Welcome to My Blog

သော်ဇင်(စိန်ပန်းမြေ)


ဒီပို့စ်လေးကို Weekly Eleven News Journal ကနေ ပြန်လည်ကူးယူထားပါသည်။ စာရေးဆရာကတော့ လူထုဦးစိန်ဝင်းပါ။ လူမိုက်နဲ့ လူလိမ္မာ တဲ့။ ပို့စ်လေးက မှတ်သားစရာ ကောင်းလို့ ပြန်လည်မျှဝေခြင်းပါ။ ကျွန်တော်ကတော့ ကော်ပီမန်းတစ်ယောက်ပါ။ ကိုယ်တိုင်မဖေါက်နိုင်သော သာယာဖြောင့်ဖြူးတဲ့လမ်းလေးတွေ ပြချင်တဲ့ လမ်းပြသဘောပါ။

ဒီတစ်ပတ်တော့ “လူလိမ္မာနဲ့ လူမိုက်” အကြောင်းရေးပါမယ်။ မူရင်း အဓိပ္ပါယ်နဲ့ မတူတဲ့ သဘောနဲ့ ပြောလေ့ရှိကြတဲ့ လူလိမ္မာနဲ့ လူမိုက် အကြောင်းပါ။ လှည့်ပတ်ပြောသလိုလို၊ ထေ့ငေါ့ပြောသလိုလိုနဲ့ ပြောတတ်ကြတဲ့အကြောင်းပါ။

မိုက်လိုက်တဲ့မိန်းကလေး
မိန်းကလေးတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံတက္ကသိုလ်ကြီးတစ်ခုက အိုင်တီပညာနဲ့ ပထမဘွဲ့ရခဲ့ပါတယ်။ ဆက်ပြီး မဟာဘွဲ့ယူခဲ့ပါတယ်။ နောက်တစ်ခါ စင်ကာပူနိုင်ငံ လီကွမ်ယုကျောင်းတော်ကြီးမှာ ပြည်သူ့ရေးရာမူဝါဒ(Master of Public Policy) ထပ်တက်ပြီး မဟာဘွဲ့ MPP ရခဲ့ပါတယ်။ သူကျေနပ်လောက်အောင် စာတွေသင်ပြီးတဲ့အခါမှာ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ သူပြန်ရောက်ရောက်ချင်း သူ့သူငယ်ချင်းတွေက “မိုက်လိုက်တာ၊ ဘာဖြစ်လို့ ပြန်လာရတာလဲ။ အင်္ဂလန်မှာ ဆက်နေလိုက်တာမဟုတ်ဘူး” ဆိုပြီး ၀ိုင်းအပြစ်တင်ကြပါတယ်။ ဆွေးမျိုးသားချင်းတွေကလည်း အလားတူအပြစ်တင်ကြတာပါပဲ။ ဒါလောက် အိုင်တီသမားတွေ အတွက် အလုပ်ပေါတဲ့ နိုင်ငံတွေမှာ မလုပ်ဘဲ ဘာကြောင့်များ ပြန်လာရတာလဲလို့ ပြောကြတယ်။

သူလိုငါလိုလူပါပဲ
ဒီမိန်းကလေးဟာ မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့ သူများတွေထက် ပိုရှိသူမဟုတ်ပါဘူး။ မြန်မာမိဘက မွေးတဲ့ မြန်မာမိန်းကလေး တစ်ယောက်မှာရှိတဲ့ သာမန်မြန်မာဆိုတဲ့ စိတ်လောက်ပါပဲ။ အင်္ဂလန်မှာ ပညာသင်ရင်းနဲ့ ဥရောပကိုလည်း သွားလည်ခဲ့တယ်။ အမေရိကန်ဆိုရင် လေးခေါက်တောင်ရောက်ခဲ့တယ်။

