြုလုပ်ပြီး တစ်ရာစု တစ်ရာစုကို တစ်ကြိမ်စီ ငါးပါးသီလ ပေးလေ၏ ။ ငါးပါးသီလ ခံယူကြသော ကုန်သည်ခုနစ်ရာတို့တွင် ပထမဆုံးသော ကုန်သည် တစ်ရာစုသည် ခြေဖမျက်သော ရေ၌ရပ်တည်၍ သီလယူရ၏ ။ ဒုတိယကုန်သည် တစ်ရာစုသည် ဒူးခေါင်းမျှသော ရေ၌ ရပ်တည်၍ သီလယူရ၏။ တတိယကုန်သည် တစ်ရာစုသည် တင်ပါးမျှသော ရေ၌ ရပ်တည်၍ သီလယူရ၏ ။ စတုတ္တကုန်သည် တစ်ရာစုသည် ချက်မျှသောရေ၌ ရပ်တည်၍ သီလယူရ၏ ။ပဉ္စမမြောက်ကုန်သည် တစ်ရာစုသည်သားမြတ်(နို့) မျှသော ရေ၌ ရပ်တည်၍ သီလယူရ၏ ။ ဆဋ္ဌမကုန်သည် တစ်ရာစုသည် လည်မျို မျှသောရေ၌ ရပ်တည်၍ သီလယူရ၏ ။ သတ္တမကုန်သည် တစ်ရာစုသည် ပါးစပ်ထဲသို့ ဆားငန်ရည် ၀င်စပြုလာသော အခါ၌ ရပ်တည်၍ သီလယူရ၏ ။ကုန်သည်ခုနစ်ရာလုံး သီလယူပြီးကြသောအခါ သရဏဂုံသီလနှင့် ပြည့်စုံသော သူတော်ကောင်း ကုန်သည်က “သင်တို့မှာ အခြား တစ်ပါးသော ကိုးကွယ်အားထားရာ မရှိပြီး ၊ သင်တို့ဆောက်တည် ခံယူထားသော သီလကိုသာ ဆင်ခြင် နှလုံးသွင်းကြကုန်လော” ဟူ၍ ကြွေးကြော် အမိန့်ပေးလေ၏။ အမိန့်ပေးပြီးသည်နှင့် တပြိုင်နက်သင်္ဘောကြီးလည်း နစ်မြုပ်သွားလေ၏ ။

ကုန်သည် ခုနစ်ရာတို့သည် သမုဒ္ဒရာထဲ၌ သေကြပျက်စီးကုန်ပြီးလျှင် တာဝတိံ့သာ နတ်ပြည်သို့ ရောက်သွားကြလေကုန်၏ ။ရောဗိမာန်တို့ကလည်း တစ်ပေါင်းတည်း, တစ်စုတည်း ဖြစ်နေကြကုန်၏ ။ အားလုံးသော ဗိမာန်တို့၏ အလယ်၌ သီလပေးခဲ့သော သူတော်ကောင်းဆရာ၏ ယူဇနာ တစ်ရာရှိသော ရွှေဗိမာန်သည် ဖြစ်လေ၏ ။ ကြွင်းသော သူတို့၏ ဗိမာန်တို့သည် သူတော်ကောင်း ဆရာ၏ ဗိမာန်ကို ၀ိုင်းရံ၍ ဖြစ်ကြလေကုန်၏ ။ အငယ်ဆုံးဗိမာန်သည် တစ်ဆယ့်ယူဇနာ ရှိလေ၏ ။

ကုန်သည်ဘ၀မှ ကွယ်လွန်စုတေကြပြီး နတ်ဖြစ်လာကြသော နတ်သားတို့သည် တာဝတိံ့သာ နတ်ပြည်၌ ဖြစ်ဆဲ ခဏမှာပင် မိမိတို့ကွယ်လွန်ခဲ့ရသော လူ့ဘ၀ကပြုခဲ့သော ကောင်းမှုကံကို နတ်တို့၏ ရှေးဘ၀ကဖြစ်ခဲ့ပုံကို သိမြင်နိုင်သော အသိဉာဏ်ထူးဖြင့် ဆင်ခြင်ကြည့်ရာ သင်္ဘောပျက်စဉ်က ငါးပါးသီလပေးခဲ့သော သူတော်ကောင်း ဆရာကို အမှီရကြ၍ ဤလို့ နတ်စည်စိမ်ချမ်းသာ ရကြတာကို သိကြသောကြောင့် သူတော်ကောင်းဆရာတို့၏ ဂုဏ်ကျေးဇူးတို့ကို မြတ်စွာဘုရားထံ သွားရောက် လျှောက်ထားဖို့ရန် တိုင်ပင်ကြလေကုန်၏ ။

