Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)

မေတ္တာဟူသည်

Posted by thawzin Monday, January 18, 2010

“သုခိနောဝ ခေမိနော ဟောန္တု။
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။”
သတ္တ၀ါအားလုံး ကိုယ်ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ၊ စိတ်ချမ်းသာပါစေ…

မေတ္တာဆိုတာက အဘိဓမ္မာ တရားကိုယ် အားဖြင့်တော့ မကြမ်းတမ်း၊ မပြစ်မှားတဲ့ အဒေါသ စေတသိက်ပါပဲ။ ဒါပေမယ့် အဒေါသ စေတသိက်တိုင်း မေတ္တာလို့ မမည်ပြန်ဘူး။ သီလ ဆောက်တည်တဲ့အခါမှာရော အဒေါသ စေတသိက် ပါပဲ။ ဒါနပြုတဲ့အခိုက်မှာလဲ အဒေါသ စေတသိက်ပါပဲ။ မိမိရဲ့ စိတ်အာရုံမှာ သတ္တာတွေအပေါ်ကို မှန်းပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ ပွားနေတဲ့အခိုက်မှာ ဖြစ်တဲ့ အဒေါသ စေတသိက်ကိုသာ မေတ္တာလို့ ခေါ်ပါတယ်။
မေတ္တာတရားကို အပ္ပမညာ တရားလို့လဲ ခေါ်ထိုက်ပါတယ်။ အတိုင်းအတာမရှိ များပြားတဲ့ သတ္တ၀ါတွေကို အာရုံပြုပြီး ပွားများရတဲ့ အပ္ပမညာ ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစရိယ တရား လေးပါးဆိုတာက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတွေဖြစ်ပါတယ်။ ဒီတရားလေးပါးကို ပွားများနေခြင်းဟာ မြင့်မြတ်သောနေခြင်း ဖြစ်လို့ ဗြဟ္မ၀ိဟာရ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ကျင့်တဲ့ တရားမိုလို့ ဗြဟ္မစရိယတရား မြန်မာလိုဆိုရင် ဗြဟ္မစိုရ် တရား လေးပါ ဖြစ်ပါတယ်။
မေတ္တာ ဘာဝနာ မပွားခင် ဒေါသရဲ့ အပြစ်တွေကို ဆင်ခြင်ရမယ်၊ ခန္တီတရားရဲ့ အကျိုးအာနိသင်တွေ ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာပို့တယ်ဆိုတာ ဒေါသကို ပယ်သတ်ပြီး သည်းခံခြင်း အလေ့အကျင့်ကို မွေးမြူတာ ဖြစ်လိုပါပဲ။ အပြစ်အနာအဆာဆိုတာကို သေသေချာချာ မြင်နိုင်ပါမှာ အောင်မြင်စွာ စွန့်လွှတ်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ မေတ္တာသုတ် မှာတော့ မေတ္တာ မပွားခင် ကြိုတင်အားထုတ်ရမယ့် တရား (၁၅)ပါးရှိပါတယ်။ မေတ္တာပုဗ္ဗဘာဂတရား (၁၅)ပါးလို့ ခေါ်ပါတယ်။
လူတစ်ယောက်ကို မေတ္တာ (၄) ခုသာပို့လို့ရပါတယ်။
၁။ အဝေရော ဟောတု (ဘေးရန် ကင်းပါစေ)
၂။ အဗျာ ပဇ္ဇော ဟောတု (ကြောင့်ကြ ကင်းပါစေ)
၃။ အနီဃော ဟောတု (ဆင်းရဲကင်းပါစေ)
၎။ သုခိ အတ္တာနံ ပရိဟရန္တု (ချမ်းချမ်းသာသာ ရှိပါစေ) ဆိုတဲ့ ဤလေး ခုသာ ပို့နိုင်ပါတယ်။
မေတ္တာကို ပို့လို့ ရောက်ပါသလား ဆိုရင် မေတ္တာကို ပို့လို့ ရောက်ပါတယ်။ သုဝဏ္ဏသာမသည် တောတွင်းက တိရစ္ဆာန်တွေအပေါ် မေတ္တာ ပို့နေခြင်း အမှုကို ပြုလုပ်သော ကြောင့် တောတွင်း တိရစ္ဆာန်များနဲ့ အတူနေနိုင်ခဲ့တယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် မေတ္တာဆိုတာ ပို့ရင်ရောက်ပါတယ်။