အဲဒီလို ရောက်သွားတော့ ဘယ်နိုင်ငံမှ ကိုယ်နိုင်ငံလောက် မကောင်းဘူးဆိုတာသူသိတယ်။ ဒါကြောင့် ပြန်လာခဲ့တာဖြစ်တယ်။ ဒါကိုပဲ လူတွေက မိုက်လိုက်တာလို့ ပြောကြတယ်။ ကမ္ဘာတစ်ခုလုံးမှာ ပညာတတ်တွေ နိုင်ငံခြားထွက်သွားတဲ့ “ဦးနှောက်ယိုစီးမှု” ပြဿနာအကြောင်း လူစုံတိုင်းပြောနေကြချိန်မှာ ကိုယ့်နိုင်ငံကိုယ်ပြန်လာတာကိုပဲ “လူမိုက်” လို့ ခေါ်သူတွေရှိနေတာ စိတ်မကောင်းစရာပဲ။

လူမိုက် အခေါ်ခံဖူးတယ်
အဲဒီမိန်းကလေးက ဘယ်သူတွေ လူမိုက်ခေါ်ခေါ် အလေးမထားပါဘူး။ သူ့ပိုင်းဖြတ်ချက်နဲ့ သူမြန်မာပြည်မှာပဲ နေပြီး လုပ်သင့်တဲ့ အလုပ်ကို လုပ်နေပါတယ်။ သူ့ကို လူမိုက်လို့ ပြောကြဆိုကြတာ ကြားရတော့ ကိုယ်တိုင်လူမိုက် အခေါ်ခံရတာကို ပြန်အမှတ်ရမိတယ်။ အချိန်တန်လို့ အိမ်ပြန်မရောက်တဲ့ တူဖြစ်သူကို ကရုဏာဒေါသောနဲ့ ဦးကြီးဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်းက ပြောခဲ့တာပါ။ “တော်တော်မိုက်တဲ့ကောင်၊ ဘာကြောင့်များ ဒီလောက်ခေါင်းမာနေရတာလဲ” လို့ကြိမ်းမောင်းခဲ့တာပါ။ တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှ သောက်သောက်စားစား လူရမ်းကား မလုပ်ဖူးပါဘူး။ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုပြီး “တစ်ယောက်ချမ်းသာ ကိုယ်ကျိုးရှာ” အလုပ်မျိုးလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။
ကိုယ့်ကြောင့် လူတစ်ဖက်သား မျက်ရည်ပေါက် ကြီးငယ်ကျမယ့် ကိစ္စမျိုးဆို အဝေးကြီးက ရှောင်ခဲ့တာပါ။

သိပ်လိမ္မာတဲ့သား
ဒါတောင် လူမိုက်အခေါ်ခံရသေးတော့ လူလိမ္မာလို့ အခေါ်ခံရသူတွေကို လှမ်းကြည့်လိုက်မိတယ်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက် အလည်လာတဲ့အခါတိုင်း သူ့သားငယ်က သိပ်လိမ္မာ၊ သိပ်သိတတ်ပြီး သားကြီးကတော့ မလိမ္မာဘူး။ သူ့မိန်းမနဲ့ သူ့ကလေးတွေအတွက်ပဲ သိတတ်ပြီး မိဘအပေါ် မသိတတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ သူနေတဲ့ ကွန်ဒိုခန်းက သားဝယ်ပေးတာ၊ ကားလည်း သားဝယ်ပေးတာ၊ လစဉ်အိမ်စရိတ်လည်း သားငယ်ပဲ ပေးတာ။ သားကြီးကဖြင့် ပေးဖို့နေနေသာသာ အမေ့ဆီကတောင် လာလာလက်ဖြန့်သေးတယ် လို့ပြောလေ့ရှိတယ်။ သူက မုဆိုးမ ပင်စင်စား ကထိကဟောင်းပါ။ “သားငယ်က သိပ်လိမ္မာတာ” ဆိုတဲ့ စကားသူ့ပါးစပ်ဖျားက မချတော့ပါဘူး။

