ဆူးဖြစ်မယ့်အပင် ငယ်ငယ်တည်းက ရှင်းထားတာကောင်းတယ်ဆိုတဲ့ စကားကို ဓမ္မဘေရီဆရာတော်ကြီးဟောတဲ့ အဇာတသတ်အကြောင်းတွေထဲက ကြားဖူးရာကနေစပြီး ဆူးဆိုတာကို ကျွန်တော်သတိပြုမိခဲ့တာပါ။ ငယ်စဉ်တည်းက နွား ကျောင်း၊ ဆိတ်ကျောင်းလာတဲ့ ကျွန်တော့်အတွက် ဆူးဆိုတာ ကိုယ်နဲ့တရင်းတနှီးရှိခဲ့ဖူးပါတယ်။ အန္တရာယ်များတဲ့ ထိုဆူးတွေကို ကျွန်တော်မနှစ်သက်ဘူး။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ်….ဒီဆူးတွေကို ဘယ်သူများ လာချွန်ပေးသလဲ ပေါ့။
တကယ်တော့ ဆူးဆိုတာ မွေးတည်းက အချွန်ပါပြီသားပါပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင် သူလုပ်နိုင်စွမ်းရှိပါတယ်။ သူတော်ပါတယ်။ အားနည်းချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ပေါက်သွားတဲ့နေရာကို ပြန်ပြီး ဖာထေးမပေးတတ်ဘူး။ အဲ့ဒါဆူးပဲ။ ဒါပေမယ့် အပ်ကတော့ ဒီလိုမဟုတ်ဘူး။ သူ့မှာလည်း ချွန်တာလေး ပါတာပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင်လုပ်နိုင်စွမ်းက သူ့မှာလည်းရှိတယ်။ သို့သော် ပေါက်သွားတာကို ပြန်ဖာပေးတတ်သလို ကွဲသွားတာကိုလဲ ပြန်စေ့ပေးတတ်တာ သူ့အရည်အချင်းပါပဲ။ ဆူးကို လူတွေက တွေ့တာနဲ့ ကောက်ပြီး အမှိုက်ကျင်းထဲချကြတယ်။ တံပျက်လှည်းပြီး လူသူဝေးရာမှာ စွန့်ပစ်ကြတယ်။ အပ်ကျတော့ တယုတယ ဗူးလေးတွေနဲ့ သိမ်းထားတတ်ကြတယ်။
လောကမှာ လူဆိုပြီးမွေးလာတည်းက ကိုယ်ပိုင်အရည်အချင်းတွေ၊ စွမ်းရည်သတ္တိတွေစတဲ့ အချွန်လေးတွေ ပါလာတတ်ကြတာချည်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ နို့ဆာနေတဲ့ကလေးငယ်တစ်ယောက်ကို ငိုပြီးနို့တောင်းတတ်အောင် ဘယ်သူကများ သင်ပေးလိုက်သလဲ။ အစာရအောင်ရှာတတ်တဲ့စွမ်းရည် သူ့မှာရှိပါတယ်။ လူမှမဟုတ်ပဲ အခြားသော တိရိစ္ဆာန်တွေမှာလည်း သူတို့ကိုယ်ပိုင် စွမ်းရည်တွေရှိကြတာချည်းပါပဲ။ ဒါပေမယ့် လူနဲ့ အခြားသူ မတူတာက အသိဥာဏ် ပဲဖြစ်ပါတယ်။ ဆင်ကြီးတွေ ခွန်အားတွေကောင်းကြတယ်။ ဆင်လောက် ဘယ်လူမှ ခွန်အားမကောင်းနိုင်ဘူး။ မြင်းတွေ အပြေးသန်ကြတယ်။ မြင်းနဲ့လူပြိုင်ပြေးဖို့တော့ မဖြစ်နိုင်ဘူး။ ငါးတွေ ရေကူးကောင်းကြတယ်။ ငါးလောက်တော့ လူတွေ ကြာရှည်ရေမကူးနိုင်ဘူး။ လင်းယုန်ငှက်တွေ မျက်စိအားကောင်းကြတယ်။ အမြင့်ကနေပြီး မြေပြင်ကသားကောင်ကို ရှာဖွေ နိုင်ကြတယ်။ လူတွေသူ့လောက် အမြင်အားမကောင်းဘူး။
တိရိစ္ဆာန်လောကနဲ့ယှဉ်ပြိုင်ရင် လူဟာ အရှုံးဘက်ကများပါတယ်။ ဒါပေမယ့်လူမှာ ထူးခြားတဲ့အရာတစ်ခုက ဦးနှောက် တနည်းအားဖြင့် အသိဥာဏ်ပဲ။ လူကတိရိစ္ဆာန်ကို အုပ်ချုပ်သွားတာ ဦးနှောက်ပဲ။ ဒါကြောင့် အသိဉာဏ်ဟာ အရေးကြီး တယ်။ အင်အားကောင်းတဲ့ဆင်လည်း ခိုင်းတာပဲ။ အပြေးမြန်တဲ့ မြင်းကိုလည်း လိုအပ်တဲ့နေရာတွေမှာ အသုံးချတာပဲ။ ငါးကိုလည်း ဖမ်းနိုင်တာပါပဲ။ ဒါကြောင့် ခွန်းအားထက် ဉာဏ်အားဟာ အရေးပါတယ်ဆိုတာ အရှင်းသားပေါ်လွင် လာပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်တွေဟာ အတွေးသက်သက်ချည်းမဟုတ်ဘူး။ အနောက်တိုင်းက ဒဿနိ ကတွေဘယ်လောက်ကောင်းတယ်ပြောပြော ဘုရားရှင်ဟောခဲ့တာကို မမှီနိုင်ဘူး။ ဘာကြောင့် လဲဆိုတော့ သူတို့ကတွေး တောကြံဆပြီးပြောတာဖြစ်ပြီး ဘုရားရှင်ပြောကြားခဲ့တာတွေက လက်တွေကျင့်သုံးပြီးမှ ထွက်ပေါ်လာတဲ့ အမှန်တရားတွေ ဖြစ်နေတာကြောင့်ပဲ။
ပညာဥာဏ်ထက်မြက်ဖို့အတွက် မြတ်စွာဘုရားရှင် ပြောခဲ့တာရှိတယ်။ အဲ့ဒါတွေက မှန်မှန်ကန်ကန်မြင်တတ်ဖို့နဲ့ မှန်မှန် ကန်ကန်တွေးတတ်ဖို့ပဲ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နားလည်မှုကို ဘာတွေနဲ့ဖွံ့ဖြိုး အောင်လုပ်ရလဲဆိုတော့ သင်ကြားရတယ်။ နားထောင်ရတယ်၊ လေ့လာရတယ်၊ ဖတ်ရှုရတယ်၊ နှိုင်းယှဉ်ရတယ်။ ဒါကြောင့် ငယ်ငယ်တည်းက ကျောင်းတွေ နေကြရတယ်။ ငယ်ငယ်တုန်းက ကျောင်းသွားပြီးတော့ ပညာသင်ရင်းနဲ့ ပတ်ဝန်းကျင်ကမြင်တာ ကြားတာတွေကို မှတ်သားလာကြတယ်။ ဒီလိုနဲ့ကိုယ်မှာ အမှန်လေးတွေမြင်လာတယ်။ ပညာသင်တယ်ဆိုတာ ဘ၀နဲ့ပတ် သက်ပြီး အမှန်မြင်လာအောင်သင်တာပါပဲ။ ဒီလိုရဖို့အတွက် မှန်းကန်သောတွေးခေါ်မှုလိုတယ်။ စာကျက်တာတောင်မှ နည်းစနစ်တွေကို သူတစ်ပါးစီကရော ကိုယ့်ဆီကရော ယူရတာပဲ။ အလုပ်တစ်ခုမလုပ်ခင်မှာ စတင်ပြီးတွေးရတယ်။ ဒါတွေဟာ ကိုယ့်သန္တာန်မှာ ရှိတာတွေပါပဲ။ အမှန်မြင်တာနဲ့ အမှန်တွေးတာတွေ တိုးတက်လာရင် တိရိစ္ဆာန်တွေကို အုပ်ချုပ် နိုင်တဲ့ စွမ်းရည်တင်မကပဲ၊ ကိုယ့်ကိုယ်ကို ပုံစံဖော်နိုင်တဲ့ စွမ်းရည်သတ္တိပါရလာနိုင်ပါတယ်။ ကိုယ့်ဘ၀ရဲ့ ဗိသုကာဟာ ကိုယ်ပဲ ဆိုတဲ့စကားလည်းရှိတာပဲလေ။ ဘ၀ကို တိုးတက်လာအောင်၊ ဆုတ်ယုတ်သွားအောင် ကိုယ်တိုင်ပဲ ဖန်တီးကြတာပါ။
ရွဲကုန်သည်ဘ၀က ရှင်ဒေ၀ဒတ်အလောင်းတော်ဟာ သူအစပျိုးခဲ့မိတဲ့ ဒေါသအာဃာတ တရားတွေကြောင့် သူ့ဘ၀ပုံစံ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ်။ မြတ်စွာဘုရားအလောင်းတော်နဲ့ ကြုံတဲ့ဘ၀တိုင်းမှာ ဘုရားအလောင်းတော်ကို ဖျက်စီးတဲ့ သူအဖြစ်နဲ့ သူ့ဘ၀ကို ပုံဖော်ခဲ့တယ်။ ဒါကြောင့်ပဲ ဖျက်စီးတဲ့သူ့တစ်ယောက်အတွက် အပျက်အစီးတွေကိုပဲ သူပိုင်ခဲ့တာပါ။ ဒါပေမယ့် ရှင်ဒေ၀ဒတ်ကြီးမြေမမြိုခင်မှာ ဘုရားရှင်ကို တောင်းပန်ဝန်ချ ကန်တော့ခဲ့တာဟာ သန္တိသုခကို ပိုင်ဆိုင်ဖို့ မျိုးစေ့ချခဲ့လိုက်တာပါပဲ။ အဲ့သလိုကောင်းတာလေးတစ်ခု အစပြုခဲ့မိတာဟာ တစ်ချိန်မှာ ပစ္စေကဗုဒ္ဓဖြစ်ဖို့ ပုံဖော်လိုက်တာပဲ လို့ မြင်မိပါတယ်။ အရှင်ဒေ၀ဒတ်နဲ့ ပေါင်းမိခဲ့တဲ့ အဇာတသတ်ဘုရင်ကြီးလည်း ဖခင်ကို ပြန်သတ်ပြီး နန်းလုမိတဲ့ အဖြစ်နဲ့ ဘ၀ကို ပုံဖော်ခဲ့တာပါပဲ။ သို့သော် မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလဒေသနာတော်ကို နာကြားလိုက်ရတဲ့အချိန်မှာ သူလည်း ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြန်ပါတယ်။ မှားမိသမျှ ၀န်ချတောင်းပန်ပြီး အမှန်လမ်းလျှောက်လှမ်းကာ ကောင်း သောလူသားတစ်ဦးအဖြစ် ဘ၀ကို ပုံဖော်နိုင်ခဲ့ပါတယ်။