ဤသို့ တိုင်ပင်ပြီးနောက် ညဉ့်သန်းခေါင်ကျော် အချိန်၌ တာဝတိံ့သာ နတ်ပြည်မှ သက်ဆင်း၍ နတ်တို့၏ ကိုယ်ရောင် အလင်းရောင်တို့ဖြင့် မြတ်စွာဘုရား ရှိတော်မူရာ ဇေတ၀န် ဥယျာဉ်နှင့် ဇေတ၀န်ကျောင်းတော် တစ်ခုလုံးကို တောက်ပထိန်းလင်းစေလျက် မြတ်စွာဘုရားထံမှောက်သို့ ၀င်ရောက်လာကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးဦးချကာ သင့်တော်သော နေရာမှာ နေကြလေကုန်၏ ။

မှတ်ချက် - ( ဤနတ်သားတို့၏ အတ္ထုပ္ပတ္တိကို ထောက်ထား၍ “ငါးပါးသီလလုံက အပါယ်မကျ” ဟု ဆိုနိုင်ပါသည် ။ )
ဤအတ္ထုပ္ပတ္တိကို ဖတ်ဖူးကြမည့်သူများလဲ ရှိမည်။ လူတိုင်းလူတိုင်း မိတ်ဆွေ သူငယ်ချင်းများ ရှိကြပေမည်။ ထိုအထဲတွင် သူတော်ကောင်း မိတ်ဆွေကို ပေါင်းတတ်ပါစေ...။ ပေါင်းနိုင်ကြပါစေ ။ မိတ်ဆွေပျက် ခြောက်းပါးမှ ကင်းဝေး နိုင်ကြပါစေ....။
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစားကြူးမှု၊ အတုပြုငြား၊ လှည့်စားတစ်ထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဆွေထားက၊ ပျက်ပြား မိတ်ဆွေ အပြစ်တည်း။”
ပေါင်းသင်း ဆက်ဆံရေး စာအုပ်မှ-

4 comments

  1. kiki Says:
  2. “ငါးပါးသီလလုံက အပါယ်မကျ”

    ကြိုးစားရဦးမယ် ကိုသော်ရေ ..
    တနေ့  တနေ့  ဒီလောကကြီးထဲ ကျင်လည်နေရတာ ။
    ပါဏာတိပါတာ ကံ ကို သတိလက်လွတ် ဖြစ်သွား တတ်တဲ့ အခါများလည်း ရှိပါသေးရဲ့  . ကိုယ့်လာကိုက်တဲ့  ခြင်ကလေး လည်း ဘာရယ်မဟုတ် ရိုက်လိုက် မိတာ...

    ခုလို လေး သတိပေးတာ ကျေးဇူးပါနော်..

     
  3. လိမ်ညာ ပြောတာတော့ ထိန်းဖို့  အခက်ဆုံး ထင်တယ်နော်.. လျှာ အ၇ိုးမရှိဘူးလေး

     
  4. ဒီဇာတ်တော်လေးငယ်ငယ်ထဲကဖတ်ဖူးတယ်...။
    အပေါင်းအသင်းမိတ်ဆွေကောင်းဆိုတာ အရေးကြီးသလို ကိုယ်ကိုတိုင် ဗုဒ္ဓဘာသာပီပီ ငါးပါးသီလကို စောင့်ထိန်းချင်စိတ်ရှိဘို့ အရေးကြီးဆုံးပါပဲ...။ငါးပါးသီလခြုံ ကိုယ်မှာလုံတယ်တဲ့
    လေ...။ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်နိင်အောင် တဖက်တလမ်းက နှိုးဆော်ပေးတဲ့ ဒီစာစုလေးကတော့ တန်ဖိုးရှိပါတယ်...။

     
  5. Dream Says:
  6. ဒီလိုတန်ဖိုးရှိတဲ့ အသိတရား ဖြန့်ပေးတဲ့ ပို့စ်ကို ဖတ်ရတာ တန်တယ်....

    ငါးပါးသီလနဲ့ နတ်သားဖြစ်ရတဲ့ ပို့စ်လေး အရမ်းကောင်းတယ်.... လူသားတွေ လိုက်နာကျင့်သုံး ရမှာပါ။

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