မေတ္တာပို့သူရဲ့ မေတ္တာကို မတုံ့ပြန်တဲ့သူဟာ ဘာဖြစ်သလဲဆိုရင် ဒုက္ခရောက်တတ်ပါတယ်။ သီလ၊ ဒါန၊ မေတ္တာဘ၀နာ ပွားလေ့ရှိတဲ့ ဗြဟ္မဒတ်မင်းကြီးဟာ အပြစ်ရှိတဲ့ အမတ်တစ်ယောကို နှင်ထုတ်လိုက်ပါတယ်။ ထိုအမတ်သည် ကောသလမင်းထံ ကုန်းတိုက်လိုက်တဲ့အတွက် ကောသလမင်းက ဗြဟ္မဒတ်မင်းနဲ့ အခြားမတ်တွေကို ဖမ်းဆီး ချုပ်နှောင်ထားတယ်။ ဗြဟ္မဒတ်မင်းဟာ ရန်သူကောသလမင်းကို အမျက်မထွက်ပဲ မေတ္တာပွားနေရာက မေတ္တာဈာန်ရှိတယ်။ ထိုမေတ္တာတရားရဲ့ တန်ခိုးအရှိန်ကြောင့် ကောသလမင်းကိုယ်မှာ မီးလောင်မြိုက်သလို ခံစားနေရတယ်။ ကောသလမင်းက ဘာကြောင့်လဲ မေးကြည့်တော့ မှူးမတ်တွေက သီလရှိတဲ့ မေတ္တာရှင် ဗြဟ္မဒတ်မင်းကို ပြစ်မှားမိတဲ့အတွက်အကြောင့်လို့ လျောက်ထားကြတယ်။ ကောသလမင်းလဲ ဗြဟ္မဒတ်မင်းကို ကန်တော့တောင်းပန်ပြီး တိုင်းပြည်ကို ပြန်လည်အပ်နှံလိုက်ရတယ်လို့ သေယျဇတ်မှာ ပြထားပါတယ်။
မိဘက သားသမီးကို ချစ်တာ၊ သားသမီးက မိဘကိုချစ်တာ၊ လင်မယားဆွေမျိုးသားခြင်း ချစ်ကြတာဟာ သံယောဇဉ်မကင်းသော တဏှာချစ်ဖြစ်ပါတယ်။ ကျမ်းဂန်တွေမှာတော့ ဂေဟသိတပေမ= အိမ်မှာမှီတဲ့ အချစ် အိမ်သူ၊ အိမ်သားချစ်လို့ ခေါ်ပါတယ်။ ဒါပေမယ့် မိဘ သားသမီး ညီအစ်ကို မောင်နှမအချင်းချင်း မေတ္တာစစ်နဲ့ မချစ်နိုင်ဘူးလို့တော့ မမှတ်ရဘူး။ အထူးသဖြင့် မိဘက သားသမီးအပေါ် အကျိုးလိုလားနေတာ၊ ကျန်းမာစေလိုတာဟာ အေးမြကြည်လင်သော မေတ္တာပါပဲ။ လိပ်မကြီးဟာ သဲထဲမှာ ဥထားခဲပြီး အဝေးကပဲ မေတ္တာပို့နေလို့ ဥတွေဟာ မပုပ်ပါဘူး ဆိုတယ်။ သားငယ်ကို နို့တိုက်နေတဲ့ မိခင်နွားမကြီးကို မုဆိုးက လှံနဲ့ ထိုးတာ လှံဟာ မစူးပဲ ထန်းရွက်လို ပျော့ခွေသွားပါတယ်တဲ့ ၀ိသုဒ္ဓိမဂ်မှာ ပြထားပါတယ်။ ဒါကြောင့် အိမ်သူ အိမ်သားအချင်းချင်း မေတ္တာစစ်နဲ့ ချစ်နိုင်တယ်လို့ ယူဆရမယ်။
လူအချင်းချင်း ကဲ့ရဲ့ခြင်း ကင်းခြင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ။
ဆင်ရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
တစ်ဦးအပေါ် တစ်ဦး မေတ္တာတွေ ထားနိုင်၊ ပွားနိုင်ကြပါစေ။
ကမ္ဘာလောကကြီးသာယာဖို့အတွက် ကိုယ်စီ အလိုရမ္မက်တွေ လျော့နိုင်ကြပါစေ။
မှတ်ချက်။ ။ မေတ္တာ တရားဆိုင်ရာ အချက်အလတ်တွေကို “မိရိုးဖလာလွန် ဗုဒ္ဓဘာသာ” ဆိုတဲ့ စာအုပ်လေးကနေ ကူးယူပါသည်။ စာအုပ်လေးက အရမ်းကောင်းပါတယ်။ အခုချိန်မှာ သားသမီးဖြစ်နေသူတွေ နောင်တချိန် မိဘနေရာ ၀င်လာပါတော့မယ်။ ထို့အတူ မျိုးဆက်သစ်တွေ မွေးဖွားကြအုံးမည်။ သာသနာ(ဗုဒ္ဓ)မြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ နိုင်ငံမြင့်မည်။ အခြေခံဘာသာ အသိမရှိလျင် အမျိုးဘာသာ သာသနာကို မြတ်နိုး တန်ဖို့ထားဖို့ နားလည်နိုင်မည်မဟုတ်။ ထို့အတူ နိုင်ငံကြီးလဲ စည်ပြောသာယာလာနိုင်မည် မဟုတ်ပေ။ ဤစာအုပ်လေးက မိမိဘာသာကို စစ်မှန်စွာ ကိုးကွယ်ယုံနိုင်လောက်အောင် အသိပေးနိုင်ပါသည်။ ဗုဒ္ဓဘာသာအပေါ်မှာ သံသယလေးတွေ ကင်းနိုင်အောင်လဲ ဖော်ပြပေးထားပါတယ်။ ညအိပ်ယာဝင်ချိန်နီး ဘုရားကန်တော့ရင်း သားသမီးတွေကို မေးခွန်းလေးတွေ ပြန်ဖြေလုပ်လို့ရတဲ့ စာအုပ်ကောင်းလေးပါ။
စာအုပ်က PDF file မရှိလို့ မပေးနိုင်ဘူးဖြစ်နေတယ်။ မြန်မာပြည်မှာ ၀ယ်ယူဆောင်ထားကြပါလို့ တိုက်တွန်းပါရစေဗျာ။