ဒါတွေကိုကြည့်လိုက်တော့ ဘ၀ဆိုတာ ကိုယ်ပုံဖော်ရင် ဖော်သလိုဖြစ်နေတာပါပဲလားလို့ မြင်လာပါတယ်။ ကောင်းချင်ရင် ကောင်းအောင် လုပ်နိုင်သလို မကောင်းချင်ရင်လည်း မကောင်းအောင်လုပ်နိုင်တာပါပဲ။ ဒါဟာ လူသားတစ်ယောက်ရဲ့ စွမ်း ရည်ပဲ။ လူတိုင်းမှာ ချွန်တာပါတယ်ဆိုတာ ဒါပါပဲ။ တစ်ချို့က ဆူးအဖြစ်နဲ့ ချွန်ကြတယ်။ တစ်ချို့က အပ်အဖြစ်နဲ့ ချွန်ကြ တယ်။ ဆူးရဲ့ဘ၀က ပရမ်းပတာနဲ့ နဖားမပါတဲ့ဘ၀မို့ ဖောက်တဲ့အလုပ်ပဲ သူလုပ်နိုင်တယ်။ ပြန်လည်ကောင်းမွန်အောင် တည်ဆောက်ရတဲ့အလုပ်ကို မလုပ်နိုင်ခဲ့ဘူး။ အပ်ကတော့ နဖားပါတယ်။ ဒါကြောင့်တည်ဆောက်နိုင်တယ်။ တို့လူသား တွေမှာတော့ အမြင်မှန်ကန်ခြင်း၊ အတွေးမှန်ကန်ခြင်းဟာ နဖားပဲ။ သူရှိနေတာကြောင့် သူနဲ့လာသွယ်တဲ့ ကြိုးတွေနဲ့ဆက် စပ်လိုက်ပြီး အဆင်မပြေတာတွေကို ပြေအောင်လုပ်နိုင်တယ်။ ဆိုးနေတာတွေကို ကောင်းအောင်လုပ်နိုင်စွမ်းတယ်။ ဘ၀မှာ ဆူးခင်းသောလမ်း မလျှောက်ရဖို့က ကိုယ်တိုင် ဆူးတွေမခင်းမိဖို့ပဲ လိုတာပါ။
ကောင်းတာကို နားလည်သလောက်လုပ်စမ်းပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်။ သိသလောက်ကျင့် ကျင့်သလောက်သိလာလိမ့်မယ် ဆိုတဲ့ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒစကားကို အမှတ်ရမိပါတယ်။ ကိုယ်ကကောင်းတာတွေကို သိသလောက် ကျင့်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒါမှလည်း လောကအတွက် ဆူးတစ်ချောင်း၊ ဘ၀အတွက် ဆူးတစ်ခက် အနေနဲ့ မဖြစ်စေဘဲ နဖားပါတဲ့အပ်၊ အမြင်မှန်၊ အတွေးမှန်ပါတဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ဘ၀ကို ပုံဖော်နိုင်ကြမှာပါ။
လောကကို အလှဆင်နိုင်ကြပါစေ။
သုခရိပ်
အမှတ်(၁၈)၊ နွယ်သာကီဂျာနယ်တွင် ဖော်ပြပြီးဖြစ်ပါသည်။

မှတ်ချက်။ ။ထေရ၀ါဒလူငယ်များ အသင်းဆိုက်မှ ကူးယူဖော်ပြပါသည်။
ကိုသော်ဇင် ရေ
ဘဝဆိုတာ ကိုယ်ပုံဖော်သလို ရပါတယ်ဆိုတာကိုတော့ ထောက်ခံပါတယ်။
ဟုတ်တယ် ဆူးကတော့ သဘာဝကပေးတဲ့အစွမ်းသတ္တိ တွေပဲပါတာနော်
အပ်ကျတော့ လူတို့တီထွင်ထားလို့ ဆူးထက် အစွမ်းထက်တဲ့ သတ္တိတွေရှိတာပေါ့။
ပညာတွေအများကြီးရတဲ့အတွက် ကျေးဇူးပါရှင်
ဖတ်ပြီးအကျိုးမယုတ်ဘူးဆိုတာ ဒီစာမျိုးကိုပြောတာနေမှာပါ