မလိမ္မာတဲ့သား
သူ့သားက အရာရှိငယ်လေးတစ်ယောက်ပါ။ မိန်းမရယ် သားနှစ်ယောက်ရယ်နဲ့ ဦးဝိစာရလမ်းမှာ နေပြီး မိန်းမက ရွှေဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ သားကြီးကလည်း ဌာန တစ်ခုက အရာရှိငယ်တစ်ဦးဖြစ်ပြီး မိန်းမက အထက်တန်းပြ ဆရာမ လုပ်ပါတယ်။ ကလေး လေးယောက်နဲ့မို့ ချောင်ချောင်လည်လည် မရှိလှဘူးလို့ ဆိုပါတယ်။ လစဉ်လို အမေအိမ်လာလာနှိုက်နေတာပဲ လို့ပြောပြပါတယ်။ “သားကြီးက မလိမ္မာဘူး။ သားငယ်လို အရှာအဖွေ မတတ်တော့ ဆင်းရဲတာပေါ့” လို့ ကောက်ချက်ချတယ်။ “သားရော ချွေးမရောက မိုက်တယ်။ ရတဲ့လခလေးနဲ့ မလောက်လည်း ဒီတိုင်းနေကြတာ။ ဘာအပူအပင်မှ မရှိကြဘူး။ ဘာအကြံအစည်မှလည်း မလုပ်တတ်ကြဘူး။ တကယ်ကို အကြံတုံးဉာဏ်တုံးတွေ။ မြေးလေးတွေကို သနားတော့ ဒီအမေပဲ ကြည့်နေရတယ်။”

ခေါင်းမှာ ချာချာလည်
သူ့သားနှစ်ယောက်ရဲ့ ရာထူး အဆင့်အတန်းချင်းက အတူတူမို့ လခကွာလှမယ် မဟုတ်ပါဘူး။ သားကြီးက ဆင်းရဲပြီး သားငယ်က ဘာကြောင့် ချမ်းသာနေတာလဲ။ ရှာတတ်ဖွေတတ်သူက သားလိမ္မာဖြစ်ပြီး မရှာတတ်မဖွေတတ်သူက သားမိုက်ဖြစ်ရသလား။ ကတိကလုပ်ခဲ့တဲ့ အမေက သားငယ်ဘယ်လို ရှာဖွေပြီး သူ့ကိုထောက်နေတာလဲဆိုတာ စဉ်းစားမကြည့်ဘူးလား။ ဒီသား နှစ်ယောက်မှာ ဘယ်သူက လိမ္မာပြီး ဘယ်သူက မိုက်မဲတာလဲ။ အမေကို ကောင်းကောင်း လုပ်ကျွေးသမှုပြုနေတဲ့ သားငယ်ကို ချီးကျူးရမှာလား။ အမေဆီက လာလာနှိုက်နေတဲ့သားကြီးကို လူမိုက်ဆိုပြီး အပြစ်တင်ရမှာလား ။ ခေါင်းထဲမှာ ချာချာလည်အောင်စဉ်းစားနေမိပါတော့တယ်။

မိုးခါးရေ အတူသောက်ရမှာလား
လူမိုက်လို့ပြောသလို လူအများကလည်း မိုက်တယ်လို့ ပြောကြမှာ သေချာတယ်။ နိုင်ငံခြားမှာ ပညာသင်ပြီး မြန်မာပြည် ပြန်လာတဲ့ မိန်းကလေးကိုလည်း အများက မိုက်လိုက်တာ လို့ပြောကြတာပဲလေ။ “အများ မိုးခါးရေသောက်နေတာ ကိုယ်တစ်ယောက်တည်းမသောက်ရင် လူမိုက်ပဲပေါ့” ဆိုတဲ့ အသံတွေလည်း ညံနေအောင် ကြားခဲ့ဖူးတယ်။ လူတွေအများစုကြီးမှာ ဒီလိုအတွေးအခေါ်မျိုး၊ ဒီလိုစိတ်ဓါတ်မျိုးဝင်ရောက် အမြစ်တွယ်နေကြပြီးလား။ လူနည်းစုလောက်မှာပဲ ဒီလို ဖြစ်နေတာလား၊ စစ်တမ်းကောက်ယူကြည့်သင့်နေပြီးထင်မိတယ်။