5 comments

  1. မေတ္တာ တရား အကြောင်းလေးဖတ်ပြီး စဉ်းစားနေမိတယ်ဗျာ
    အားလုံး လူတွေမှာပေါ့နော် မေတ္တာစိတ်လေးရှိရင် အရာအားလုံးကပြည့်စုံနေမှာပဲဗျ
    တစ်ဦးနဲ့ တစ်ဦး အမုန်းမပွားပဲနဲ့ ချစ်ချစ်ခင်ခင် နေကျမယ်ဆိုရင် သေကြေဖို့ လည်းမလိုဘူး
    အငြိုးအတေးတွေလည်းရှိမှာမဟုတ်ဘူးနော်

     
  2. မင်္ဂလာပါ ကိုသော် ရေ..

    မေတ္တာတရားဖြင့်သာ အောင်နိုင်ရာ၏
    မေတ္တာထားရင် အမှားမတွေ့ပြီ
    မေတ္တာကဲတော့ အောင်ပွဲရလေပြီ တဲ့။
    မေတ္တာထားတတ်ရင်ဖြင့် ရန်သူတောင်မှ ကိုယ့်မိတ်ဆွေ ဖြစ်သေးတာဘဲလေ။

    အခုလို ဝေမျှ တင်ပြပေးတာ ဖတ်ရလို့ ကျေးဇူးအထူးတင်ပါတယ်။ စာအုပ်လေး soft copy ရှိရင်..တွေ့ရင်ဖြင့် ထပ်မံဝေမျှပါအုံးနော်...

    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  3. ကိုသော်ဇင် ရေ
    ဒါကြောင့် မေတ္တာ သည်သာ အရာရာအောင်မြင် နိုင်သည်လို့ ကျမတို့ ဗုဒ္ဓဘုရားက ဟောထား တော်မူခဲ့တာပေါ့။

     
  4. kiki Says:
  5. ဟုတ်ပါတယ် ကိုသော်ဇင်ရေ..
    မေတ္တာတရားဖြင့်သာ အရာရာကိုအောင်မြင်စေနိုင်ပါတယ် ။

    တဦးမေတ္တာ တဦးမှာ ဆိုတဲ့ သဘောတရား အတိုင်း လူသားအားလုံး မေတ္တာတရား ကိုယ်စီထားနိုင်ကြမယ်ဆိုရင်
    ဒီကမ္ဘာလောကကြီး ဘယ်လောက်များ သာယာအေးချမ်းနေလိုက်ကြမလည်း နော် ။

     
  6. maylay Says:
  7. မောင်လေးရေ မေတ္တာစိတ်လေး ဘယ်နေရာရှိရှိ ရှိတဲ့နေရာ အေးချမ်းနေမှာပဲနော်။ မောင်လေးကို ကျေးဇူးပါနော်။ မောင်လေး ကျန်းမာပျော်ရွှင်ပါစေ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