စာသာမေ၇းတာ ဖတ်ပြီးပညာရမယ့်စာမျိုးတော့တင်တတ်သားပဲဗျ
အင်းခုတစ်လော ဘလောက့် ပေါ်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့တိုက်ခိုက်တဲ့ဘလောက် တစ်ခုကြောင့် စိတ်တွေ နည်းနည်းမတင်မကျဖြစ်နေမိတယ်ဗျ
ဒီဟာလေးကိုဖတ်လိုက်ရတော့လည်း သူ့ ဟာအပျက်အဆီးနဲ့ လာတဲ့လူပါလားဆိုတာယုံကြည်သွားတယ်ဗျာ
ကျေးဇူးကိုသော်ဇင်ရေ ကောင်းတာလေးတွေတင်ပေးဖို့ တောင်းဆိုပါတယ်
ဆူး နဲ့  အပ် တို့ ရဲ့  ကွာခြားပုံ တွေကို ဘုရားဟော နဲ့  ယှဉ်ပြ ရှင်းလင်းပေးထားတာ အလွန် မှတ်သားစရာ အချက်ပါပဲ ။ကျေးဇူးတင်ပါတယ် ကိုသော်ဇင် ရေ ။
တခါတရံမှာ ဆူးလိုကျင့်သုံးရမယ် ။
တခါတရံကျတော့ အပ်လို ကျင့်သုံးရမယ်လို့ လည်း ဆက်ပြီး တွေးမိသွားတယ် ။
အဆိပ်ရှိတဲ့ ဆူး ဆိုတာ သူများ အတွက် အန္တရာယ် ဖြစ်စေပေမဲ့  ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တော့ အသုံးကျမယ် ထင်လို့လေ ။
အပ် ကလည်း ဒီသဘောအတိုင်းပါပဲ ။မကောင်းတဲ့ စိတ်ပေါ်လာရင် နဖါးပေါက် ပါတဲ့ အပ် နဲ့ မှ ထိန်းကွပ်လို့ ရလိမ့်မယ် ။ စိတ်ဆင်ရိုင်းကို ချွန်း နဲ့ ထိန်းသလိုပေါ့ နော်။
( တခု ချွင်းချက် ရှိမယ်ပေါ့ ။ ဆေးထိုးအပ် ။ နဖါးပေါက် မပါဘူး၊သူ့ အပေါက်ကျတော့ တမျိုးလေ။ ...သူကတော့ လူနာတွေ အတွက် အသက်ကယ်ရာမှာ အရေးကြီး ပေမဲ့ ..လွဲမှားတဲ့ နေရာမှာ အသုံးပြုသူများ .. ဥပမာ ဆေးသမား ဖိုးသမားများ ..အတွက် လောကနိဗ္ဗာန် အလား အထင်မှား ၊ အသက်ဝိညဉ်ကြွေစေတဲ့  အရာ တခု ဖြစ်လိမ့်မယ် )
ဒါက ကိုယ့် အယူအဆလေးတွေ အထွန့် တက်ကြည့်မိတာပါ ။
ကိုသော်ဇင့် ဆိုလိုချက် နဲ့ တော့ ဆိုင် မဆိုင် မသိပါဘူး ။
ကိုသော်ဇင် ရော .. ဆူး လို ကျင့်မလား ။ အပ်လို နေမလား ..း)
( စ သလို နောက်သလို နဲ့  အတည်ပေါက်မေးတာ နော် )....
မှန်ပါတယ် ..
ဆူး မှန်းသိရင် သိသိ ခြင်း အနာ ဖြစ်ပြီး ရင်းမလာခင်
နှုတ် ခဲ့ ရမှာပါ။
အပ် လို ကျင့်  ရမယ် ဆို တာလဲ လက္ခံ ပါတယ်။
ပို့ (စ) ကောင်း လေး တစ်ပုဒ် ဖတ်လိုက် ရလို့ 
ကျေးဇူး ညီလေး......