ဒီလူမျိုးကို လူမိုက်ခေါ်ကြရင်လည်း မတုန်မလှုပ် အခေါ်ခံရဲကြစေချင်တယ်။ ဒါကြောင့်လူမိုက်တွေများများ လိုတယ်လို့ကြေငြာမောင်းခတ်ခေါ်လိုက်ချင်ပါတယ်။
ကျွန်တော်လဲ လူမိုက်များကို ကြိုဆိုချင်ပါသည်။

4 comments

  1. kiki Says:
  2. တချို့ က မိုက်မှ ကြိုက်တာလေ ...
    ဒီမင်းသား ပုံစံလေးကတယ်မိုက်ပါလား ဆိုတာ ကတော့ ကောင်းသောမိုက်ခြင်းပေါ့ ။
    လမ်းမှန်လျှောက်တာ နဲ့  လိမ္မာ တာ ကတော့ အမြဲတမ်း တထပ်တည်း ကျချင်မှ ကျလိမ့်မယ် လို့ ထင်ပါတယ် ။
    လုပ်ချင်တာကို စွတ်လုပ်ပေမဲ့  ဘယ်သူ့ မှ မထိခိုက်ရင်လည်း မိုက်တယ် မမည်ဘူးလို့ ထင်ပါတယ် ။
    မိဘကို ဒုက္ခပေးသူ ကတော့ ၊ သူ့ ဟာသူ ဘယ်လောက် လမ်းမှန်လျှောက်နေနေ တကဲ့  အမိုက်အမဲ ပါပဲလေ ...
    ကဲ... ကိုသောရော .. ဘယ်လို လူမိုက်မျိုးကို ကြိုဆို မလည်း .. .. ရှင်းရှင်းပြောနော် ..

     
  3. မင်္ဂလာပါ ကိုသော်ရေ..

    လူမိုက်များကို တော့ ကြိုဆိုပါသည်။ ကျနော် ကိုယ်တိုင် လူမိုက် မဖြစ်ချင်ပါ။ (နိုင်ငံခြားမှာ ပညာသင်ပြီး ဘွဲ့ရ.. အမိနိုင်ငံကို ပြန်ပြီး လက်ဆင့်ကမ်း ရမယ့် အလုပ်ကို မလုပ်ဖြစ်သေးလို့ ကျနော် လူလိမ္မာ လား..လူမိုက်လား မသေချာသေးပါ)။ လောလော ဆယ်တော့ လူမိုက် မဖြစ်ချင် သေးပါ ဗျာ...


    ခင်မင်စွာဖြင့်
    ကိုမျိုး

     
  4. Dream Says:
  5. တန်ဖိုးရှိတဲ့ ပို့စ်လေးနဲ့ဆုံးမခံရတာ တန်တယ်ဗျာ...

    ကိုယ့်ကိုကိုယ်တော့ လူမိုက်လား လူလိမ္မာလား ခွဲခြားတော့ မသိသေးဘူး ... ဒါပေမယ့် လူဆိုးတစ်ယောက်မဖြစ်အောင်တော့ နေရတာပဲ။

    ကောင်းသောမိုက်ခြင်းနဲ့ မိုက်ချင်တယ်။ အဟီးးး

    လူတွေရဲ့ အပြောမှာ ဘယ်လိုနေနေ မလွတ်ပါဘူး ကွယ်.....

     
  6. neking Says:
  7. အော်...မိုက်တတ်ပါပေ့ကွယ်..
    ကျွန်တော်လဲမိုက်တာပဲ

     

Myanmar Date&Month

နှုတ်ဆက်ခဲ့ပါ